■ NCA ၁၁ နှစ်ပြည့်ပွဲအတွက် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွမ်းကနေ ပေးပို့သည့် ဗီဒီယိုတွင် မြန်မာနိုင်ငံနေ လူနည်းစုတိုင်းရင်းသားတွေ အနေနဲ့လည်း အဆင့်မြင့်မားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပုံစံတွေ ရှာဖွေကြဖို့ ပါဝင်၏။
သည်နေရာမှာ တရုတ်နိုင်ငံ၏ လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ( Autonomous ) ပုံစံကို အတုယူဖို့ ရည်ညွှန်းခြင်းပါ။ ဟောင်ကောင်နှင့် မကာအိုတို့လို အထူး ( Special ) အုပ်ချုပ်ခွင့်ရဒေသ မဟုတ်ပါ။ ယင်းတနိုင်ငံ စနစ်နှစ်မျိုး "One Country, Two Systems" အသွင်ကို ဘေဂျင်းကနေ လက်ခံထားသည်မှာပင် ကိုလိုနီအုပ်ချုပ်ရေးဟောင်းကနေ အသွင်ပြောင်းမှု ချောမွေ့စေဖို့နှင့် စီးပွားရေးအကျိုးအမြတ်အတွက်ကြောင့်သာ ဖြစ်ပါ၏။ ထိုင်ဝမ်ကျွန်းကို ပြည်မကြီးနှင့် ပြန်လည်ပူးပေါင်းလာနိုင်စေမယ့် အခင်းအကျင်းအဖြစ် ဥပမာပေးထားသည့် ရည်မှန်းချက်လည်းပါဝင်ပါသည်။
တိန့်ရှီကျွမ်းကနေ မြန်မာနိုင်ငံကို အထူးအုပ်ချုပ်ရေးဒေသများဖြင့် ပိုင်းခြားဖွဲ့စည်းဖို့ အကြုံပြုသည် မဟုတ်ပါ။ အထူးအုပ်ချုပ်ရေးပုံစံသည် မြူနယ်စပယ်ဧရိယာထက် ကျော်လွန်၍ မဖြစ်နိုင်သည့် စနစ်ပါ။ ၄င်းဆိုလိုသည်မှာ တရုတ်နိုင်ငံတလွှားရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပုံစံနှင့် အလားတူများ ဖြစ်ပါသည်။ အသုံးအလုံးကွာခြားပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်၏ အပြော ဖြစ်တာကြောင့် ဤသည်ပင် တရုတ်အစိုးရ၏ တရားဝင်ရပ်တည်ချက် ဖြစ်နေပြီလား။
■ တရုတ်နိုင်ငံတွင် နိုင်ငံသားတိုင်း လူမျိုးဘာသာမရွေး တန်းတူညီမျ ဖြစ်ကြောင်းပြဌာန်းထားပါ၏။ သို့သော် ဟန်လူမျိုးမဟုတ်သည့် လူမျိုးများ အဓိကနေထိုင်ရာ ဒေသများတွင် ယဉ်ကျေးမှု , ဘာသာစကားနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းနိုင်ရန်နှင့် မိမိဒေသကို မိမိဘာသာ စီမံအုပ်ချုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသော အထူးအုပ်ချုပ်ရေးစနစ် ရှိပါသည်။ အုပ်ချုပ်ရေးယူနစ်များ ဖွဲ့စည်းပုံအရ ပထမအဆင့် ၊ ဒုတိယအဆင့် နှင့် တတိယအဆင့် လယ်ဗယ်အထိ လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိပါ၏။
1st Level Adminiatrative Subdivision တွင် ( Province / ပြည်နယ် ) နှင့် အဆင့်တူသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် Region ၅ ခု ၊ ( Prefecture / ခရိုင် ) အဆင့် ၃၀ ခု နှင့် ( County / မြို့နယ် ) အဆင့် ၁၂၀ ခုခန့်ရှိပါ၏။
