About Me

header ads

[ INTERVIEW ] ဒေါက်တာမောင်ဇာနည်နဲ့BVJရုပ်သံအင်တာဗျူး


 
"သူတို့(ရိုဟင်ဂျာ)ဇာတိမှာပြန်ပြီးတော့ လုံလုံခြုံခြုံနဲ့ဘဝကိုပြန်လည်ထူထောင်ဖို့ မဖြစ်နိုင်ဘူးဆိုတာက အဲ့ဒီနေရာတွေကို အခု အေအေက ထိန်းချုပ်သွားပြီလေ"
---
BVJ_နိုဝင်ဘာ ၂၅၊ ၂၀၂၆
ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း နိုဝင်ဘာလ ၁၉ ရက်နေ့က နိုင်ငံတကာတရားရုံး (ICJ) ရဲ့စီရင်ချက်နဲ့ ပတ်သက်ပြီး ICJ က ဘာကြောင့် အခုလိုဆုံးဖြတ်ခဲ့တာလဲ။ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ နီးစပ်လာပြီလား။ နိုင်ငံတကာမှာ လက်တွေ့အရေးယူဖို့ ဘယ်လိုယန္တရားတွေ ရှိနေသလဲဆိုတာတွေကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သုတေသီ ဒေါက်တာမောင်ဇာနည်နဲ့ မေးမြန်းထားပါတယ်။

ရုပ်သံအင်တာဗျူးကို ကြည့်ရှုနားဆင်ချင်တယ်ဆိုရင်တော့ ဒီလင့်
https://youtu.be/V8PswSDsenY ကိုနှိပ်ပြီးကြည့်ရှုနိုင်ပါတယ်။
---
BVJ ။ ။ ကျွန်တော့်အနေနဲ့ ပထမဆုံးမေးချင်တာက အခု အိုင်စီဂျေ (ICJ) ရဲ့ စီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက် အင်မတန်မှ အရေးကြီးပေမဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်တဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဘဝတွေကိုတော့ ချက်ချင်းပြောင်းလဲသွားစေမှာ မဟုတ်ဘူးလို့ ဒေါက်တာဇာနည်က နိုင်ငံခြားသတင်းဌာနတစ်ခုမှာ ပြောထားတာ တွေ့ရပါတယ်။ ဒီအချက်ကို ပရိသတ်တွေ ပိုပြီးရှင်းရှင်းလင်းလင်း နားလည်အောင် ပြန်ရှင်းပြပေးပါဦး။

ဒေါက်တာမောင်ဇာနည် ။ ။ ဂျီနိုဆိုက် (Genocide) ဥပဒေရဲ့ သမိုင်းကြောင်းကို ကြည့်ရင် (၇၈) နှစ် ရှိသွားပြီပေါ့နော်။ ၁၉၄၈ ခုနှစ်၊ ကျွန်တော်တို့ မြန်မာပြည် လွတ်လပ်ရေးရပြီး ၉ လ ၁၀ လလောက်အကြာမှာ စပေါ်လာတဲ့ ဥပဒေပေါ့။ ဒီဥပဒေရဲ့ သမိုင်းမှာ မြန်မာပြည်က ပထမဦးဆုံးအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံထဲမှာ နာဇီဂျာမနီပုံစံမျိုးနဲ့ သတ်မှတ်ခံရတဲ့ အနေအထားမျိုး ဖြစ်လာတယ်လို့ ပြောလို့ရပါတယ်။

