၁၈ အောက်တိုဘာ ၂၀၂၆

■ မြန်မာ့နိုင်ငံရေးသမိုင်းမှာ တောင်ပေါ်-မြေပြန့်ဆက်ဆံရေးဟာ အရှုပ်အထွေးတခုလို့ပင် ပြောလို့ရ၏။ တပါတည်း တွဲမြင်ကြသည်က မြေပြန့်တွင် လူများစုဖြစ်သော ဗမာတို့နေထိုင်ကြ၍ တောင်ပေါ် သည် လူနည်းစုတိုင်းရင်းသားတို့၏ အရပ်ဖြစ်၏။ နိုင်ငံတနိုင်ငံအနေဖြင့် ရှေ့တိုးမည်ဆိုတိုင်း ဤ Divide သည် ဂျမ်းတုန်းခုသလို အခုအခံဖြစ်နေတတ်သည်။ ခရီးမတွင်ပါ။
ဤတွင် မြန်မာနိုင်ငံတွင် လူမျိုးများ ပြန့်နှံ့နေထိုင်ကြသည့်မြေပုံကို ကြည့်လိုက်လျှင် အလယ်ပိုင်းဧရာဝတီမြစ်ဝှမ်းကြီးတခုလုံးတွင် ဗမာ/မြမ္မာတမျိုးတည်းမျှ ဖြစ်သလောက်အောင် တရောင်တည်းဖြစ်နေပြီး ကုန်းမြင့်တောင်ပေါ်ဒေသများတွင် များပြားရှုပ်ထွေးလှသည့် လူမျိုးများကွဲများစွာ ဖြစ်နေသည်ကို တွေ့ရမည်။
အဖြေသည် ဤတွင်ပင်ရှိ၏။ မြင်းခွာပုံဖြစ်နေသည့် တောင်တန်းဒေသကြီးများ၏ အလယ်မြေပြန့်လွင်ပြင်ကြီးသည် သဘာဝအားဖြင့် Natural State တည်ဆောက်ဖို့အတွက် ဘူမိနက်သန်ဖြစ်သဖြင့် ဝင်ရောက်ရွေ့ပြောင်းနေသူတိုင်းသည် အဆိုပါ နိုင်ငံတော် ( စတိတ် ) အတွင်း ပျော်ဝင်သွားကြ၏။ ရောယှက်သွားကြသည်။ မြိုယူနိုင်သည်။
■ အင်းဝ ၊ တောင်ငူ ၊ ပြည် ၊ ရမည်းသင်း ၊ စလင်း စသဖြင့် နိုင်ငံရေးအရ တကွဲတပြားဖြစ်သည့်ကာလ ( Political Fragmentation ) ဖြစ်နိုင်သော်လည်း လူမျိုးခံယူချက်အရ , ဘာသာဗေဒအရကွဲပြားမှုနည်းပါးတယ်။ ပထဝီအရံအတား မရှိဘူး။ State များကွဲသည့်ကာလကွဲနိုင်သော်လည်း Nation များ ကွဲမထွက်ပါ။
လူများစုကို ဖန်တီးသည့်အရပ်လည်း ဖြစ်၏။ အရံအတားမရှိခြင်းကြောင့် ဖျော်ယူနိုင်စွမ်းမြင့်သလို စိုက်ပျိုးမြေများကြောင့် Food Surplus ရှိသဖြင့် လူဦးရေတိုးပွားများပြားနိုင်သည်။ မြန်မာမင်းအဆက်ဆက်သည် Manpower ကိုသာ လိုလားခဲ့သည်။ အဘယ်လူမျိုးဟူ၍ ခွဲခြားပစ်မယ်မထားပါ။ တိုက်ခိုက်သိမ်းပိုက်နိုင်သည့်အရပ်များကနေ သျှမ်း , လင်းဇင်း , ယိုးဒယား , အနန်းသား , ရက္ခိုင် , ဘရင်ဂျီ , ပသီ , ကသည်းစသဖြင့်ကို အလုံးအရင်းဖြင့် ခေါ်ယူလာပြီးလျှင် အလယ်ပိုင်းမြေပြန့်တွင်ပင် အစုအသင်းဖြင့် မြို့ရွာများတည်စေကာ နိုင်ငံသားအဖြစ် ( ထိုခေတ်အခေါ်ကတော့ ကျေးတော်မျိုး ကျွန်တော်မျိုး ) မွေးယူထားလိုက်သည်။ ဤနည်းဖြင့် လုပ်အား ၊ စစ်သားဦးရေကို တိုးပွားစေသည်။ ထိုလူများသည် မျိုးဆက်တချို့အလွန်တွင် မြန်မာများဖြစ်ကုန်ကြ၏။
