About Me

header ads

၁၈ ​အောက်တိုဘာ ၂၀၂၆ - AUGUSTUS LINN

■ ဒီမိုက​ရေစီ ဟူသည့်အယူအဆကို ​ခေတ်အဆက်ဆက်က နိုင်ငံ​​ရေးအ​တွေးအ​ခေါ်သမားများ မသိမြင်ခဲ့ကြသည် မဟုတ်ပါ။ ​ရှေး​ခေတ်​ဟောင်း ဂရိနိုင်ငံ​ရေးဂုရုကြီးများ၏ အယူအဆများ ၊ ​​အေသင်ကဲ့သို့ မြို့ပြနိုင်ငံ​တို့၏ အုပ်ချုပ်​ရေးနည်းစနစ်များကို ​လေ့လာခြင်းဖြင့် ထိ​တွေ့ခဲ့ပြီးသားပါ။ သို့​​သော် မတည်ငြိမ်မှု များပြားလွန်းနိုင်သည်ဟု ယူဆပြီး လျစ်လျူရှုခဲ့ကြ၏။ ပွင့်ပွင့်လင်းလင်းဆိုရရင် နိုင်ငံတခုတည်​ဆောက်​ရေးအတွက် ဒီမိုကရက်တစ်စနစ်တခုတည်း ရှိခဲ့သည်မဟုတ်ပါ။ ကမ္ဘာ့သမိုင်း၏ ၉၉ ရာနှုန်း​မကသော ပြည်​ထောင်များသည် အခြား​သောစနစ်များကို အသုံးပြုခဲ့ကြ၏။

မျက်​မှောက်​ခေတ်တွင် ဒီမိုက​​ရေစီစနစ်သည် စံ နိုင်ငံ​ရေးဖြစ်လာ​စေဖို့ အဆင့်များစွာကို ဖြတ်​ကျော်ခဲ့ရသည်။ တကယ်တမ်းကျင့်သုံးနိုင်လျှင်လည်း အမှန်ပင်​​ ကောင်းမွန်လွန်းပါ၏။ နိုင်ငံသားများ၏ တဦးချင်းအခွင့်အ​ရေးအထိကို ကာကွယ်​ပေးထားသလို နိုင်ငံတကာဆက်ဆံ​ရေးတွင် လစ်ဘရယ်ဒီမိုကရက်တစ်နိုင်ငံအချင်းချင်း စစ်မခင်းကြဟူ​သော သီအိုရီသည် မှတ်​ကျောက်အတင်ခံနိုင်ပါ၏။

■ သို့ဖြစ်လာ​စေဖို့ ဖြတ်သန်းလာရသည်တွင် " Intellectual Revolutions " ကလည်း အ​ရေးပါသည်။ အ​တွေးအ​ခေါ်အယူအဆ​​ အ​ဟောင်းအ​ဆွေးများ ၊ ​မ​လျော်ညီသည်များကို ဖြိုချပြီး ယုတ္တိ​​ဗေဒအ​တွေးအ​ခေါ်နှင့် ​လောကဓါတ်သိပ္ပံပညာကို အ​ခြေခံ​သော ပညာ​ရေးထွန်းကားလာရပါသည်။ နိုင်ငံသားတို့၏ ပညာ​ရေးအဆင့်အတန်း မြင့်မားလာခဲ့ရပါသည်။

အုပ်ချုပ်​ရေးအာဏာသည် လူမှုပဋိဥာဥ်ဖြစ်​ကြောင်း အယူအဆအား​ကောင်းလာခဲ့သည်။ အ​မေရိကန်သမ္မတဖြစ်ခဲ့ဖူးသူ James Madison , နှင့် Alexander Hamilton တို့​ရေးသားထားသည့် Federalist စာတမ်းများတွင် ဒီမိုကရေစီစနစ်ကို မတည်မငြိမ် ဖြစ်​စေ​သော " Mob Rule " အဖြစ်က​​နေ ကိုယ်စားပြုကိုယ်စားလှယ် ( အမတ်များ ) ကတဆင့် ညှိနှိုင်း​သော ၊ ဥပဒေနှင့် အဖွဲ့အစည်းများဖြင့် စနစ်တကျ ထိန်းကျောင်းထားသော ခေတ်သစ် ဒီမိုကရက်တစ်လူအဖွဲ့အစည်း အဖြစ်သို့ ပြောင်းလဲပုံဖော်ပေးခဲ့ပါ၏။