ပြည်သူတွေက တစ်ကဏ္ဍပေါ့၊ ဘယ်လိုလဲဆိုတော့ ရိုဟင်ဂျာတွေရဲ့ ဘဝအနေအထားကို ချက်ချင်းမပြောင်းလဲနိုင်သေးပါဘူး။ မြန်မာပြည်ထဲမှာဆိုရင်လည်း သန်းတစ်ဝက်လောက် ကျန်ခဲ့မှာပေါ့။ အရင်တုန်းက ဦးခင်ရီတို့၊ ဗိုလ်ချုပ်သိန်းစိန်တို့ခေတ်က မြန်မာပြည်ထဲမှာ ရိုဟင်ဂျာ နှစ်သန်းကျော်ရှိတယ်လို့ သူတို့ကိုယ်တိုင် တရားဝင် ပြောထားဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရမတက်လာခင်မှာ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဖြစ်ခဲ့တဲ့ (အရရင်တုန်းက ရဲချုပ်၊ ဗိုလ်ချုပ်ခင်ညွန့်ရဲ့တပည့် ထောက်လှမ်းရေးဘက်က) လက်ရှိ USDP က ဦးခင်ရီ ကိုယ်တိုင်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ (သူတို့ခေါ်တာကတော့ ဘင်္ဂါလီပေါ့၊ ဒါပေမဲ့ တကယ့်နာမည်က ရိုဟင်ဂျာပါ) နှစ်သန်းကျော် ရှိတယ်လို့ တရားဝင် ထုတ်ပြန်သွားခဲ့ဖူးပါတယ်။

အဲဒီထဲကမှ အခု အေအေ (AA) တပ်ဖွဲ့ ထန်းချုပ်ထိန်းချုပ်ထားတဲ့ စစ်ရေးအရ ကိုင်ထားတဲ့ ရိုဟင်ဂျာနယ်မြေတွေမှာ ငါးသိန်းလောက်ပဲ ကျန်တော့ပြီး တစ်သန်းခွဲလောက်က အပြင်ကို ရောက်သွားတာကို ပြောတာပါ။ သူတို့ပြန်ရမယ့် ဇာတိဌာနေ ဘူးသီတောင်၊ မောင်တောမှာဆိုရင် အရင်က ရွာပေါင်း ၉၀၀ လောက်ရှိတဲ့အထဲက ရွာပေါင်း ၃၈၀ လောက်ကို ၂၀၁၆ နဲ့ ၂၀၁၇ နှစ်နှစ်အတွင်းမှာ မီးရှို့ဖျက်ဆီးပစ်ခဲ့ကြတယ်။ တပ်က ဘူဒိုဇာတွေနဲ့ ထိုးဖျက်ခဲ့တာပေါ့။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ (NLD) အရပ်သား ရွေးကောက်ပွဲနိုင် အစိုးရလက်ထက် ဖြစ်ပါတယ်။ အန်အယ်လ်ဒီအစိုးရက တပ်ကို ထန်းချုပ်နိုင် မထိန်းချုပ်နိုင်တာက တစ်ကဏ္ဍပေါ့၊ ဒါပေမဲ့ နိုင်ငံရဲ့မျက်နှာဖုံး နိုင်ငံရေးကိစ္စကို ကိုင်သွားတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအစိုးရ ဖြစ်ပါတယ်။

သူတို့အနေနဲ့ ဇာတိမြေကို ပြန်နိုင်မလားဆိုရင် ဒီတရားရုံးရဲ့ ချမှတ်မှုအရ ပြန်တော့ပြန်ရမှာပေါ့။ ဒါပေမဲ့ ကိုယ့်ဇာတိမှာ လုံလုံခြုံခြုံနဲ့ ဘဝကို ပြန်လည်ထူထောင်ဖို့ဆိုတာက အဲဒီဒေသတွေကို အေအေ (AA) က ထိန်းချုပ်သွားပြီလေ။ အိုင်စီဂျေ (ICJ) ရဲ့ ပြောချက်မှာ အေအေကို ထည့်မပြောသွားဘူး၊ ဘာလို့ဆို အဲဒီတုန်းက အေအေက အဲဒီမှာ မရှိသေးလို့ပါ။ အိုင်စီဂျေရဲ့ မှုခင်းသုံးသပ်မှုနဲ့ တရားစီရင်မှုက ၂၀၁၆-၁၇ နှစ်နှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ ရွာမီးရှို့မှုတွေ၊ မုဒိန်းကျင့်မှုတွေနဲ့ ထွက်ပြေးအောင်လုပ်တာ၊ ထွက်ပြေးတဲ့သူတွေကို လိုက်သတ်တာလောက်ကိုပဲ အဓိကထားပါတယ်။ အဲဒီတော့ တရားဥပဒေအရ ဆွေးနွေးမှုစကားဝိုင်းထဲမှာ အေအေ မပါဘူး၊ မြန်မာနိုင်ငံတော်ကိုပဲ အဓိကထားပြီး ပြောတာဖြစ်ပါတယ်။

