About Me

header ads

အာရက္ခတပ်တော်ရဲ့ အဆုံးအဖြတ်တိုက်ပွဲစတင်နေပြီလား

အာရက္ခတပ်တော်ရဲ့ အဆုံးအဖြတ်တိုက်ပွဲစတင်နေပြီလား
Twan Naing

အာရက္ခတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲက အဆုံးသတ်ခါနီးပြီလား..? 
မြန်မာ့ နွေဦးတော်လှန်ရေးက ဘယ်အချိန်မှာ အဆုံးသတ်နိုင်မလဲ...?

၂၀၂၆ နိုဘမ်ဘာလဆန်းပိုင်းကို ရောက်ရှိလာချိန်မှာတော့ မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေး အခင်းအကျင်းကတော့ နောက်ထပ် အလှည့်အပြောင်းတစ်ခုဆီကို ဦးတည်နေတာကို တွေ့မြင်နေရပါတယ်။ 

အထူးသဖြင့်တော့ အနောက်ဘက်စစ်မျက်နှာမှာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ အခြေအနေတွေကတော့ အလွန်ကို စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ အာရက္ခဒေသမှာ ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာတော့ ၄.၉.၂၆ ဆိုတဲ့ အမည်နဲ့ ကမ်းတက်စစ်ဆင်ရေး တရပ်ကို အပြင်းအထန်ဆင်နွဲ့ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ မြေပြင် တပ်ရင်းတပ်ဖွဲ့တွေအပြင် ရေတပ်နဲ့ လေတပ်ကိုပါ အလုံးအရင်းနဲ့ အသုံးပြုခဲ့တာကို တွေ့ရပါတယ်။

ဒါပေမဲ့ စစ်ဆင်ရေးစတင်ပြီး နှစ်လအကြာမှာ တွေ့မြင်ရတဲ့ အခြေအနေတွေက အကြမ်းဖက်စစ်တပ်မျှော်မှန်းထားသလို အာရက္ခတပ်တော်ရဲ့ သိမ်းပိုက်နယ်မြေတွေကို ပြန်လည် ရယူနိုင်ခြင်းမရှိသေးတဲ့အပြင် စစ်တွေမြို့ကို လက်မလွှတ်ရဖို့အတွက်ကိုပါ အပြင်းအထန်ခုခံ နေကြရတာကိုလည်း တွေ့ရပါတယ်။

အာရက္ခတပ်တော်ဟာ စစ်တွေမြို့ပြင် အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းတွေကို တောက်လျှောက်သိမ်းပိုက်လာနေသလို စစ်တပ်ရဲ့ စစ်သင်္ဘောတစ်ချို့ကိုလည်း နှစ်မြှုတ်ထားတာကိုလည်း တွေ့ရပါတယ်။ ပြီးတော့ စစ်တွေ ဒကစ နဲ့ မြို့တော်စစ်တွေကိုပါ စစ်ရေးအရ ဖိအားပေးနေတာကိုလည်း တွေ့ရတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ရည်မှန်းချက်က ဆုံးရှုံးနယ်မြေတွေကို ပြန်လည်ရယူရေးဖြစ်ပေမယ့် လက်တွေ့မှာတော့ စစ်တွေကို လက်မလွှတ်ရဖို့ရရေး အသည်းအသန် ခုခံကာကွယ်နေရတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။

၂၀၂၇ မကုန်မှီ အပြီးသတ်သိမ်းပိုက်မယ်ဆိုတာ မဟာဗျူဟာတစ်ခုလား

၂၀၂၄ ဒီဇင်ဘာလထိ အာရက္ခတပ်တော်ဟာ မြို့နယ် ၁၅ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အာရက္ခတပ်တော်ရဲ့ နယ်မြေ ထိန်းချုပ်နိုင်မှုဟာ ပိုမိုကျယ်ပြန့်လာသလို မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံရဲ့ ဒေသအများအပြားမှာပါ တပ်ဖြန့်ထားတာကိုလည်း တွေ့ရတယ်။

ဆက်လက် သိမ်းပိုက်ရန်ကျန်ရှိနေသေးတဲ့ မြို့နယ်တွေကတော့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ပဲ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် ဧပြီလ (၁၀) ရက် အာရက္ခတပ်တော်တည်ထောင်ခြင်း (၁၇) နှစ်ပြည့်အခန်းအနားရဲ့ သဝဏ်လွှာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၇ မကုန်မှီ လက်ကျန်မြို့နယ်တွေကို သိမ်းပိုက်ပြီး အောင်ပွဲခံသွားမယ်လို့ ဖေါ်ပြခဲ့ပါတယ်။  