တိဘက်, Inner Mongolia ( မွန်ဂို ) နှင့် စင်ကျန်း ( ဝီဂါ ) တို့သည် ပြည်နယ်အဆင့် ဖြစ်၍ လီဆူတို့သည် Nujiang, သျှမ်းတို့သည် ဆစ်ဆောင်ပနားစသော Prefecture/ ခရိုင်အဆင့် ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရား ရရှိပါသည်။ မိုင်းလျဥ်းကတော့ သျှမ်း ၊ လားဟူနှင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ( County / မြို့နယ် ) အဆင့်ဖြစ်ပါ၏။ County အဆင့်အောက်တွင် Township ( မြို့နယ်ခွဲ ဆိုရမယ် ) နှင့် ကျေးလက်လယ်ဗယ်အုပ်ချုပ်ရေးများ ဖြစ်ပြီး Ethnic Township များ သတ်မှတ်ခံရပေမယ့် Autonomy အာဏာတော့ မရရှိတော့ပါ။ ဤလယ်ဗယ်တွင် တအာဝ်း ၊ မိုင်းသာ Ethnic Township များကိုလည်း တွေ့နိုင်ပါသည်။
■ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဟု သတ်မှတ်ခံထားရသည့်အခါ ဗဟိုဥပဒေများကို မဆန့်ကျင်ဘဲ လူမျိုးစု ထုံးလမ်းဓလေ့များနှင့် လိုက်ရောညီထွေရှိထွေ ရှိသော ဒေသန္တရဥပဒေများ ပြဌာန်းခွင့် ရပါသည်။ ဆိုင်ရာဘာသာစကားများကို အဆိုပါ ယူနစ်များတွင် မန်ဒရင်းနှင့်အတူ ရုံးသုံးဘာသာပြဌာန်းခွင့် ရှိပါသည်။
အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ အုပ်ချူပ်ရေးမှူးများသည် ဆိုင်ရာလူမျိုးထဲမှ ဖြစ်ရပါမည်။ ဥပမာ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ခေါင်းဆောင်သည် တိဘက်လူမျိုးဖြစ်ပါ၏။
သို့သော် တရုတ်နိုင်ငံ၏ စနစ်သည် Dual စနစ်ဖြစ်ပါသည်။ ( ကွန်မြူနစ် ) ပါတီကညွှန်ကြားသည်ကို အစိုးရယန္တရားက အကောင်အထည်ဖော်ရပါသည်။ သမ္မတရှီတွင် ပါတီအထွေထွေအတွင်းရေးမှူးရာထူးနှင့် အစိုးရအဖွဲ့ခေါင်းဆောင် သမ္မတရာထူး နှစ်ခုလုံးရှိသော်လည်း ပါတီရာထူးက ပိုမြင့်ပါသည်။ ပြည်နယ် ခရိုင် မြို့နယ် ရပ်ကွပ်များအထိလည်း ဤသဘောသာ ဖြစ်ပါ၏။ ပြည်နယ်တခု၊ ခရိုင်တခုတွင် အုပ်ချုပ်ရေးမှူး၏ အထက်တွင် နိုင်ငံရေးရာထူးဖြစ်သော ပါတီအတွင်းရေးမှူးရှိပါ၏။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ( လူမျိုး ) ဒေသ ဟုသတ်မှတ်ခံရသည့် အုပ်ချုပ်ရေးယူနစ်များတွင် အုပ်ချုပ်ရေးမှူးသည် ဆိုင်ရာလူမျိုးဖြစ်သော်လည်း ပါတီအတွင်းရေးမှူးကိုမူ ဗဟိုမှတိုက်ရိုက်ခန့်အပ်ထားပြီး ဟန်လူမျိုး အများစုဖြစ်ကြပါ၏။ ဝါစဥ်အားဖြင့် အုပ်ချုပ်ရေးမှူးတို့သည် ပါတီဒု-အတွေးရေးမှူးများ ဖြစ်နေကြသည်။