တကယ်တမ်းပြောရရင် ICJ ရဲ့ ဆုံးဖြတ်ချက်အမိန့်ကို အကောင်အထည်ဖော်နိုင်မယ့် (Enforceable power) အင်အားက ICJ မှာ မရှိပါဘူး။ အဲဒီအင်အားရှိတာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဖြစ်ပါတယ်။

BVJ ။ ။ ယူကေက တကယ်လို့ လုံခြုံရေးကောင်စီကို တင်မယ်ဆိုရင်တောင် အရင်က ဗီတိုအာဏာနဲ့ ပယ်ချနေကျက တရုတ်နဲ့ ရုရှားပဲ ရှိတာပေါ့။ အခုက အမေရိကန်ဘက်ကပါ တိုးလာတဲ့ သဘောရှိတာပေါ့။
ဒေါက်တာမောင်ဇာနည် ။ ။ ဟုတ်တယ်၊ အဲလိုမျိုး ဖြစ်လာနိုင်တယ်။ ဘာလို့ဆို အမေရိကန်က လက်ရှိ ဒုတိယအကြိမ် တက်လာတဲ့ ဒေါ်နယ်ထရန့်က ပထမအကြိမ်တုန်းကနဲ့ တောင် မတူတော့ဘူး။ ၁၉ရာစုလိုမျိုး အနိုင်ကျင့်တဲ့ ကိုလိုနီပုံစံမျိုးနဲ့ သွားနေတယ်။ ဥပမာ- ဗင်နီဇွဲလား သမ္မတကို ပြန်ပေးဆွဲပြီး ဒုတိယသမ္မတကို ရုပ်သေးလိုတင်ကာ ထွက်လာတဲ့ ရေနံတွေကို ၅၀ ရာခိုင်နှုန်းကျော် အမြတ်ထုတ်ယူတာမျိုးတွေ လုပ်တယ်လေ။ ကျူးဘားကိုလည်း တိုက်မယ်ပြောတယ်၊ ဂရင်းလန်းကိုလည်း ဝင်လုပ်မယ်ပြောတယ်။

ဘိုင်ဒန်လက်ထက်တုန်းကဆိုရင် "Burma Act" ဆိုတာ ထွက်လာခဲ့တယ်။ အဲဒါက စစ်ရေးအရ လက်နက်မပေးတာကလွဲလို့ မြန်မာပြည်က ဒီမိုကရေစီ အရေးတော်ပုံ လုပ်နေတဲ့အဖွဲ့တွေကို အမေရိကန်က ဥပဒေထုတ်ပြီး ကူညီရမယ်ဆိုတဲ့ သဘောပါ။ သမ္မတတစ်ယောက် တက်လာတာနဲ့ နိုင်ငံခြားရေးမူဝါဒက ပြောင်းလို့ရပေမဲ့ ဥပဒေအရ သတ်မှတ်သွားတာက အစိုးရပြောင်းတာနဲ့ ချက်ချင်းပြောင်းလို့မရအောင် ဘိုင်ဒန်တို့ဘက်က လုပ်သွားခဲ့တာပါ။ ဒါပေမဲ့ ဒေါ်နယ်ထရန့်ကတော့ အမေရိကန်ရဲ့ ပြည်တွင်းဥပဒေကိုရော၊ အခြေခံဥပဒေကိုရော၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကိုပါ မလိုက်နာတဲ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုပါ ဂရုမစိုက်ဘဲ သူလုပ်ချင်တာ သူလုပ်နေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတောင် ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြီး ICJ ရဲ့ စီရင်ချက်ကို သူတို့လက်မခံဘူးလို့ ပြောလာတယ်။ ဒါပေမဲ့ ဒီကနေ့ ICJ ရဲ့ ဆုံးဖြတ်ချက်မှာတော့ တရားသူကြီး (၁၅) ယောက်ထဲက (၉) ယောက်က အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို လုံးဝဂရုမစိုက်ဘဲ သူတို့ရဲ့ ပညာရှင်ဆိုလိုချက်အတိုင်း လွတ်လပ်စွာ ဆုံးဖြတ်ချမှတ်သွားကြတာ ဖြစ်ပါတယ်။