ဒီကြေငြာချက်ဟာ ရိုးရိုး စစ်ရေးကြွေးကြော်သံတစ်ခုထက် ပိုပြီးလေးနက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အာရက္ခတပ်တော်ဟာ နယ်မြေတွေကို သိမ်းပိုက်ရေးဆိုတဲ့ ဦးတည်ချက်တစ်ခုတည်းနဲ့ ရပ်တည်နေတာမျိုး မဟုတ်လို့ပဲ ဖြစ်ပါတယ်။

နယ်မြေတွေကို သိမ်းပိုက်ပြီးနောက် အဲဒီနယ်မြေတွေကို ဘယ်လိုအုပ်ချုပ်မလဲ၊ ဘယ်လိုတရားစီရင်မလဲ၊ ဘယ်လိုပညာသင်ကြားပေးမလဲ၊ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လူမှုအကျိုးစီးပွားတွေကို ဘယ်လိုထိန်းသိမ်းကိုင်တွယ်မလဲဆိုတဲ့ မေးခွန်းတွေကိုပါ ဖြေရှင်းဖို့ ကြိုးစားတည်ဆောက်နေတာကိုပါ တွေ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၇ ဆိုတဲ့ သတ်မှတ်ချက်ဟာ စစ်ရေးအောင်ပွဲ တစ်ခုတည်းအတွက် သာမက နိုင်ငံရေးအာဏာကိုပါ တပါတည်း တည်ဆောက်ခြင်းဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။

ဒါပေမယ့် အကြမ်းဖက်စစ်တပ်ရဲ့ ရေးကြောင်းနဲ့ လေကြောင်းကနေ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ အာရက္ခတပ်တော်အတွက် စိန်ခေါ်မှုတပ်ရပ်လည်း ဖြစ်နေပါတယ်။

တိုက်ရင်းတည်ဆောက်

အာရက္ခတပ်တော်ရဲ့ နိုင်ငံရေးတည်ဆောက်မှု အခန်းကဏ္ဍကို ကြည့်မယ်ဆိုရင် ၂၀၂၄ ဒီဇင်ဘာ နောက်ပိုင်းကာလတွေဟာ အင်မတန် အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။
စစ်ရေးအရ နယ်မြေ ဆယ့်ငါးမြို့နယ်ကို သိမ်းပိုက် ထိန်းချုပ်ပြီးတဲ့နောက်မှာ အဲဒီနယ်မြေတွေရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ သံတမံဆက်ဆံရေးကဏ္ဍတွေမှာ တဖြည်းဖြည်း အရှိန်မြှင့်ပြီးတည်ဆောက် လာခဲ့တာကို လည်းတွေ့ရပါတယ်။

ULA/AA ရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖွဲ့စည်း တည်ဆောက်ခဲ့တာကိုလည်း တွေ့ရတယ်။
ဒါပေမဲ့ အုပ်ချုပ်ရေး ယန္တရားတခုကို တည်ဆောက်တဲ့ နေရာမှာ ရုံးခန်းတွေ ဖွင့်လှစ်ထားရုံနဲ့ ပြီးဆုံးမသွားပါဘူး။
ပြည်သူတွေရဲ့လုံခြုံရေးကို အာမခံနိုင်ဖို့ လိုလာတယ်။

တရားဥပဒေစိုးမိုးရေးရှိဖို့ လိုလာတယ်။
တရားစီရင်ရေးမှာ မျှတမှုရှိဖို့ လိုလာတယ်။
ကလေးတွေရဲ့ ပညာရေးကို အာမခံနိုင်ဖို့လိုလာတယ်။

ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်နိုင်ဖို့ လိုလာတယ်။
အလုပ်အကိုင်နဲ့ စီးပွားရေးအခွင့်အလမ်း ဖန်တီးနိုင်ဖို့ လိုလာတယ်။
လူမျိုးရေး၊ နိုင်ငံရေးအမြင်မတူညီမှုတွေကို ဥပဒေနဲ့အညီကိုင်တွယ်နိုင်ဖို့ လိုအပ်လာပါတယ်။