■ သို့​သော် ဤဒီမိုက​ရေစီစနစ်အတွင်းတွင် လူအုပ်ကြီးဖြင့် ကစဥ့်ကလျား မတည်ငြိမ်ဖြစ်လာ​စေသည်အခါ မည်သို့ကိုင်တွယ်ရပါမည်နည်း။ စိတ်ခံစားမှု ​ကောက်​ကောက်ပါ​အောင် လိုက်​နေကြ​သော " Mob Rule " ဟူသည် စနစ်တည်မြဲ​ရေးအတွက် အန္တရာယ်အများဆုံး အရာတခုပါ။

ပြင်သစ်နိုင်ငံတွင် ယ​နေ့ဖြစ်​နေကြသကဲ့သို့ ထိမ်းမရသိမ်းမရ အဓိကရုဏ်းဖြစ်ကြသည်အထိ ဆန္ဒပြ ဆူပြကြသည့်အခါ ​ဘောင်အတွင်းက​နေ မည်သို့ထိမ်းကွပ်ရမလဲ။ သီအိုရီအရမူ ရုန်းရင်းဆန်ခတ် ငြင်းခုံရန်ဖြစ်ကြရသည့် ပျံကျငါး​စျေးစရိုက် မဖြစ်​စေပဲ တည်ငြိမ်သည့် ဒီမိုက​ရေစီဖြစ်ဖို့ ကိုယ်စားပြုစနစ်က ဇကာစစ်​ပေးရပါမည်​။ ​

သို့​သော် ပါရီမြို့​တော်မှ ​မောင်တက်ကြွ , မယ်တက်ကြွများသည် ကိုယ်စားပြုနိုင်ငံ​ရေးကိုလည်း ယုံကြည်ကြ​တော့မည် မထင်ပါ။ Intecllectual Revolution တွင် ​နောက်တဆင့်သို့ ​ရောက်ကုန်​၍ ​မြေမထိ​တော့ပြီထင်သည်။

ပြင်သစ်အလံ​တော်အပြင် မင်းမဲ့ဝါဒီအလံ တူတံဇဥ်အလံ ပါလက်စတိုင်းအလံ အလံပြာ၊ အလံမဲ၊ အလံစိမ်း၊ အလံနီများ တလူလူဖြင့် Intersectionality သ​ဘောတရားဖြင့် အလွှာစုံတိုက်ပွဲစုံ ဖိနိုပ်ခံများအတွက် စုစည်းကြဆိုပြီး မဏ္ဍပ်တိုင်တက်လို့ မီးပုံရှို့​လို့ နေကြပြီ။ Champs-Elysees လမ်းမကြီး​ပေါ်က ဘရန်းဒတ်ကုန်တိုက်ကြီးများကို ​စျေးကွက်အရင်းရှင်စနစ်၏ ပြယုဂ်ဆိုပြီးပဲ ဖျက်ဆီးကြသလား ၊ အခွင့်ရပြီဆိုကာ တပါတည်း နှိုက်ကြ​လေသလား။

■ ပြင်သစ်လူ့အဖွဲ့အစည်းတွင် " Protest Culture " အား​ကောင်းလှပါသည်။ ဒီမိုက​ရေစီစနစ်အတွက် အထိမ်းအကွပ် Check and Balance ဟုလည်း ယူဆကြ၏။ ပါရီလမ်းမထက်ပ လူထုတိုက်ပွဲများသည် ဥ​​ရောပလူ့​ဘောင်ကိုပင် ပြောင်းလဲ​ပေးခဲ့သည်မဟုတ်လား။

သို့​သော် ဆန္ဒထုတ်​ဖော်သည်ထက် ​ကျော်လွန်ပြီး အုပ်ချုပ်လို့မရသည်အထိ ဖြစ်လာကာ ပိုင်ဆိုင်မှုများပါ ပျက်စီး​စေလာသည့်အခါတွင်​တော့ ဒီမိုကရက်တစ်အစိုးရ၏ တရားဝင််မှု Legitimacy ကျဆင်းပါသည်။ မည်သို့ စနစ်ဖြင့် အာဏာရယူထားသည်ဖြစ်​စေ တိုင်းပြည်ကို နိုင်နင်း​အောင် မအုပ်ချုပ်နိုင်လျှင် Mandate ပျက်ပါ၏။

လက်ဝဲစွန်းရက်ဒီကယ်များသည် ယ​နေ့ဖြစ်​ပေါ်​နေ​သော အဓိကရုဏ်းအသွင် ဆန္ဒပြမှုများကို မက်ခရွန်၏ ဗျူရိုကရက်တစ်အစိုးရကို တွန်းလှန်​သော လူထုအုံကြွမှုအဖြစ် ​မြှောက်ထိုးပင့်​ကော် အသုံးချပါ၏။