BVJ ။ ။ ကျွန်တော် ဆက်မေးချင်တာက အခု ICJ ရဲ့ ဆုံးဖြတ်ချက်က သင်္ကေတသဘော (Symbolic) သက်သက်ပဲ ဖြစ်ပြီး လက်တွေ့အရေးယူဖို့ ခက်ခဲတယ်လို့ ဝေဖန်နေကြတာတွေ ရှိပါတယ်။ တစ်ဖက်မှာလည်း ဒီဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းမှာ တရားဝင်အစိုးရတစ်ရပ်အနေနဲ့ ရပ်တည်လို့မရအောင် တရားဥပဒေနဲ့ အပြီးတိုင် ချုပ်နှောင်လိုက်တဲ့ ဥပဒေလက်နက်ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒီအပေါ်မှာ ကိုဇာနည်ရဲ့ သဘောထားအမြင်လေး ပြောပြပေးပါဦး။
ဒေါက်တာမောင်ဇာနည် ။ ။ Symbolic လို့ခေါ်တဲ့ သင်္ကေတအဆင့်ပဲ တန်ဖိုးရှိတယ်ဆိုတာကိုတော့ ကျွန်တော် လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ ဒီကိစ္စက ဒုတိယကမ္ဘာစစ်ကြီးပြီးမှ ပေါ်လာတဲ့ တရားဥပဒေသမိုင်းနဲ့ ဆက်စပ်နေပါတယ်။ နာဇီခေါင်းဆောင်တွေကို စစ်ခုံရုံးတင်ပြီး အပြစ်ပေးခဲ့တာတို့၊ တိုကျိုစစ်ခုံရုံးမှာ ဖက်ဆစ်ခေါင်းဆောင်တွေကို အပြစ်ပေးခဲ့တာတို့ကစတာပေါ့။ ၁၉၄၈ ခုနှစ်မှာ ဂျီနိုဆိုက် ကွန်ဗန်းရှင်း (Genocide Convention) ပေါ်လာတယ်။

ဒီကိစ္စက ရိုဟင်ဂျာတွေ ဇာတိမြေကို ပြန်နိုင်မလား၊ မပြန်နိုင်ဘူးလားဆိုတာထက် အများကြီး ပိုပြီးအရေးကြီးပါတယ်။ ကမ္ဘာ့ဥပဒေပညာရှင် လောကမှာရော၊ အက်တစ်ဗစ် (Activist) လောကမှာပါ ဒါကို အလွန်ကောင်းတဲ့ ဖြစ်ရပ်ကြီးတစ်ခုလို့ လူအများစုက သုံးသပ်ကြပါတယ်။ ကျွန်တော်လည်း အဲဒီအထဲမှာ ပါတယ်။ ဘာလို့လဲဆိုတော့ အခုကမ္ဘာကြီးက ကြီးနိုင်ငယ်ညှင်းဆိုတဲ့ တောရိုင်းတိရစ္ဆာန်တွေလို ဖြစ်နေတဲ့ ၁၆၊ ၁၇၊ ၁၈၊ ၁၉ ရာစုက ကိုလိုနီခေတ်ပုံစံမျိုးဆီကို အနောက်နိုင်ငံတွေက ပြန်သွားနေကြတာပါ။ မြန်မာတွေအနေနဲ့ ဒါကို အလေးပေးသင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံလည်း အင်္ဂလိပ်ကို နှစ်တစ်ရာကျော် ကျွန်ခံခဲ့ရဖူးတယ်။