■ မြန်မာတို့သည် အလားတူ Dual sytem စနစ်များနှင့် မစိမ်းကားပါ။ ရှေးပဝေသဏီ ပဒေသရာဇ်ခေတ်ကာလကပင် သိန်းနီတွင် အုပ်ချုပ်ရေးအာဏာပိုင်အဖြစ် ဒေသခံသျှမ်းအမျိုးသားစော်ဘွား ရှိသော်လည်း မင်းနေပြည်တော်က ခန့်အပ်ထားသည့် မြို့ (ဝန်) လည်းရှိပါသည်။ နေ့တဓူဝ ဒေသန္တရ အရေးများကို စော်ဘွားတို့က ကိုယ်တွယ်သော်လည်း နိုင်ငံရေးအဆင့်တွင် ဝန်အဆင့်က ပို၍ မြင့်ပါ၏။ ဗြိတိသျှခေတ်တွင်လည်း ရှမ်းပြည်များအပါအဝင် Raj တလွှားတွင် ဒေသခံ ပဒေသရာဇ် Princely States များရှိကြပေမယ့် ဗြိတိသျှနိုင်ငံရေး အရာရှိ၏ စည်းကြပ်မှုရှိပါ၏။ လားရာကို နိုင်ငံရေးအရာရှိတို့က ညွှန်ကြားပါသည်။
မြန်မာရှိ မိမိကိုယ်ကို လူနည်းစုဟု သတ်မှတ်ထားကြသော လူမျိုးစုနိုင်ငံရေး အသိုင်းအဝန်းတို့သည် ယင်းစနစ်မျိုးကို ယနေ့ခေတ်အတွက် ပြန်လည်၍ကျင့်သုံးစေဖို့ ဆန္ဒရှိမည်ဟု မထင်မိပါ။
■ အဓိကအရေးကြီးသည့်နောက်တချက် လူမျိုးစုလက်နက်ကိုင်တပ်တော်များကို မည်သို့ ဖျော်ယူရမည်ဟူ၍ ဖြစ်၏။ သဘာဝအားဖြင့်ကတော့ နိုင်ငံတနိုင်ငံတွင် စစ်တပ်တတပ်သာ ရှိရမည်။ မြန်မာတွင် တခုတည်းသော ဖြစ်ရမည့်စစ်တပ်က သန္ဓေဖောက်၍ နိုင်ငံရေးအာဏာကို လုယူသည့်အခါ ရှုပ်ထွေးမှုတွေ ဖြစ်ကုန်၏။ ပြည်သူ့ Mandate ဖြင့် လက်နက်ကိုင်တပ်မတော်အသစ် ထူထောင်၍ ခုခံကြရသည့်အခါ ဗဟိုတပ်သည် တခုမက ဖြစ်လာသည်။ ရှိရင်းစွဲ အမျိုးသားလွတ်မြောက်ရေး တပ်မတော်များသာမက လူမျိုး၊ ဒေသအလိုက် တပ်တော်များ ရာဂဏန်းခန့်ပေါက်ဖွားလာကြသည်။
အလားတူအရေးမျိုးကနေ ထိမ်းမရသိမ်းမရ မွစာကျဲသွားနိုင်သည့် ဖြစ်တန်ခြေများကို ပြည်တွင်းစစ်ကြီးကို ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ရသော တရုတ်နိုင်ငံရေး ဦးဆောင်မှုအပိုင်းက နားလည်ပါ၏။ ထို့ကြောင့်ပင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ပါတီ၏ အကြွင်းမဲ့ ထိမ်းချုပ်မှုလက်အောက်တွင်သာ ထားရှိပါ၏။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်၊ ခရိုင် ၊ မြို့နယ်များသည် လုံခြုံရေးနှင့်ကာကွယ်ရေးကဏ္ဍတွင် လုပ်ပိုင်ခွင့်နည်းပါးသည်။ PLA တပ်မဆိုထားဘိ ပြည်သူ့ရဲတပ်ဖွဲ့များသည်ပင် နေ့တဓူဝလုပ်ငန်းဆောင်တာနှင့် ဘက်ဂျက်ပိုင်းတွင် ဒေသအုပ်ချုပ်ရေးအတိုင်း လည်ပတ် လုပ်သော်လည်း မူဝါဒနှင့် နည်းဗျူဟာပိုင်းတွင် ဗဟိုမှ ကြပ်မတ်ပါသည်။ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် အဆိုပါ ပြည်သူ့ရဲများအပေါ် Vertical Control ရှိ၍ ဒေသန္တရအစိုးရသည် Horizontal ဖြစ်ပါ၏။ ရဲတပ်ဖွဲ့ကိုပင် Dual ဖြစ်သော စနစ်ဖြင့် ထိမ်းချုပ်ကိုယ်တွင်ထား၏။