ဒီအကြောင်းရင်းတွေဟာ အုပ်ချုပ်ရေး ယန္တရားတစ်ခု ခိုင်မာဖို့ အခြေခံကျတဲ့ အကြောင်းရင်းတွေလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်ရဲ့ အောင်မြင်မှု အကြောင်းကို ပြောတဲ့အခါ စစ်ရေးအရ သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့အရေအတွက်နဲ့ချည်း တိုင်းတာမယ်ဆိုရင် လုံလောက်မှု မရှိနိုင်ပါဘူး။ ပြည်သူ့ ဝန်ဆောင်မှုတွေမှာ ဘယ်လောက်ထိ တာဝန်ခံနိုင်ပြီလဲဆိုတာကိုပါ ထည့်သွင်းစည်းစားမှ ပြည့်စုံနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကာလဟာ စစ်ရေးကာလ ဖြစ်တာကြောင့် အကန့်အသတ်တွေ၊ လိုအပ်ချက်တွေ များစွာရှိနိုင်တာကိုလည်း သတိပြုဖို့ လိုအပ်ပါတယ်။ 

ဒါကြောင့် အာရက္ခတပ်တော်ရဲ့ နောက်ထပ်စမ်းသပ်မှုကတော့ သိမ်းပိုက်နယ်မြေတွေကို ကောင်းမွန်စွာ ဘယ်လိုအုပ်ချုပ်နိုင်မလဲဆိုတဲ့ မေးခွန်းကလည်း အရေးကြီးပါတယ်။

အာရက္ခလွတ်မြောက်သွားရင် နွေဦးတော်လှန်ရေးဘာဆက်ဖြစ်မလဲ

အာရက္ခတပ်တော်ဟာ အနောက်ဘက် စစ်မျက်နှာပြင်မှာ အကြမ်းဖက်စစ်တပ် ကင်းစင်အောင် ကြိုးစားနေသလို တဖက်မှာလည်း မြန်မာ့ နွေဦးတော်လှန်ရေး အင်အားစုတွေ ရှိနေပါတယ်။

နွေဦးတော်လှန်ရေး အင်အားစုတွေကြားမှာတော့ စစ်ရေးဦးဆောင်မှု၊ နိုင်ငံရေးဦးဆောင်မှု၊ ဖက်ဒရယ်စနစ်နဲ့ အာဏာခွဲဝေရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေ ရှိနေတာကိုလည်း တွေ့ရတယ်။ 

ဒါကြောင့် ဒီနေရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အခန်းကဏ္ဍကိုလည်း ပြန်လည် သုံးသပ်ဖို့ လိုအပ်လာပါတယ်။

NUG ရဲ့ MOD လက်အောက်ခဲ့ လက်နက်ကိုင်အင်အားစုတွေဟာ မြေပြင်စစ်မျက်နှာပြင်တွေမှာ စစ်ရေးဖေါ်ဆောင်မှု အားနည်းတာကိုလည်း တွေ့ရပါတယ်။ NUG ဟာ စစ်မတိုက်ဘူးလို့ တထစ်ချ သတ်မှတ်ဖို့ထက် NUG ရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ လက်အောက်ခံ ရပ်ရင်းတပ်ဖွဲ့တွေရဲ့ နိုင်ငံရေး ရည်မှန်းချက်ကိုတော့ မေးခွန်းထုတ်ဖို့ လိုအပ်ပါတယ်။

တော်လှန်ရေး ငါးနှစ်ကျော်လာတဲ့အချိန်ထိတော့ NUG ဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထောက်ခံအားပေးမှု သိသိသာသာ ကျဆင်းသွားသလို ပြည်သူလူထုရဲ့ ထောက်ခံဝိုင်းရံမှု၊ ယုံကြည်မှု အားနည်းသွားတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

SRA ဆိုတာ နောက်ထပ်နိုင်ငံရေးအင်အားစုတစ်ခုလား

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ အဖွဲ့ဝင် (၁၉) ဖွဲ့နဲ့ တရားဝင်ဖွဲ့စည်းကြောင်း ကြေငြာခဲ့တဲ့ Spring Revolution Alliance (SRA) ဟာ အခုအချိန်မှာတော့ လျစ်လျူရှထားလို့ မရတဲ့ တော်လှန်ရေးအင်အားစု တခုအဖြစ် ပြောင်းလဲတိုးတက်လာနေတာကိုလည်း တွေ့မြင်ရပါတယ်။

SRA တပ်ပေါင်းစုမှာ BPLA ၊ KNDF ၊ Chin Brotherhood ၊ Magway PDF ၊ Saggaing PDF နဲ့ တခြားသော တော်လှန်ရေး တပ်ဖွဲ့တွေလည်း ပါဝင်ပါသေးတယ်။