အခုလို ကြီးနိုင်ငယ်ညှင်း လူသားမဆန်တဲ့ တောရိုင်းဥပဒေစိုးမိုးတဲ့ ကမ္ဘာကြီးဆီ ပြန်သွားနေပြီး နျူကလီးယားဗုံးရှိတဲ့နိုင်ငံတွေက အနိုင်ကျင့်နေတဲ့ ကာလကြီးမှာ ICJ က အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို ခံနေရတဲ့ကြားထဲကနေ ဥပဒေရဲ့အရေးပါမှုကို ပြန်ပြီး ရပ်တည်ပြသသွားနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စအတွက် ICJ ကို ကျွန်တော် အလွန်တရာ ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့ရဲ့ သားသမီးမြေးတွေကို အဲဒီလို တောရိုင်းတိရစ္ဆာန်လောကကြီးထဲမှာ ထားခဲ့မှာလား၊ ဒါမှမဟုတ် တရားဥပဒေနဲ့ တရားမျှတမှုကို လိုလားတဲ့ ကမ္ဘာ့စနစ်ကြီးကိုပဲ ထူထောင်ချင်ကြတာလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ တစ်ဖက်မှာလည်း ဆူဒန်ဂျီနိုဆိုက်မှာ UAE က ဝင်လုပ်နေတာ၊ ယီမင်မှာ ဆော်ဒီက အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်တို့ရဲ့ လက်နက်အကူအညီနဲ့ လုပ်နေတာ၊ ရုရှားရဲ့ ယူကရိန်းအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေနဲ့ ယှဉ်ရင် ICJ မှာ ဂျီနိုဆိုက်အမှု သုံးလေးခုလောက် ရှိနေတဲ့အထဲမှာ ရိုဟင်ဂျာအမှုက ရှေ့ကနေ ဦးဆောင် ပေါက်ထွက်လာတယ်လို့ ပြောရမှာပါ။

တရားဥပဒေဆိုတာ နိုင်ငံရေးနဲ့ ကင်းလွတ်လို့တော့ မရပါဘူး။ ဒါပေမဲ့ အင်အားကြီးနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ အရမ်းများလာရင်တော့ အဲဒါ တရားဥပဒေ မဟုတ်တော့ဘဲ အင်အားကြီးသူတွေရဲ့ ပုဆိန်ရိုး သက်သက်ဖြစ်သွားပါလိမ့်မယ်။ အခု ICJ က လုပ်လိုက်တာကတော့ ဒုက္ခရောက်နေတဲ့၊ အဖိနှိပ်ခံနေရတဲ့ လူတွေဘက်ကနေ ဥပဒေကိုသုံးပြီး ရပ်တည်ပေးလိုက်တာ ဖြစ်တဲ့အတွက် သင်္ကေတထက် အများကြီး ပိုပါတယ်။

BVJ ။ ။ စစ်ကောင်စီဘက်ကလည်း ဒီစီရင်ချက်ကို ကန့်ကွက်ထားတာတွေ ရှိပါတယ်။ အဲဒီတရားရုံးအမိန့်တွေ လက်တွေ့ အသက်ဝင်လာဖို့အတွက်ရော နိုင်ငံတကာမှာ ဘယ်လိုယန္တရားတွေ ရှိပါသလဲ။
ဒေါက်တာမောင်ဇာနည် ။ ။ ICJ ရဲ့ ဆုံးဖြတ်ချက်တွေကို အနောက်ကနေ ကျောထောက်နောက်ခံပြုပြီး အကောင်အထည်ဖော်ပေးရမှာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗီတိုအာဏာကိုင်ထားတဲ့နိုင်ငံတွေရဲ့ သဘောအတိုင်း ဖြစ်နေတာကြောင့် ကမ္ဘာ့ပြည်သူတွေအတွက် သုံးစားလို့မရတဲ့ အဖွဲ့ကြီးတစ်ခု ဖြစ်နေပါပြီ။

အဲဒီလမ်းကြောင်းက သွားလို့မရဘူးဆိုရင် နောက်တစ်ဆင့်နိမ့်တဲ့ ယန္တရားကတော့ အာဂျင်တီးနားနိုင်ငံလို တရားရုံးမျိုးတွေ ရှိပါတယ်။ ဥပမာ- မင်းအောင်လှိုင်နဲ့ တပ်ချုပ်၊ စစ်ခေါင်းဆောင်တွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားပြီးသား ဖြစ်ပါတယ်။ အိုင်စီစီ (ICC) ကတော့ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ထားတာမျိုး တရားဝင် မရှိသေးပေမဲ့လို့ ICJ က နိုင်ငံအချင်းချင်း ဥပဒေပဋိပက္ခဖြစ်တာကို ကိုင်တွယ်ရင်းကနေ တစ်ဦးချင်း ရာဇဝတ်မှုကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူမယ့် အိုင်စီစီ (ICC) ဆီကိုပါ လမ်းဖွင့်ပေးလိုက်တယ်လို့ ပြောလို့ရပါတယ်။

