■ လွန်ခဲ့သည့် ၂ လတိတိ သည်အချိန်တုန်းက ကိုယ်တွေက ပါရီမှာ။ ကျောင်းတွေပိတ်ထားသည့်လ ဖြစ်တာကြောင့် အခြားတနေရာကို အဓိကသွားတာပေမယ့် လန်ဒန်ကနေ ပါရီကို ရထားစီးတဲ့အခါ အသွား၊ အပြန်ရက်တွေမှာ အေးအေးလူလူ လေးငါးရက်လောက် ညအိပ်ညနေ တထောက်ဝင်နေဖြစ်တယ်။ လက်ရှိ ညမထွက်ရထုတ်ထားတဲ့ Les Halles မှာတင် Louvre ကိုဖြစ်စေ၊ စိန်းမြစ်ကမ်းဘေး လမ်းလျှောက်မယ်ဖြစ်စေ အားလုံးနှင့်နီးနီးကပ်ကပ် အချက်အခြာကျသည်မို့ စတည်းချခဲ့မိတယ်။ ခုတော့လည်း ထိုင်စားဖြစ်ခဲ့တာ ဆူရှီဆိုင်လေးတွေပါ လူရမ်းကားတို့၏ လက်ချက်မိကုန်ပြီလားမသိ။
ပါရီမှာ တရားမဝင်ရွေ့ပြောင်းတွေ များပြားသလားဆိုရင် များပါတယ်။ ဗြိတိန်ဘက်က မြို့တွေနှင့်နှိုင်းယှဥ်လျှင် အလွန်အမင်း များပြားတယ်လို့ကို မြင်ရနိုင်တယ်။ UK မှာလည်း ကိန်းဂဏန်းအရ ပိုမိုမြင့်မားနိုင်ပေမယ့် ဗြိတိန်ကျွန်းကို ကူးခတ်ရောက်ရှိလာပြီးသူများကို အာဏာပိုင်တွေက အဆိုင်လမ်ဟိုတယ်များနှင့် ဆိုင်ရာအသီးသီးတွေမှာ နေရာချထားပေးလိုက်တာကြောင့် လူမြင်ကွင်းကနေ ပျောက်သွားကြတယ်။
■ ပါရီမှာကတော့ တရုန်းရုန်း တဝုန်းဝုန်းပဲ။ Gare du Nord ဘူတာကြီးကနေထွက်လို့ Strasbourg လမ်းမကြီးအတိုင်း ဆင်းလာလိုက်ရင် ပါရီရောက်နေသည်လား လားဂိုစ့်ရောက်နေသည်လား မသိရအောင် ထင်မှတ်မှားမယ်။ ဒါကလည်း သည်ရပ်ကွက်တွေဟာ ယခင်ကတည်းက အာဖရိကနွယ်ဖွားတွေများပြားရာ အရပ်တွေမို့လို့ ဆိုကြတယ်။
သည်လိုပဲ တရားမဝင်အာဖရိကသားတွေဟာ ယခင်ကတည်းက ဥရောပမြို့ကြီးတွေကို မရရောက်အောင်လာပြီး ဖြစ်သလို လုပ်ကိုင်စားသောက်ကြတယ်။ Seine မြစ်ကမ်းဘေး တံတားအောက်ခြေ အရိပ်အကာရှိရာတွေမှာ အဖီထိုးပြီးနေကြသူတွေလည်း ရှိတယ်။ တဖက် ဗြိတိန်ကို ကူးသန်းဖို့ အခွင့်အခါစောင့်ဆိုင်းနေကြသူတွေလည်း မနည်းလှပါ။ ဒါမျိုးကတော့ ဥရောပမှာ ၂၀၁၅ ခုနှစ် ရွေ့ပြောင်း Crisis စဖြစ်သည့်ကာလလောက်မှာ ပါရီကို ပထမအကြိမ်ရောက်ဖူးကတည်းက သတိထားမိတယ်။ ပါရီတင်မက အခြားဥရောပတလွှား မြို့ကြီးတွေမှာလည်း သူ့အထွာနှင့်သူ ရှိနေပြီးဖြစ်တာမို့ လမ်းဘေးစျေးခင်းနေကြသူများကို ပါရီမှာတင်မက ဘာစီလိုနာ ၊ အေသင်စသဖြင့် နေရာတိုင်းမှာ တွေ့ရတယ်။
■ မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းနွယ်ဖွားတွေဟာ တကူးတက ပြင်သစ်နိုင်ငံတော်ကြီး ပျက်ယွင်းပါစေ၊ ဥရောပတိုက် ကျဆုံးပါစေ ကြွေးကြော်ကာ ရောက်လာကြသူတွေတော့ မဟုတ်ပါ။ သက်ဆိုင်ရာပြည်တွင်းမှာ လုပ်ကိုင်စားသောက်ဖို့ လူမှုဘဝကြပ်တည်း၊ ပြည်တွင်းစစ်ကဖြစ်နေတာကြောင့် အန္တရာယ်ရောပြွန်းသည့် မိုင်ထောင်ပေါင်းများစွာကို ဖြတ်သန်းပြီး ဘဝသစ်အတွက် မျှော်ကိုးပြီးလာကြတယ်။ တကူးတကတော့ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ရာ မလုပ်နေကြပါ။ လူမျိုးတိုင်းဟာ လူဝါ၊ လူဖြူ၊ လူညို၊ လူမဲ အခြေအနေပေးရင် ဆိုးနိုင်ကြသလို စိတ်ထားကောင်းသူလည်း ဆတူလောက်ချည်းသာ။
သို့သော် ကြပ်တည်းစွာနေကြပြီး ဆုံးရှုံးစရာဘာမှမရှိသည့် ဤကြုံရာကျပမ်း လူအုပ်ကြီးသည် အဓိကရုဏ်းကြီးတွေဖြစ်လို့ အစိုးရအာဏာစက် လျော့ကျပျက်စီးချိန်မှာ လုပ်မိလုပ်ရာ အခွင့်ယူကြမလားဆိုသည်ကို တွေးကြည့်လို့ရပါ၏။
■ စတိတ်တခုဟာ မိမိရဲ့ယဥ်ကျေးမှုရပ်ဝန်းအတွင်းကို Integrate လုပ် မြိုယူနိုင်သည်ထက် ယဥ်ကျေးမှုနှင့်ကိုးကွယ်ရာ ကွဲပြားသည့် လူထုလူဝေးကို လက်ခံရသော် မျိုးဆက်အနည်းငယ်အတွင်းမှာ စင်ပြိုင်ကွန်မြူနတီတွေ ပေါ်ပေါက်လာပြီး ရှိရင်းစွဲတွေနဲ့ ပွတ်တိုက်မှု ဖြစ်လာမယ်။ အားကျစရာကောင်းလောက်သည့် ပြင်သစ်ဖြစ်မှု " Civil National Identity " ထက် ပိုမိုသော ပမာဏကို လက်ခံထားမိပြီလား ဆိုခြင်းဟာ မေ့သင့်သည့် မေးခွန်းပါ။ မသိဘူး၊ မရှိဘူးလို့ မျက်စိမှိတ် လျစ်လျူရှုထားယုံမျှဖြင့် လက်တွေ့ဖြစ်နေသည့်အရာများ ဖြေရှင်းသွားမည် မဟုတ်။
ပြင်သစ်သားတို့၏ " Protest Culture " ကြောင့်မို့ မထူးဆန်းလို့ ဆိုသူတွေကဆိုကြပါမယ်။ ပြင်သစ်ဟာ အမြဲတမ်းရုန်းရင်းဆန်ခတ် ဓလေ့ရှိတယ်။ မကျေနပ်မှုများပြီး လူကပ်တွေလို့လည်း ဆိုသူကဆိုတယ်။ လန်ဒန်ဟာ ပါရီမြို့တော်လောက် ရက်ဒီကယ်ဖြစ်တဲ့ လူထုအဓိကရုဏ်းတွေ မကြုံခဲ့ရဘူး။ ပြင်သစ်တို့ဟာ အသွေးထဲအသားထဲကနေ လူထုတိုက်ပွဲကတဆင့် အစိုးရများကို ထိမ်းကျောင်းဖို့ တာဝန်ရှိတယ်လို့ ခံယူကြတယ်။