■ မြန်မာတွင် လက်နက်ကိုင်အသီးသီးကို အဆိုပါစနစ်ဖြင့် ဖျော်ယူနိုင်သော် တရုတ်နိုင်ငံနှင့် အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ဖန်တီးလို့ရနိုင်သော်လည်း ငါတို့လက်နက် ငါတို့လက်ထဲထားမည် ဆိုသော မူဝါဒရှိကြသည့်တပ်များကိုမူ အဖြေရှာဖို့ ခက်ခဲပါမည်။
တရုတ်နိုင်ငံတွင် စီစီပီသည် စစ်နိုင်သော Mandate ကနေ အကြွင်းမဲ့အာဏာတည်ဆောက်၍ သင့်တင့်မည်ဟုယူဆသော ပြဌာန်းခွင့်လုပ်ပိုင်ခွင့်ကို ပြန်လည်ဝေမျှထားခြင်းလို့ မြင်နိုင်သည်။ ဤနည်းဖြင့် သဟဇာတဖြစ်သော စနစ်ကို ဖန်တီးသည်။ မြန်မာတွင်မူ ယင်းအထက်စီးရမှု မရှိနေသေးသည့် နေပြည်တော်သည် စစ်အစိုးရဖြစ်စေ ၊ ဒီမိုကရက်တစ်အစိုးရဖြစ်စေ လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေပြီးသည့် ဒေသများကို Vertical Control စည်းကြပ်ဖို့ မဖြစ်နိုင်သလောက်ပါ။ ယနေ့အခေါ် Bottom-Up ဖြစ်နေပြီးပြီ။
ဗျူရိုကရေစီနိုင်နင်း၍ ပိုက်နက်မြေ၏ တလက်မ မကျန် အာဏာစက် သက်ရောက်စေသည့် တရုတ်နိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အလွှာအမျိုးမျိုးဖြင့် ရှုပ်ထွေးစွာ ဖွဲ့စည်းနိုင်သော်လည်း မြန်မာတွင်မူ ကသောင်းကနင်းဖြစ်လာနိုင်၏။ စင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြီးတွင်ပင် Bortala မွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ၊ Ili ကာဇက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်များ ထပ်၍ တဆင့်နိမ့်တွင် ဖွဲ့စည်းထားသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်များထဲတွင် ကွဲပြားသော လူမျိုးတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ်များရှိနေပြန်သည်။
သည်ဘက်တွင်မူ ဒေသတွင်း အိမ်နီးချင်းလူမျိုးတို့အကြား ကျောင်းတော်ကရန်စများ မငြိမ်းရှိသေး၏။ ထို့ကြောင့် တန်းတူယူနစ်များသည်သာ ရိုးရှင်း၍ အရှုပ်အရှင်းကင်းပါမည်။
■ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွမ်း၏ ဆန္ဒတွင် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး၍ ကုန်သွယ်စီးပွားဖွံဖြိုးလာသော် တည်ငြိမ်မှုရလာနိုင်မည်ဟု ယူဆနိုင်ပါသည်။ ဝ မော်ဒယ် ၊ မိုင်းလားမော်ဒယ် တို့သည် တဒင်္ဂတည်ငြိမ်မှုပေးသော်လည်း နိုင်ငံရေးအဖြေ မထွက်ထားသဖြင့် လိပ်ခဲတည်းလည်း အခြေအနေဖြစ်ပါ၏။ နိုင်ငံရေးအာဏာသာမက စီးပွားရေးနှင့်စစ်ရေးအာဏာပါ ကိုင်ထားနိုင်သည့်အခါ တရုတ်သမ္မတနိုင်ငံ Warlord Era နှင့်အလားတူ သူတလူ ငါတမင်း စင်ပြိုင်ဝင်ရိုးများသာ အခြေခိုင်ပြီး အားကောင်းလာပါလိမ့်မည်။