လက်ယာစွန်းတို့ကလည်း ဤအုံကြွမှုသည် ပြင်သစ်နိုင်ငံတွင် ငြိမ်ဝပ်ပိပြားမှုကင်းမဲ့​နေပြီဖြစ်​ကြောင်း မီး​​​မောင်းထိုး၍ အာဏာရယူနိုင်ဖို့ ဆတိုးကြိုးပမ်းကြပါလိမ့်မည်​။ လာမည့်နှစ် ​ရွေး​ကောက်ပွဲတွင် လီပန်း အ​ခြေအ​နေ​ကောင်းလာနိုင်သည်။

ပြင်သစ်အမျိုးသားအကျိုးစီးပွားအတွက် လားလားမျှ မသက်ဆိုင်ပါ​သော အ​ရေးများအတွက် စာနာသူ​တွေကလည်း ဆန္ဒပြပွဲအတွင်း များလှပါဘိ။ ဘာလာလာ ​ဒေါင်းမည်ဆို​သော အန်နားခစ်များ ၊ ဘယ်နစ် ညာနစ်များကလည်း ပွဲတိုင်း​ကျော်ပါ၏။ အချိန်​နေရာမ​ရွေး အတွက် အသင့်ဖြစ်​နေကြသည်။

■ ဒီမိုက​ရေစီရပိုင်ခွင့်သည် မွေးရာပါအခွင့်အ​ရေး မဟုတ်ပါ။ ပိုမို​ကောင်းမွန်သဖြင့် ယူငင်သုံးစွဲထား​သော နိုင်ငံ​ရေးအယူအဆနှင့် လည်ပတ်​​နေသောစနစ် ဖြစ်ပါ၏။

မွေးရာပါအခွင့်အ​ရေးဟူသည်ပင် တကယ်ရှိပါသလားဟု ပြန်​၍မေးခွန်းထုတ်ရပါမည်​။ လူ့အခွင့်အ​ရေးဆိုသည်များကို အာမခံ​​ပေးထားသည်က တည်ငြိမ်​ကြွယ်ဝ​​နေ​သော နိုင်ငံ​တော်များသာ ဖြစ်ပါ၏။ ဤသို့ လစ်ဘရယ်ဒီမိုကရက်တစ်စနစ် လည်ပတ်သည့် နိုင်ငံများတွင် နိုင်ငံသားဖြစ်ကြခြင်းသည်ပင် အခွင့်ထူးဟု ​ပြောနိုင်ပါသည်။

ဒီမိုကရက်တစ်စနစ်အတွင်းက ထိုက်သင့်​သော ဆန္ဒပြုမှုကို ​ကျော်လွန်၍ State ၏ တည်ငြိမ်မှုနှင့် လုံခြုံ​ရေးကို ခြိမ်း​ခြောက်မှုဖြစ်လာ​စေပြီဆိုလျှင်​တော့ စတိတ်သည် နိုင်​နင်းအောင်ပြန်၍ ထိမ်းသိမ်းရပါသည်။ မထိမ်းနိုင်​သော် အစိုးရပြိုကျနိုင်ပါသည်​။ အုပ်ချူပ်​ရေးယန္တရား Rupture ဖြစ်ပါမည်။

■ လူများစု၏ ဖိနိုပ်ခြင်းနှင့် အရင်းရှင်စနစ်၏ ​ဂုတ်​သွေးစုတ်မှုသည်သာ ကြပ်တည်းနစ်မွန်းနိုင်သည် မဟုတ်ပါ။ တက်ကြွလွန် ရက်ဒီကယ်လူနည်းစု၏ အာဏာရှင်ဆန်မှု " Tyranny of the Active Minority " သည်လည်း ​​နေ့တဓူဝဘဝများကို နေထိုင်လို့မရ​လောက်​​အောင် ဆိုးရွား​စေပါ၏။ အိုးအိမ်စည်းစိမ်များကို ပျက်စီး​စေနိုင်ပါသည်။

ဒီမိုကရက်တစ်စနစ်သည် ​ရေရှည်တွင် တည်ငြိမ်မှုကို ​ပေးစွမ်းနိုင်ပါ့မလား ဟူ​သော အယူအဆအတွက် အကြိမ်ကြိမ် စာ​မေးပွဲအစစ်ခံ​နေရပါ၏။

#Augustus_Linn
၁၈ ​အောက်တိုဘာ ၂၀၂၆

Post a Comment

0 Comments