■ သို့ဖြစ်ပေမယ့် လူဦးရေအချိုးအစားပြောင်းလာသည့်အခါ Protest လုပ်ကြသည့် လိုလားချက်တွေ ပြောင်းလဲလာတယ်။ သြဂုတ်လ Place de la République ရင်ပြင်ဘေးက ဖြတ်သွားစဥ်ကလည်း လူစုလူဝေးနှင့် ဆန္ဒထုတ်ဖော်နေမှုတွေကို တွေ့ပါ၏။ ထုံးစံအတိုင်း မေးကြည့်စရာမလို အလံနက်၊ အလံစိမ်းတို့ တလွင့်လွင့်ဖြင့် ပါလက်စတိုင်းအရေးသာ ဖြစ်နေတယ်။ လန်ဒန်မှာလည်း မြန်မာ့အရေးအတွက် ပါလီမာန်ကနေ ဒေါင်းနင်းလမ်းရှေ့ဖြတ်ကာ ထရာဖာဂါလ်စကွဲလ်မှာစုဝေးပြီး မြန်မာသံရုံးရှေ့အထိ ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်ခဲ့ကြမို့ မထူးဆန်းလှပါ။ သို့သော် နေ့စဥ်နေ့တိုင်း ပြင်သစ်သမ္မတနိုင်ငံ၏ ရီပတ်ပလစ်ရင်ပြင်မှာ ပြင်သစ်အရေးမဟုတ်သည်ချည်းကို ဒေါသတကြီး ကြိတ်မနိုင်ခဲမရ အရေးဆိုနေကြပြီဆိုလျှင်တော့ ထိုထိုသူသူတို့၏ တိမ်းယိမ်းမှုကို သံသယဝင်စရာ ဖြစ်လာပြီ။
ရွေ့ပြောင်းပထမမျိုးဆက်တွေဟာ မိမိမွေးရပ်မြေထက် ကောင်းမွန်ရာအရပ်ကို ရွေ့ပြောင်းလာကြသည်မို့ အချိုးပြေလေ့ရှိသော်လည်း နောက်မျိုးဆက်များသည် မွေးရာပါနိုင်ငံသားဖြစ်နေကြပြီမို့ အကြောမခံကြတော့သလို ယဥ်ကျေးမှုကွဲပြားသည့် စင်ပြိုင်ရပ်ဝန်းဖြစ်နေခဲ့လျှင် ဇစ်မြစ်နှင့်ပို၍ ဆက်စပ်ချိတ်ဆက်လိုကြတယ်။ ဒါကြောင့်မို့ အယ်လ်ဂျီးရီးယားအလံ၊ မော်ရိုကိုအလံတွေကိုပါ ဆန္ဒပြပွဲတွေမှာ တလူလူတွေ့ရမယ်။
■ ဤအရေး အစပြုခဲ့သည့် ပညာရေးကဏ္ဍကနေ ကုန်စျေးနှုန်းကြီးမြင့်လာခြင်းနှင့် ပင်စင်အသက်အရွယ်တိုးမြှင့်မှုစသဖြင့် ပြင်သစ်နိုင်ငံသားတို့ မကျေနပ်စရာ အရေးအရာတွေ များလှတယ်။ Cost of Living Crisis ကတော့ ပြင်သစ်တနိုင်ငံတည်းတွင် ဖြစ်နေသည်မဟုတ်ဘဲ ဥရောပတတိုက်လုံးနီးပါး ရုန်းကန်နေရတယ်။ ဥရောပနိုင်ငံတွေ အားနည်းလာသော Free Market အတွင်း စျေးပြိုင်နိုင်စွမ်းနှင့် သက်ကြီးရွယ်အိုတွေများပြားလာသဖြင့် လူမှုဖူလုံစနစ်များကို ဖိစီးမှုများအပြင် အီရန်အရေးကြောင့် စွမ်းအင်အကြပ်အတည်းဖြစ်လာသည့်အခါ ချာပလတ်ရမ်းနေရတယ်။ သည်ကြားထဲ ယူကရိန်း၏ စစ်စရိတ်ကို ကျခံနေရသေး၏။