ယင်းသို့သော နေပြည်တော်-တိုင်းရင်းသားဒေသ ဆက်ဆံရေးတွင် တရုတ်နိုင်ငံအနေဖြင့် လတ်တလော အကျိုးအမြတ်ရနိုင်သော်လည်း ရေရှည်တွင် ဘေဂျင်း၏ အမျိုးသားအကျိုးစီးပွားဖြစ်မနေပါ။ မြန်မာ State နှင့် Near-state Non State Actors များ ဗားရှင်းတွင် တရုတ်နိုင်ငံသည် ဘက်အားလုံးကို မျှ၍ သြဇာသက်ရောက်ထားနိုင်ပါ၏။
■ သို့သော် ယနေ့တရုတ်နိုင်ငံ၏ အနေအထားသည် ပရောက်စီများ မလိုအပ်တော့ပါ။ စတိတ်-စတိတ်ချင်း ဆက်ဆံရေးကနေပင် လိုလားသည်ကို Deal လုပ်ယူနိုင်သော အစွမ်းရှိပါ၏။ အောက်စျေးမလိုပါ၊ Supply Chain ခိုင်မာမှုသာ လိုအပ်ပါသည်။ မြန်မာတွင်မည်သည့်အစိုးရတက်သည်ဖြစ်စေ မြေရှားသည်လည်းကောင်း ၊ အခြားသော သယံဇာတစီမံရေးသည်လည်းကောင်း နယ်စပ်တဖက် စိနတိုင်းကိုက လွဲ၍ အခြား လက်တွေ့ကျကျ တင်ပို့ဖို့ မဖြစ်နိုင်သလောက်ပါ။ စာချုပ်ပါအချက်အလက်များ အပြောင်းအလဲ အနည်းငယ်ဖြစ်ဖို့သာလိုအပ်သည်။ အန်တီစု၏ အစိုးရလက်ထက်တွင် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းသည့် သဘောတူညီချက်များ လက်မှတ်ထိုးနိုင်ခဲ့သည်ကို ပြန်ပြောင်းအောက်မေ့နိုင်၏။
မြန်မာ့ဒီမိုကရေစီလိုလားမှုသည် ဘေဂျင်းအကျိုးစီးပွားကို မထိခိုက်ပါ။ ဆန္ဒပါ၍ Willingness ဖြစ်သော ပူးပေါင်းဆောင်ရွက်မှုများကနေ ယုံကြည်မှုကိုပင် တည်ဆောက်နိုင်၏။
■ နယ်ခြားတလျှောက်ရှိ Non-State Actors များအပေါ် ဘေဂျင်း၊ ကူမင်း၏ သြဇာသည်လည်း အကြွင်းမဲ့ဖြစ်မနေပါ။ အမျိုးသားရေးလွတ်မြောက်ရေးကို ဆန္ဒရှိ၍ Ethno-Nationalism ကို အခြေခံကြသည့် ရည်မှန်းချက်တိုင်းတွင် မြန်မာပြည်မကို တွန်းကန်ဖို့လိုအပ်သလို စိနတိုင်း၏သြဇာကိုလည်း ခုခံဖို့လိုအပ်သည်။ ယနေ့ နီးကပ်သော ဆက်ဆံရေးဟူသည် Pragmatism လက်တွေ့ကျမှုကို ယာယီအခြေခံခြင်းသာ ဖြစ်ပါ၏။ နယ်ခြားစည်းတဖက် တရုတ်နိုင်ငံတွင်းတွင်လည်း မျိုးနွယ်တူ ဆွေမျိုးသားချင်းမကင်းသည်များ ထုထည်နှင့် နေထိုင်ကြရာ မြန်မာဘက်က Ultra-ကွန်ဖက်ဒရက် မော်ဒယ်သည် တဖက်ကို နည်းပေးလမ်းပြ Aspiration ပေါက်ဖွားဖို့ရာ ဖြစ်နေနိုင်သည်။