SRA ရဲ့ ထူးခြားတဲ့ အချက်က NUG ရဲ့ ကွပ်ကဲမှုအောက်မှာ မရှိတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကို စုစည်းပြီး အကြမ်းဖက်စစ်တပ်ကို ဖယ်ရှားဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ရှိတဲ့ချက်ပဲ ဖြစ်ပါတယ်။
SRA ဟာ NUG နေရာဟာ အစားထိုးသင့်ပြီလားဆိုတာကတော့ သူတို့ရဲ့ စစ်ရေးစွမ်းဆောင်ရည်အပေါ်မှာ မူတည်နိုင်ပါတယ်။

SRA ဟာ အင်အားကြီး လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA ၊ KNU ၊ KNDF ၊ AA ၊ TNLA ၊ MNDAA စတဲ့ အဖွဲ့အစည်းတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံရှိထားတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်

ဒုတိအချက်ကတော့ စစ်ရေးအတွေ့အကြုံ၊ လူအင်အားနဲ့ အရင်းအမြစ်တွေကို ပူးပေါင်းအသုံးချလာနိုင်ပြီး မဟာမိတ်အင်အား တောင့်တင်းလာတာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အားနည်းချက်ကတော့ ကိုယ်တိုင်စစ်ရေးကွပ်ကဲမှုနဲ့ မဟာဗျူဟာမြောက် မြို့သိမ်းတိုင်ပွဲတွေကို ဖေါ်ဆောင်နိုင်ခြင်း မရှိသေးတဲ့ အချက်ကိုလည်း တွေ့ရတယ်။
ဒါပေမဲ့ SRA ရဲ့ အနာဂါတ်ဟာ NUG ထက် ပြတ်သားတဲ့ နိုင်ငံရေး မျှော်မှန်းချက် ခိုင်ခိုင်မာမာရှိတယ်လို့ ဆိုနိုင်ပါတယ်။

NUG ကို ရွေးမလား SRA ကို ဘက်ပြောင်းမလား?

ဒီမေးခွန်းဟာ နိုင်ငံရေးအရ အငြင်းပွားစရာကောင်းနိုင်ပေမဲ့ ယခုအချိန်ဟာ မေးခွန်းထုတ်သင့်တဲ့ အချိန်လို့ ဆိုနိုင်ပါတယ်။

အာဏာရှင်စနစ်ကို မလိုလားတဲ့ ပြည်သူတွေဟာ အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ဖို့ ဘယ်အဖွဲ့အစည်းကို ယုံကြည်အားကိုးရမလဲ ဆိုတာကလည်း ပြတ်သားဖို့ လိုအပ်ပါတယ်။
NUG ကို ဆက်လက်ထောက်ခံမှာလား ဒါမှမဟုတ် မြေပြင်မှာ အမှန်တကယ် တိုက်ခိုက်နေတဲ့ SRA လို မဟာမိတ်တပ်ပေါင်းစုကို ဘက်ပြောင်း အားပေးကြမလား ဆိုတာ ဆုံးဖြတ်ချက် ခိုင်မာဖို့ လိုအပ်ပါတယ်။

ဒါမှမဟုတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ NUG ၊ SRA တို့ကို စုစည်းပေးနိုင်မယ့် နိုင်ငံရေးမူဘောင်သစ်တစ်ခုကို တောင်းဆိုကြမလား ဆိုတာကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

ကျနော့အမြင်ရဆိုရင်တော့ NUG ကို မနှစ်သက်လို့ မဟုတ်ပေမယ့် မဟာမိတ်အင်အား တောင့်တင်းပြီး မြေပြင်မှာ အလုပ်တကယ်လုပ်တဲ့ SRA ကို ပိုမိုထောက်ခံသင့်တယ်လို့ ယူဆမိပါတယ်။

တကယ်လို့ NUG ကိုထောက်ခံတယ်ဆိုရင် တဖက်မှာ ခိုးဝင်လူမျိုးရေးပြသနာကလည်း အမြတ်ထုတ်သွားနိုင်တဲ့ အချက်လည်း ရှိတာကြောင့် သတိပြုဖို့လိုတဲ့ အချက်တခုလည်း ဖြစ်ပါတယ်။

ပြည်သူတွေဟာ အာဏာရှင်စနစ်လက်အောက်ကနေ လွတ်မြောက်ရေး၊ တရားမျှတမှုနဲ့ ဒီမိုကရေစီစနစ်ကို မျှော်လင့်ကြတာလည်း ဖြစ်ပါတယ်။

