About Me

header ads

IMF အစည်းအဝေးတွင် ရုရှားကိုယ်စားလှယ် စကားပြောစဉ် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ ထွက်ခွာသွားခဲ့

 

IMF အစည်းအဝေးတွင် ရုရှားကိုယ်စားလှယ် စကားပြောစဉ် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ ထွက်ခွာသွားခဲ့

မဲခေါင်၊ အောက်တိုဘာ ၁၈
အောက်တိုဘာ ၁၇ ရက်က ဘန်ကောက်တွင် လက်ခံကျင်းပနေသည့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဦးဆောင်ကော်မတီအစည်းအဝေး၌ ရုရှားကိုယ်စားလှယ် စကားပြောစဉ် တစ်ဒါဇင်နီးပါးရှိ နိုင်ငံများမှ ကိုယ်စားလှယ်များ အစည်းအဝေးခန်းမထဲက ထွက်ခွာသွားကြကြောင်း သိရှိထားသူ အနည်းဆုံး ၃ ဦးက အတည်ပြုပြောဆိုခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ခဲ့မှုကြောင့် နိုင်ငံတကာ ငွေကြေးနှင့် ဘဏ္ဍာရေးကော်မတီ (International Monetary and Financial Committee) အတွင်း မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုအချိန်မှစ၍ ယနေ့အထိ ကော်မတီအနေဖြင့် သဘောတူညီချက်တစ်ရပ်ကို ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။

ယခုတစ်ပတ် ဘန်ကောက်၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်တို့၏ နှစ်ပတ်လည် အစည်းအဝေးများတွင်လည်း အမေရိကန်နှင့် ယူကရိန်းတို့အကြား တင်းမာမှုအသစ်များ ပေါ်ပေါက်လာခဲ့သဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ထပ်မံ၍ ပြင်းထန်သော သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

ရုရှားဘဏ္ဍာရေးဝန်ကြီး အန်တွန် ဆီလူယာနော့ဗ် စကားပြောဆိုစဉ် ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်၊ နော်ဝေ၊ လစ်သူရေးနီးယား၊ လတ်ဗီးယား၊ အက်စတိုးနီးယားနိုင်ငံများမှ ကိုယ်စားလှယ်များအပါ တစ်ဒါဇင်နီးပါးရှိသည့် နိုင်ငံများမှ ကိုယ်စားလှယ်များ အစည်းအဝေးခန်းမအတွင်းမှ ထွက်သွားခဲ့သည်ဟု ရိုက်တာသတင်းဌာနသို့ အတွင်းလူတစ်ဦးက ပြောပြခဲ့သည်။

“ယူကရိန်းစစ်ပွဲဟာ ဥရောပမှာရှိတဲ့ ကျနော်တို့အတွက် အသက်ရှင်ရပ်တည်ရေးဆိုင်ရာ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ ရုရှားနဲ့ ဆက်ဆံရေးကို ပုံမှန်အခြေအနေမျိုး ပြန်ဖြစ်အောင် လုပ်လို့မရပါဘူး” ဟု ဥရောပသံတမန်တစ်ဦးက ဆိုသည်။

နိုင်ငံတကာအဖွဲ့အစည်းများသည် ယူကရိန်းအား ကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း ရုရှားကိုယ်စားလှယ်များကို အစည်းအဝေးများတွင် ဖယ်ကြဉ်ထားခဲ့ရာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် နက်ရှ်ဗီလီမြို့တွင် ကျင်းပခဲ့သည့် G 20 အစည်းအဝေးပွဲ၌ အမေရိကန်သည် ရုရှားဘဏ္ဍာရေးဝန်ကြီး ဆီလူယာနော့ဗ်နှင့်ကိုယ်စားလှယ်များကို ပထမဆုံးအကြိမ် ပြန်လည်ဖိတ်ခေါ်ခဲ့ကာ နောက်တစ်လအကြာ၌ ဆီလူယာနော့ဗ်သည် G 20 ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ၏ အစည်းအဝေးတစ်ခုသို့ ထပ်မံတက်ရောက်လာခဲ့သည်။
ထို့ကြောင့် ဂျာမနီနိုင်ငံက ရုရှားအား နိုင်ငံတကာစင်မြင့်ထက်သို့ ပြန်လည်ခေါ်ဆောင်ရန် ကြိုးပမ်းနေမှုများ နှင့်ပတ်သက်ပြီး အောက်တိုဘာ ၁၅ ရက်က သတိပေးထုတ်ပြန်မှု ပြုလုပ်ခဲ့သည်။

လက်ရှိ G 20 အဖွဲ့၏ အလှည့်ကျဥက္ကဌ တာဝန်ယူထားသော အမေရိကန်နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် အာရင်ဘရောင်းက ဂျာမနီသတိပေးချက် ထုတ်ပြန်သည့်ရက်မှာပင် ရုရှားအား အဖွဲ့အစည်းအတွင်း ပါဝင်နေခြင်းကို ထောက်ခံကြောင်းနှင့် အကျပ်အတည်းများကို ဖြေရှင်းရာတွင် တစ်ဦးနှင့်တစ်ဦး စကားမပြောပါက ဖြေရှင်းနိုင်စရာမရှိဘဲ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးပြောဆိုခြင်းကသာ ဖြေရှင်းမှုပေးနိုင်သည်ဟု ရိုက်တာသို့ ပြောကြားခဲ့သည်။

Post a Comment

0 Comments