ယနေ့ Legitimacy လျော့ရွဲ၍ နယ်မြေမထိမ်းနိုင်သော စစ်အစိုးရနှင့် ဗဟိုအာဏာပြိုကွဲမှုတွင် အခွင့်အရေးယူလာနိုင်သည့် လက်နက်ကိုင်ထိမ်းချုပ်နယ်မြေများ နှစ်ဖက်လုံးတွင် ကျားဖြန့်စင်တာများ မှိုလိုပေါက်လာခြင်းသည် လက်တွေ့ပါ။ တရုတ်ပြည်မကြီး၏ အာဏာစက်ပြင်ပတွင် လုပ်ငန်းလည်ပတ်လိုသော တရုတ်နိုင်ငံသားဒုစရိုက်ဂိုဏ်းများအတွက်လည်း Wild Wild West ဖြစ်လို့လာသည်။
ယင်းအရေးသည် တရားဝင်မှုခိုင်မြဲ၍ အာဏာစက်လက်တွေ့ရှိသည့် စတိတ်အစိုးရချင်း တိုက်ရိုက်ညှိနှိုင်း၍ လွယ်ကူစွာ ဖြေရှင်းနိုင်သင့်ပေမယ့် တရုတ်-မြန်မာနယ်ခြားတဖက်တွက်မူ လက်ရှိ နိုင်ငံရေးအနေအထားကြောင့် ထိရောက်စွာကိုင်တွယ်ဖို့ ခက်လှပါ၏။
■ မြန်မာဘက်ခြမ်းရှိ မြမ္မာ , သျှမ်း , ဝ , လားဟူ , ကပြား , တရုတ်နွယ်ဖွားများအားလုံးတို့သည် နေထိုင်ရာဒေသကို မှီ၍ သမမျှတသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာနှင့် ပြဌာန်းခွင့်များကို ထိုက်တန်ကြသဖြင့် မြန်မာစတိတ်အနေဖြင့် ယင်းကို ဖြည့်စည်းပေးနိုင်သော အုပ်ချုပ်ရေးယန္တရားပုံစံဖြစ်အောင် စတိတ်၏ အခြေခံအုတ်မြစ်ကို မထိခိုက်စေဘဲ ပြုပြင်ပြောင်းလဲမှုလုပ်သင့်ပါ၏။
သို့သော် တရုတ်နိုင်ငံတွင်းရှိ " Autonomous " ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် အလားတူသည့် မော်ဒယ်သည် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဖို့ရာ အခက်အခဲများပါမည်။ နောက်ခံ Context ကွာခြားနေသလို အရွယ်အစားထုထည်နှင့် လူဦးရေအရ မတူညီကြပါ။ ယနေ့လက်နက်ကိုင်တပ်အသီးသီးကို ဖျော်ယူသိမ်းအုပ်နိုင်သလို သင့်တင့်သည် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ပြဌာန်းခွင့်ကို မျှဝေနိုင်သည့် ဒီမိုကရက်တစ်စနစ်အခြေခံ အုပ်ချုပ်ရေးယူနစ်များ ဖွဲ့စည်းခြင်းသည်သာ မြန်မာ့အနေအထားနှင့် ပိုမိုကိုက်ညီပါလိမ့်မည်။ ရေရှည်တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါသည်။
အကျိုးစီးပွားချင်း တိုက်ရိုက်ပွတ်တိုက်မှု ဖြစ်ပေါ်မလာအောင် လိမ္မာပါးနပ်စွာပြုမူနိုင်ကြသရွေ့ မည်သည့်အုပ်ချုပ်ရေးမော်ဒယ်ဖြင့် တည်ငြိမ်အောင် ဖန်တီးနိုင်ပါစေ ဧရာဝတီ - မြစ်ဝါ ဆွေမျိုးပေါက်ဖော် နှစ်ဦးနှစ်ဘက် အကျိုးရှိပါလိမ့်မည်။
မြေပုံ - တရုတ်နိုင်ငံ လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကြီး ၊ ခရိုင်နှင့် မြို့နယ်များ ( Richard Gilbert Zheng Wei Chen ဖန်တီးသည်ကို ဝီကီပီးဒီးယားမှ ကူးယူပါသည် )
#Augustus_Linn
၂၄ အောက်တိုဘာ ၂၀၂၆


0 Comments