BVJ ။ ။ အိုင်စီစီ (ICC) ရဲ့ လမ်းကြောင်းက ပိုပြီး အရှိန်မြင့်သွားမယ့် သဘောပေါ့။
ဒေါက်တာမောင်ဇာနည် ။ ။ ဟုတ်တယ်၊ လမ်းပွင့်သွားတာပေါ့။ ICJ ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဂျပန်တရားသူကြီးချုပ် ပြောသွားတဲ့ထဲမှာ "Superior Responsibility" (သို့မဟုတ်) စစ်ရေးအရ "Command Responsibility" ဆိုတဲ့ အချက် ပါလာပါတယ်။

ဥပဒေကြောင်းအရ ပြောရမယ်ဆိုရင် ရခိုင်တိုင်းမှာ တပ်ဖွဲ့တွေက လုပ်တယ်ဆိုရင် တိုင်းမှူးမှာ တာဝန်ရှိသလို နိုင်ငံတစ်နိုင်ငံလုံးမှာဆိုရင်တော့ စစ်သေနာပတိချုပ်မှာ အနိမ့်ဆုံး နံပါတ်ဝမ်း တာဝန်ရှိပါတယ်။ ၁၉၄၅-၄၆ တုန်းက နူးမန်းဘတ် (Nuremberg) နဲ့ တိုကျိုစစ်ခုံရုံးတွေမှာ တပ်သားတွေအားလုံးကို တရားစွဲတာမဟုတ်ဘဲ ဗိုလ်ချုပ်တွေနဲ့ အဓိက တာဝန်ရှိသူတွေကို ခုံရုံးတင်ခဲ့တာပါ။ အဲဒီတော့ အိုင်စီစီအနေနဲ့ မင်းအောင်လှိုင်ကို နိုင်ငံရဲ့ခေါင်းဆောင် ဟုတ်မဟုတ် ငြင်းခွင့်မရှိဘဲ ဖမ်းဝရမ်းထုတ်လို့ ရပါတယ်။

အခု ကိုထွန်းခင်တို့၊ ကင်တားနားတို့နဲ့ ပူးပေါင်းပြီး လန်ဒန်က မြန်မာရိုဟင်ဂျာအဖွဲ့အစည်းတွေ လုပ်ဆောင်နေတဲ့ တရားစွဲဆိုမှုမှာလည်း တာဝန်ရှိသူ လူနှစ်ဆယ်လောက်ကို ဖမ်းဝရမ်းထုတ်ထားပြီးသားဖြစ်ပြီး အဲဒီထဲမှာ မင်းအောင်လှိုင်လည်း ပါတယ်။

ICJ ရဲ့ ဆုံးဖြတ်ချက်မှာ အဓိက အချက်သုံးချက် ပါပါတယ်။
၁။ မြန်မာနိုင်ငံတော်နဲ့ နိုင်ငံတော်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်တဲ့ တပ်မတော်က ဂျီနိုဆိုက် (Genocide) ကို ကျူးလွန်ခဲ့တယ်။
၂။ ဂျီနိုဆိုက် ကွန်ဗန်းရှင်း စာချုပ်ကို ဖောက်ဖျက်ခဲ့တယ်။ (မကျူးလွန်ရဘူးဆိုတဲ့ တားမြစ်ချက်ကို ဖောက်ဖျက်သလို၊ မဖြစ်အောင် ကြိုတင်မတားဆီးခဲ့တာတွေပါ ပါပါတယ်)။
၃။ ICJ က ထုတ်ပြန်ထားတဲ့ ယာယီတရားစီရင်ချက် (Provisional Measures) ရဲ့ သက်သေအထောက်အထားတွေကို မဖျက်ဆီးရဘူးဆိုတဲ့ အမိန့်ကို ဦးဝင်းမြတ်အေးတို့ဘက်က ဖျက်ဆီးခဲ့တာတွေနဲ့ ငြိစွန်းနေပါတယ်။