အဲဒီမျှော်လင့်ချက်ကို NUG နဲ့ SRA ဘယ်အဖွဲ့အစည်းက လက်တွေ့ ကျကျ အကောင်အထည်ဖေါ်နေသလဲဆိုတာကို ပြည်သူတွေအနေနဲ့ ယခုအချိန်မှာ ဆန်းစစ်ပြီးတော့ တဖက်ဖက်ကို အပြည့်အဝ ထောက်ခံ ဝိုင်းရံပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

အာရက္ခအောင်ပွဲနဲ့ အာဏာရှင်တွေရဲ့အနာဂါတ်

အာရက္ခတပ်တော်ဟာ ၂၀၂၇ မကုန်မှီမှာ ရက္ခိုင်ဒေသတစ်ခုလုံးကို လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လို ရိုက်ခတ်တဲ့ သတ်ရောက်မှုတွေ ရှိလာမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ပထမ တချက်က အကြမ်းဖက်စစ်တပ်ဟာ အနောက်ဘက်ဒေသမှာ အရေးပါတဲ့ စစ်ရေးနဲ့ စီးပွားရေး နယ်မြေတစ်ခုလုံးကို ဆုံးရှုံးရနိုင်ပါတယ်။

ဒုတိယ တချက်ကတော့ အာရက္ခတပ်တော်ဟာ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ သံတမံဆက်ဆံရေးတွေမှာ ပိုမို ခိုင်မာသွားနိုင်ပါတယ်။
တတိယ တချက်ကတော့ တခြားတိုင်းရင်းသား တော်လှန်ရေးမဟာမိတ်တွေနဲ့ PDF တွေအတွက် စိတ်ဓာတ်ရေးရာ ပိုမိုအားကောင်းသွားနိုင်ပါတယ်။

ဒါပေမဲ့ သတိပြုသင့်တာက အာရက္ခတပ်တော်ရဲ့ စစ်ရေးအောင်မြင်မှုဟာ အာဏာရှင်စနစ် ပြိုလဲခြင်းဖြစ်တယ်လို ထပ်တူသတ်မှတ်လို့တော့ မရနိုင်ဘူး ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ ၂၀၂၇ မကုန်ခင်မှာ အာရက္ခဒေသကို လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့် နယ်ပြည်တော်သာ ဆက်လက် တည်ရှိနေဦးမယ်ဆိုရင် မြန်မာ့ နိုင်ငံရေးဟာ နောက်ထပ် ရှုတ်ထွေးမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရနိုင်ပါတယ်။

နေပြည်တော်ဟာ နယ်မြေတစ်ခုတည်းနဲ့ ဖွဲ့စည်းထားတာမျိုးမဟုတ်ဘူး။ အာဏာ၊ အကျိုးစီးပွား၊ နိုင်ငံတကာဆက်ဆံရေး၊ လက်နက်ကိုင်အင်အားနဲ့ နိုင်ငံရေးအာဏာကို ထိန်းသိမ်းချုပ်ကိုင်နိုင်တဲ့စနစ်နဲ့ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အာရက္ခဒေသလွတ်မြောက်မှုဟာ အာဏာရှင်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်နိုင်ပေမယ့် အာဏာရှင်စနစ်တခုလုံး ပြိုလဲသွားဖို့ အတွက်ဆိုရင်တော့ လက်နက်ကိုင်အင်အားစု အသီးသီးရဲ့ စစ်မျက်နှာတွေတပြိုင်နက်ဖွင့်ဖို့ လိုအပ်သလို နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူလူထုရဲ ပူးပေါင်း ပါဝင်မှုကလည်း လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ရဲ့ အဆုံးအဖြတ်တိုက်ပွဲ ပြီးဆုံးသွားချိန်မှာတောင် အာဏာသိမ်း အကြမ်းဖက်စစ်တပ် ပြိုလဲမသွားသေးဘူးဆိုရင်တော့ နွေဦးတော်လှန်ရေးဟာ ဘယ်လောက်ကြာကြာ ဆက်လက် တိုက်ခိုက်နေကြရဦးမလဲဆိုတာကတော့ အတိအကျပြောဖို့ ခက်ခဲနိုင်ပါတယ်။

ဒါပေမဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေကြားမှာ နိုင်ငံရေးသဘောတူညီချက်၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖက်ဒရယ်တိုင်းပြည်တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တွေ မရရှိနိုင်သေးဘူးဆိုရင် အာဏာရှင်စနစ်ဟာ နောက်ထပ် နှစ်ပေါင်းများစွာ ရှင်သန်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေဦးမှာဆိုတာကတော့ အသေချာပဲ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးဟာ NUG အဖွဲ့အစည်းရဲ့ အာဏာရရှိရေးအတွက် စတင်ခဲ့တဲ့ လှုပ်ရှားမှု မဟုတ်ပါဘူး။

စစ်အာဏာရှင်လက်အောက်မှာ အနာဂတ်နဲ့ လူ့အခွင့်ရေးတွေ ဆုံးရှုံးနေကြရတဲ့ ပြည်သူတွေရဲ့ တရားမျှတမှုနဲ့ လွတ်လပ်မှုကိုရရှိဖို့ စတင်ခဲ့တဲ့ တော်လှန်ဆန့်ကျင်ရေး လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။  

နွေဦးတော်လှန်ရေးမှာ NUG တစ်ဖွဲ့တည်း မဟုတ်သလို BPLA နဲ့ ဒေသခံ PDF တွေအပြင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ များစွာ ပါဝင်ပါသေးတယ်။ 

အာရက္ခတပ်တော်ဟာ မျှော်မှန်းထားတဲ့ စစ်ရေးအောင်ပွဲကို ဖေါ်ဆောင်နိုင်ခဲ့ မယ်ဆိုရင် အာရက္ခပြည်သူတွေအတွက်သာမက နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် သင်ခန်းစာတစ်ခု တွန်းအားတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။
စစ်ရေးအောင်မြင်မှုရဖို့ဆိုတာဟာ စစ်ရေးစွမ်းရည်ပြည့်ဝမှု တစ်ခုတည်းနဲ့ မလုံလောက်နိုင်ပါဘူး။ ရှင်းလင်းတဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေ၊ အဖွဲ့အစည်းကို ကျစ်ကျစ်လစ်လစ် တည်တောက်ထားနိုင်မှုတွေ၊ ခေါင်းဆောင်မှုနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှု ခိုင်မာဖို့ လိုအပ်သလို မဟာမိတ်ဆက်ဆံရေးတွေလည်း ခိုင်မာအားကောင်းဖို့ လိုအပ်ပါသေးတယ်။

နွေဦးတော်လှန်ရေးအတွက် သတိပြုစရာအချက်တခုက ပြည်သူတွေရဲ့ လွတ်မြောက်ရေး မျှော်လင့်ချက်ကို စစ်မတိုက်တဲ့ NUG အပြင် ဘယ်အဖွဲ့အစည်းရဲ့ နိုင်ငံရေးအကျိုးစီးပွား အမြတ်ထုတ်မှုအောက်မှာ ပျောက်ကွယ်မသွားစေဖို့ လိုအပ်ပါတယ်။

တကယ်တော့ ၂၀၂၇ မှာ အာရက္ခတွေ လွတ်မြောက်သွားရင် အာဏာရှင်စနစ်ရဲ့ အဆုံးသတ်လို့ ပြောဖို့ ခက်ခဲနိုင်သလို မြန်မာ့နိုင်ငံရေးအတွက် နောက်ထပ်စတင်ရမယ့် စာမျက်နှာတစ်ခုသာ ဖြစ်လာနိုင်ပါတယ်။

အဲဒီ စာမျက်နှာမှာ အာဏာရှင်စနစ်ရဲ့ အဆုံးသတ်နိဂုံးကို ရေးထိုးနိုင်မလား ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေရဲ့ သဘောထားကွဲလွဲမှုတွေကြားမှာ နောက်ထပ် မျိုးဆက်တွေရဲ့ အနာဂါတ်တွေကိုပါ စတေးကြရဦးမလားဆိုတာကတော့ NUG ၊ SRA နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေပေါ်မှာ မူတည်နေသလို NUG နဲ့ SRA ဘယ်အဖွဲ့အစည်းကို ပံ့ပို့းမလဲဆိုတဲ့ ပြည်သူတွေရဲ့ ရွေးချယ်မှုကလည်း အာရက္ခတပ်တော်ရဲ့ အဆုံးအဖြတ်တိုက်ပွဲနဲ့အတူ မိုးရွားတုန်းရေခံကြ မလားဆိုတာကို အချိန်မနှောင်းဘဲ ဆုံးဖြတ်ချက်ကြရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။

#အာရက္ခတပ်တော်
#Arakha
#NUGMyanmar
#SRA 
#Myanmar 
#awarness
#Politica  
#twannaing

Post a Comment

0 Comments