■ ထို့ကြောင့် ဗမာ( မြမ္မာ ) တို့သည် တိဘက်တိုဘားမားအနွယ်ဖြစ်သော်လည်း အခြားသော တိဘက်တိုးဘားမားအစုတို့လောက် တရုပ်တရည်တည်း ဖြစ်မနေ။ Exclusive မဖြစ်တော့ပါ။ ဗမာလို့ ခံယူသတ်မှတ်ထားသူ ၂ဦးသည် အလွန်ပင်မတူညီသည့် သွင်ပြင်ရှိနေနိုင်သည်။ မျိုးဗီဇ ကွဲပြားနိုင်သည်။ ဤသည်ပင် ခွန်အားဖြစ်၏။
တရုတ်တို့သည်လည်းကောင်း , ဂျပန်တို့သည်လည်းကောင်း , တာခ့်တို့သည်လည်းကောင်း မြိုယူခြင်းဖြင့်သာ ထုထည်ကြီးများသည့် နိုင်ငံတော်များ တည်ဆောက်လာနိုင်ခြင်းဖြစ်၏။ မျိုးစစ်ဖို့ကြိုးစားသည့် လူမျိုးတိုင်းသည် မျိုးကန်းသွားတတ်သည်။ တသီးတခြား စင်ပြိုင်ကွန်မြူနတီများကို ခွင့်လွှတ်ထားဖို့ မဟုတ်ပဲ မိမိ၏ ဝိသေသထဲ ဖျော်ဝင်၍ မြိုယူနိုင်ခြင်းကို ဆိုလို၏။
■ ပြင်သစ်နှင့် စပိန်တို့သည် ပိုင်ရီးနီးစ်တောင်တန်းတို့သာ ခြားနားသည့် အိမ်နီးချင်းဖြစ်သော်လည်း ပြင်သစ်သည် တပြည်ထောင်စနစ်ဖြင့် ဥရောပတွင် Centralised အဖြစ်ဆုံးသော နိုင်ငံကို တည်ဆောက်ထားသည်။ လူမျိုးရေးအရ ကွဲပြားမှုနည်းပါးသည်။ ဂက်စကွန်နီနယ်သား ၊ မာဆေးနယ်သား အနေဖြင့် ရှိကြသော်လည်း သီးခြားလူမျိုးများအနေဖြင့် အစွန်အဖျားတွင်သာ Bretons နှင့် အယ်လ်ဆက်ရှန်းအနည်းငယ်သာရှိ၏။ ခွဲထွက်ရေးလှုပ်ရှားမှုများလည်း ချိနဲ့နည်းပါးသည်။ ( တကျွန်းတဖုံ သက်သက်ဖြစ်နေသည့် ကော်စီကာကျွန်းကတော့ တနည်းဖြစ်၏ )
စပိန်တွင် ပဒေသရာဇ်ခေတ် ၊ ဖရန်ကို၏ ဖက်စစ်အာဏာရှင်ခေတ်တို့ကို ဖြတ်သန်း၍ တစုတည်းဖြစ်ဖို့ အင်အားသုံးခဲ့သည်တိုင် ကာတာလန်လူမျိုး ၊ ဘက်စ်ကေးလူမျိုး ၊ ဂါလီရှန်းလူမျိုးဟူ၍ အခိုင်အမာကျန် ဝိသေသရှိနေဆဲဖြစ်ပြီး ခွဲထွက်ရေး လှုပ်ရှားမှုများလည်း အင်အားကောင်းကြဆဲပါ။
ပြင်သစ်တွင် မြစ်ဝှမ်းမြေပြန့်များဖြစ်၍ တောင်ဘက်တွင် ပိုင်ရီးနိစ့်တောင်တန်း , အနောက်အရပ်တွင် အဲလ့်ပ်တောင်တန်း တို့က ဝန်းရံပေးထားသည်။ စပိန်တွင် နိုင်ငံတဝှမ်း ကုန်းမြင့်တောင်တန်းများက ကန့်လန့်ကာသဖွယ် အနယ်နယ်အရပ်ရပ်ကို အကန့်ခွဲထား၏။ အဆိုပါပထဝီအနေအထားကွာခြားမှုသည် ပြင်သစ်ကို ဗဟိုအုပ်ချုပ်ရေးအားကောင်းသည့် တပြည်ထောင်နိုင်ငံအဖြစ်သို့ တွန်းပို့လိုက်၍ စပိန်တွင် လူမျိုးဒေသ အခြေခံနိုင်ငံရေးအားကောင်းဆဲဖြစ်နေစေသည်။ စပိန်နိုင်ငံကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကွန်မြူနတီများ ( Autonomous Communities ) များအဖြစ် ခွဲခြားဖွဲ့စည်းထားရသည်။