BVJ ။ ။ ဂျီနိုဆိုက်အမှု ကျူးလွန်တဲ့ မြန်မာစစ်ခေါင်းဆောင်တစ်ဦးချင်းစီကို ဖမ်းဝရမ်းထုတ်ပြီး အရေးယူမယ့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ လက်တွေ့လုပ်ဆောင်မှုတွေက ဘယ်လောက်ကာလအတွင်း ဖြစ်လာမယ်လို့ ထင်ပါသလဲ။

ဒေါက်တာမောင်ဇာနည် ။ ။ မြန်မာပြည်ကို ပြင်ဆင်ဆောင်ရွက်ဖို့နဲ့ နစ်နာကြေးတွေပေးဖို့ ICJ က (၂) နှစ် အချိန်ပေးထားပါတယ်။ အဲဒီ ၂ နှစ်အတွင်းမှာ ဘာတွေဆက်လုပ်မလဲဆိုတာကို သူတို့ စောင့်ကြည့်မှာပါ။ ဒါပေမဲ့ လက်ရှိစစ်ကောင်စီဘက်ကတော့ ICJ ရဲ့ ဆုံးဖြတ်ချက်ကို တရားမမျှတဘူးဆိုပြီး ငြင်းဆိုနေကြတယ်။ တရားသူကြီး ၁၅ ယောက်မှာ ၉ ယောက်က ထောက်ခံပြီး ၆ ယောက်က မထောက်ခံဘူးဆိုတာမျိုးတွေ ထုတ်ပြောနေကြပါတယ်။ ဒီလို မြန်မာဘက်က လုံးဝမလိုက်နာဘူးလို့ ဗြောင်ပြောနေတဲ့အပေါ်မှာ ၂ နှစ်တောင် ဆက်စောင့်ချင်မှ စောင့်လိမ့်မယ်၊ အိုင်စီစီ (ICC) ဘက်ကလည်း ဒီအမှုကို ဆက်ပြီး အမြန်အကောင်အထည်ဖော်ဖို့ ကြိုးစားလာနိုင်ပါတယ်။

BVJ ။ ။ အိုင်စီစီ (ICJ) ချတဲ့အမိန့်ကို စစ်အုပ်စုက မလိုက်နာဘူးဆိုရင် ၂ နှစ်အတွင်းမှာ အိုင်စီစီ (ICC) ဆီ ရောက်သွားမယ့် သဘောပေါ့။

ဒေါက်တာမောင်ဇာနည် ။ ။ လမ်းကြောင်းကတော့ တစ်ထပ်တည်း မဟုတ်ပေမဲ့လို့ ဂျပန်တရားသူကြီးက "Superior Responsibility" ဆိုတဲ့ တာဝန်ရှိမှုအကြောင်းအရာတွေကို လမ်းခင်းပြသွားခဲ့ပါပြီ။ နိုင်ငံတစ်နိုင်ငံမှာ ဂျီနိုဆိုက် ကျူးလွန်ရင် နိုင်ငံတော်ကို အရေးယူတာတစ်မျိုး၊ ကျူးလွန်တဲ့ တစ်ဦးချင်းစီကို အရေးယူတာတစ်မျိုးအနေနဲ့ ICJ နဲ့ ICC က တစ်ဖက်နဲ့တစ်ဖက် ဥပဒေကြောင်းအရ ဆက်နွယ်မှုရှိတဲ့ စကားရပ်တွေကို ထည့်သွင်းပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကို တော်လှန်ရေးအင်အားစုတွေနဲ့ ရိုဟင်ဂျာတွေအနေနဲ့ သဘောပေါက် နားလည်ထားဖို့ လိုပါတယ်။

BVJ_အခုလိုအချိန်ပေးပြီး အသေးစိတ်ရှင်းလင်းသုံးသပ်ပေးတဲ့အတွက် ဆရာဒေါက်တာမောင်ဇာနည်ကို Burma VJကနေ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။
ဒေါက်တာမောင်ဇာနည်_ကျွန်တော်လည်းကျေးဇူးတင်ပါတယ်...
🔹🔹🔹
BVJကိုကူညီပံ့ပိုးတဲ့အနေနဲ့ Burma VJရဲ့ Youtube Channelကိုလည်း Subscribeလုပ်‌ပေးခဲ့ကြဖို့ တောင်းဆိုပါရစေ...
https://www.youtube.com/@BVJMedia

Post a Comment

0 Comments