ပြင်သစ်နိုင်ငံတော်၏ အကြွေးမှာ ပြန်လည်ပေးဆပ်နိုင်ဖို့ရာ ခက်ခဲလောက်သည်အထိ ဖြစ်လာနေတယ်။ Debt-to-GDP အချိုး ၁၁၀% အထက်ကို တက်နေပြီ။ အေအိုင်ခေတ်၏ ပြောင်းလဲမှုတို့ကြောင့် လူငယ်များကို Entry လယ်ဗယ်အလုပ်အကိုင်များ မဖန်တီးပေးနိုင်တော့မယ့် အနေအထားတွင် မျိုးဆက်သစ်များတွင် စတိတ်အပေါ် မလိုလားမနှစ်သက်မှု အစိုင်အခဲ ကြီးမားနေနိုင်တယ်။ ပြင်သစ်သမ္မတမက်ခရွန်ဟာ နိုင်ငံခြားရေးမူဝါဒအရ ဥရောပအစုအဖွဲ့၏ ခေါင်းဆောင်တဦးကဲ့သို့ ပြုမူ၍ သြဇာကြီးပေမယ့် ပြည်တွင်းတွင် လူကြိုက်နည်းလှတယ်။ ယခုလည်း ပင်လယ်ကွေ့အာရဗ်နိုင်ငံများကို ဒေသစာရီ ခရီးထွက်သွားလေတယ်။ ပြင်သစ်ရှိ အလွှာတချို့တို့၏ စုပြုံဒေါသသည် အခါသင့်ချိန်တွင် စုပြုံပေါက်ကွဲထွက်လာပါတယ်။
■ ဆိုရရင် ပြင်သစ်နိုင်ငံတလွှားက ဆန္ဒပြပွဲနှင့် အဓိကရုဏ်းတွေဟာ လက်ယာမီဒီယာများ မီးမောင်းထိုးနေကြသလို ရွေ့ပြောင်းဂျီဟတ်အုပ်စုကြီး ပြင်သစ်နိုင်ငံတော်ကို ဝင်ရောက်စီးနင်းကြသည်မျိုးလည်း မဟုတ်ပါ။ ပြင်သစ်နိုင်ငံသားတွေမှာ ဆန္ဒထုတ်ဖော်ဖို့ လုံလောက်သည့် အကြောင်းပြချက်များ ရှိပါ၏။ တရားမဝင် လမ်းကြောင်းများဖြင့် ရွေ့ပြောင်းများ ဝင်ရောက်မှုနှင့် ရေရှည်အကျိုးဆက်သည် ဝုန်းဒိုင်းဆိုသည်ထက် လှိုက်စားနေခြင်းဖြစ်ပြီး ယခုထက်နက်နဲပါတယ်။
သည်လိုပဲ လက်ဝဲမီဒီယာများ ပုံဖော်ကြသလို ဖြူစင်ရိုးသားအပြစ်ကင်း၍ အစွယ်မရှိသူများလည်း မဟုတ်နေပါ။ လူဦးရေအချိုးအစားပြောင်းလဲမှုကြောင့် လိုလားဆန္ဒနှင့် လုပ်ရပ်တွေရဲ့အရောင်အဆင်းပြောင်းလာပြီ ဖြစ်သလို တန်ပြန်မှုအနေဖြင့် ပြင်သစ်အပါအဝင် ဥရောပတလွှားမှာ အမျိုး၊ ဘာသာ ကာကွယ်မည်ဆိုသော လက်ယာစွန်းပါတီများ အားကောင်းလာကြသည်ကလည်း စိတ်ကူးယဥ် မဟုတ်ဘဲ လက်တွေ့မြင်နေရပါပြီ။ ယင်းကဏ္ဍကို လျစ်လှူရှုထားသော် မိုက်မဲရာကျပါ၏။
#Augustus_Linn
၂၂ အောက်တိုဘာ ၂၀၂၆


0 Comments