( စပိန်သည်ပင် ဖက်ဒရယ်နိုင်ငံမဟုတ်ပါ။ " Decentralised Unitary State " ဗဟိုချုပ်ကိုင်မှုညင်သာပျော့ပြောင်းသည့် တပြည်ထောင်နိုင်ငံ ဖြစ်ပါ၏ )
■ ဤတွင် မြန်မာနိုင်ငံ၏ ဗမာ/မြန်မာ လူများစုဖြစ်စေဖို့ကို ပထဝီက တွန်းအားပေးပုံဖော်သည်ဟု ပြောလျှင်လည်း မမှားပါ။ ဤပထဝီအနေအထားသည်ပင် အခိုင်အမာ နိုင်ငံတော်ဖြစ်လာဖို့ အခြေအနေကောင်းကို ဖန်တီးပေးပြန််သည်။ ပထဝီ × မြမ္မာစတိတ် ဖြစ်သွားသည့်အခါ အလယ်ပိုင်းလွင်ပြင်၏ လူများစုတိုးပွားခြင်းယန္တရားဟာ ပို၍မြန်ဆန်ချောမွေ့သွားတော့၏။
အကယ်လို့သာ မြန်မာစကားပြောအုပ်စုမဟုတ်သည့် အခြားတစုကလည်း ဤဧရာဝတီမြစ်ဝှမ်းအလယ်ပိုင်းလွင်ပြင်တခုလုံးကို လွှမ်းမိုးနိုင်ခဲ့သော် ယနေ့ဗမာတို့နေရာကို သူတို့ရောက်နေခဲ့လိမ့်မည်။ သျှမ်းနှင့် မွန်တို့တွင် ထိုအခွင့်အလမ်းရှိခဲ့သော်လည်း အကောင်အထည်မဖော်နိုင်ခဲ့ပါ။ ချောင်ဖရားမြစ်ဝှမ်းကို စီးမိုးနိုင်သော Siamese တို့သည် ထိုင်းနိုင်ငံကို ထူထောင်လိုက်နိုင်ကြ၏။
■ ပထဝီသည် လူများစုကို ဖန်တီးသည်ဟုဆိုလျှင် ပထဝီသည် လူနည်းစုဟု မိမိကိုယ်ကိုသတ်မှတ်နေကြသည့် လူမျိုးစုများကိုလည်း မွေးထုတ်ပါသည်။ ရှမ်းရိုးမအစပ်တွင် တက်၍နေသည့် ဒေသိယဗမာစကားပြောသာဖြစ်သောသူများသည် ဘာသာစကား အလွန်အမင်း မပြောင်းလဲသွားသည့်တိုင် တောင်ပေါ်သားတို့နှင့် ယဥ်ကျေးမှုဓလေ့အရနီးစပ်လာသော ဓနုလူမျိုးများဟု ဝိသသေအကွဲတခုကို ခံယူလိုက်ကြသည်။ ချင်းတောင်တန်းများထက်တွင် မြောက်များလှသော ဘာသာစကားကွဲပြားသည့်အစုများ စုစည်းမရအောင် များပြားလှသည်။ နာဂတောင်တန်းများထက်တွင် မျိုးစုကွဲများစွာရှိနေကြသည်။ မြန်မာပြည်မြောက်ဖျား ယနေ့ကချင်ပြည်နယ်တွင် နီးစပ်သည့်အစုအဖွဲ့များတွင် ယဥ်ကျေးမှုနှင့်လူမှုဂေဟစနစ်သည် အလယ်ပိုင်းမြေပြန့်လွင်ပြင်သားများနှင့် ကွဲပြားစွာ ဖြစ်ထွန်းလာခဲ့သည်။ ရှမ်းကုန်းမြင့်ကြီးထက်တွင် တောင်ကြားလွင်ပြင်တခု ၊ တောင်ကြောတခုခြားတိုင်း မတူကွဲပြားသည့် လူမျိုးများ Tribes များအဖြစ် ပိုင်းခြားကုန်ကြ၏။
ယနေ့တွင်လည်း ရန်ကုန်၊ မန္တလေး မက်ထရိုပိုလီတန်မြို့ပြကြီးများသည် လူမျိုးစုံကို ဟင်းပေါင်းအိုးကြီးကဲ့သို့ ရောနှောထွေးယှက်စေသည့်အရပ်ဖြစ်နေဆဲပါ။ ဤအရပ်သို့ ရွေ့ပြောင်းလာသူ အများစုသည် မျိုးဆက်အနည်းငယ်နေလျှင် လူများစုရေစီးကြောင်းတွင် ခွဲမရအောင် ဝင်ရောက်သွားကြပါလိမ့်မည်။ တောင်ပေါ်တက်နေသူများကလည်း တောင်ပေါ်သားစိတ်ပေါက်လာကြမည်မလွဲပါ။ ဒေသိယအကျိုးစီးပွားများလည်း ကွဲပြားပါ၏။
မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အရ ( Making Majority ) လူများစုကိုဖန်တီးနေချိန် လူနည်းစု ကွန်မြူနတီများကိုလည်း သန္ဓေသွင်း ( Making Minorities ) မွေးထုတ်နေပြန်သည်။ ( ခေတ်ကာလ၏ နည်းပညာပြောင်းလဲမှုကြောင့် တချိန်တွင် တဖက်ဖက်ကို တဘက်စောင်းနင်း ဖြစ်လာနိုင်သလားကတော့ မေးခွန်းတခုပါ )
■ မြန်မာ့နိုင်ငံရေးကို မောင်းနှင်မည်ဆိုလျှင် ဤပြသာနာကနေ ရှောင်ပြေးလို့ မရပါ။ တောင်တန်းကုန်းမြင့်ဒေသကြီးများသည် အနာဂတ်တွင်လည်း ဆက်၍ရှိနေမည်ဖြစ်သဖြင့်တောင်ပေါ်-မြေပြန့် အဖုအထစ် ၊ နိုင်ငံရေးဒိုင်းနမစ်သည် ဆက်၍ ရှိနေနိုင်လိမ့်မည်။ အရှုပ်အထွေးဟုဆိုကာ လူမျိုးစုလွတ်လပ်ရေးများ လက်ဆောင်ပေး၍ စွန့်လွှတ်လိုက်စရာလည်း မလိုပါ။ ပထဝီအရံအတားနှင့် သယံဇာတများသည်ပင် ဤနိုင်ငံအတွက် လုံခြုံရေးစည်းနှင့် ရင်းမြစ်များဖြစ်ပါ၏။
နိုင်ငံတိုင်းသည် ဤအရေးမျိုးကို နိုင်နင်းအောင် ကိုင်တွယ်ကြရသည်။ တိဘက်ကုန်းမြင့် ၏ ပထဝီအားသာချက်ကို အမျိုးသားအကျိုးစီးပွားအတွက် ရယူဖို့ ဆန္ဒရှိသဖြင့် ဘေဂျင်းသည် တိဘက်အရေးကို ပြည်တွင်းပြည်ပဖိအားများကနေ နိုင်အောင် ထိမ်းချုပ်ကိုင်တွယ်ပါသည်။ အိန္ဒိယသည် ကက်ရှ်မီးယားကို လက်မလွှတ်ပါ။
မြန်မာတွင်လည်း တောင်ပေါ်-မြေပြန့် ၊ လူများစု-လူနည်းစု အရှပ်အထွေး ပဋိပက္ခကို ပြေလျော့စေလောက်သည့် မူဝါဒအပြောင်းအလဲများဖြင့် ကိုင်တွယ်ပြီး ပထဝီအားသာချက်ကို လက်မလွှတ်ရအောင် ကြိုးပမ်းရပါမည်။ အဖြစ်နိုင်ဆုံး ကြားပွိုင့်သည့် အစွန်း ၂ ဖက်က ပုဂ္ဂိုလ်များ သို့မဟုတ် နှစ်ဖက်လုံးအတွက် ရာနှုန်းပြည့်နှစ်သက်နိုင်သည့် အနေအထားဖြစ်ဖို့ ခဲယဥ်းပါ၏။ ( အဖုအထစ် ကျန်ရှိနိုင်သော်လည်း ) ဂျမ်းတုန်းကိုမူ ကျော်သွားနိုင်ပါမည်။ တခုတည်းသော နိုင်ငံ " Political Entity " အဖြစ် အင်အားစုစည်းနိုင်ပြီး ခရီးရှေ့ဆက်သွားနိုင်ပါလိမ့်မည်။
ပုံတွင် - နိုင်ငံနယ်နိမိတ်မျဥ်းကို ဖယ်ဖျောက်၍ မြေမျက်နှာသွင်ပြင်ကိုသာပြထား၏။
#Augustus_Linn
၁၈ အောက်တိုဘာ ၂၀၂၆
0 Comments