အေသင်၏ စနစ်ကိုပင် အချိန်ကာလ၏ နောက်ခံ Context အရဆိုလျှင် အလွန့်အလွန်ကို အတတ်ဆန်း၏လို့ သတ်မှတ်ကြတယ်။ ဘယ်နှယ့် ဆိတ်ကျောင်းသားနှင့် သူကောင်းမျိုးတွေကို တတန်းတည်း ဆန္ဒမဲပေးခွင့်ရမယ်ဆိုခြင်းကို ဘီစီ ၅၀၀ က ဘယ်နေရာဒေသမှာမဆို ရူးနှမ်းနှမ်းအယူအဆလို့ ရယ်သွမ်းသွေးခံရမယ်။ သို့သော် အေသင်က အကောင်အထည်ဖော်နိုင်ခဲ့ပါ၏။
အသက် ၃၀ အထက် အေသင်အမျိုးသားတိုင်းသည် ဦးရေ ၅၀၀ ပါဝင်သော ဦးဆောင်ကောင်စီထံကို ရွေးချယ်ခံရဖို့လည်း အခွင့်အလမ်းရှိတယ်။ တနှစ်တခါ Tribe တစုထံမှ အယောက် ၅၀ ဖြင့် Tribes ၁၀ ခုထံမှ ၅၀၀ ခန့် ရွေးချယ်တင်မြှောက်ကြတယ်။ သက်တမ်းကတော့ ၁ နှစ်ပဲ။ ၂ ခါထက်ပိုပြီး ရွေးချယ်ခံခွင့်လည်း မရှိဘူး။ ဤသည်ပင် အေသင်၏ အမြင့်ဆုံးအုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းဖြစ်သလို ဥပဒေပြုအာဏာလည်းရှိ၏။
■ သို့သော် အေသင်သားတို့အနေဖြင့် အဘယ်သူကို ဤ ၅၀၀ တွင် ပါဝင်နိုင်မလဲကို ဆန္ဒမဲဖြင့် မရွေးချယ်ဘူး။ မဲနှိုက်ပြီး ရွေးတင်ပါတယ်။ ဆိုရရင် အေသင်မြို့ပြနိုင်ငံ၏ ရာထူး ၉၀ ရာနှုန်းအထက်ခန့်ကို မဲနှိုက်၍ ရွေးချယ်ပါတယ်။ ဤနည်းဖြင့်သာ လူတိုင်းတွင် ရာထူးတာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးတန်းတူရနိုင်မယ်လို့ ယူဆတယ်။ မဲဆွယ်နိုင်မှ ရာထူးရသော် စကားပြောကောင်းသူများ၊ ဆွဲဆောင်နိုင်သူများ အခွင့်သာနေလိမ့်မယ်။
ကြည့်စမ်း Demos ဆိုသော အရပ်သားပြည်သူလူထုကို အခွင့်ပေးသည့် တကယ့် ဒီမိုကရေစီ စစ်စစ် ပါတကား။
သို့ပြုလျှင် အုတ်ရောရော ကျောက်ရောရောဖြင့် အေသင်၏ အုပ်ချုပ်ရေးယန္တရား မယိမ်းယိုင်နိုင်ဘူးလား။
■ စစ်ရေးနှင့် ဘဏ္ဍာစိုးရာထူးများကိုမူ မဲနှိုက်၍ မရွေးချယ်ပါ။ တနည်း ဆိတ်ကျောင်းသားများ လက်ထဲသို့ အေသင်၏ စစ်ဘက်အာဏာနှင့် ဘဏ်စာရင်းစီမံခွင့်ကို ထည့်၍မထားပါ။
စစ်ဘက်ဦးဆောင်သူ/ စစ်သူကြီး ( Strategoi ) ဆယ်ဦးကို နှစ်စဥ် အထက်ဖော်ပြပါ ၅၀၀ ဦး ကောင်စီကနေ ရွေးချယ်ခန့်အပ်ပါ၏။ ရာထူးသက်တမ်း ၁ နှစ်ဆိုပေမယ့် ဘယ်နှခေါက်ထမ်းဆောင်ရမယ်လို့ ကန့်သတ်ချက်မရှိဘူး။ နာမည်ကျော် Pericles ဟာ ၁၅ နှစ်တိုင် Strategos အဖြစ် အရွေးချယ်ခံခဲ့ရတယ်။
၄င်းမှာ ဤရာထူးကလွဲ၍ အခြား ဌာနကို ဦးစီးဦးဆောင်မှု မပြုပေမယ့် အလွန်အမင်း စကားပြောကောင်း၍ စန်းရှိတာကြောင့် ဦးဆောင်ကောင်စီနှင့် နိုင်ငံသားတွေကို ၄င်းလိုလားသည့် မူဝါဒနှင့် အစီအစဥ်တွေအတိုင်း အကောင်အထည်ဖော်ဖို့ ဆွဲဆောင်နိုင်ဲ့တယ်။ ဒါကလွဲရင် ဘုရင်မဟုတ်ခဲ့သလို အဓိပတိလည်း မဟုတ်ခဲ့ပါ။
■ ကောင်စီဝင်အဖြစ် ဂျူရီအဖြစ် အုပ်ချုပ်ရေးအရာရှိများအဖြစ် ပုရိသအမျိုးသားတိုင်း မဲပေါက်လို့ ရွေးချယ်နိုင်ခွင့် တန်းတူရှိပေမယ့် စွမ်းဆောင်မှု ညံ့ဖျင်း၍ ချာတူးလန်ခွင့်တော့ မရှိပါ။
ရာထူးသက်တမ်းကုန်ဆုံးတိုင်းတွင် စာရင်းစစ်ဝင်ပါ၏။ တိုင်စာများကို စိစစ်ပါ၏။ အကျင့်ပျက်လာဘ်စားခြင်း မဆိုထားဘိ အရည်အချင်းမပြည့်မှီခြင်း၊ ညံ့ဖျင်းခြင်းများအတွက်ပင် ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ပါတယ်။ ငွေဒဏ်ကနေ ပြည်နှင်ဒဏ်အထိ အမျိုးမျိုးအစာစားရှိပြီး ကွပ်မျက်ခံရသည်အထိ ဖြစ်နိုင်တယ်။ စာရေးတံမဲဖြင့် ရာထူးရယူနိုင်ခဲ့သူများထဲက ၂၀ ရာနှုန်းကျော်ဟာ ပြစ်ဒဏ်တနည်းနည်းကို ခံခဲ့ကြရတယ်။
Pericles ပင် စွဲချက်တင်ခံရခြင်းကနေ မလွတ်ခဲ့ပါ။ ဘီစီ ၄၀၆ ခုနှစ် Arginusae ရေကြောင်းတိုက်ပွဲတွင် စပါတာတို့ကို အနိုင်ရပေမယ့် မိုးသက်မုန်တိုင်းရှိနေခြင်းကြောင့် တိုက်ပွဲအပြီးတွင် အသက်ရှင်သူ အေသင်သားများကို မကယ်တင်နိုင်ခြင်းဖြင့် အောင်ပွဲရ စစ်သူကြီး ၆ ဦး အကွပ်မျက်ခံရပါတယ်။ နောက်ပိုင်းတွင် ၄င်းတို့ကို စွပ်စွဲ၍ ပြစ်ဒဏ်ချခဲ့သူ ကောင်စီဝင်နိုင်ငံရေးသမားများနှင့် ရွေးကောက်ခံများကိုလည်း ယင်းအပြစ်ပေးမှုမှားယွင်းသည်ဟု ပြန်လည်၍ စွဲချက်တင်ခံရကာ ဇာတ်သိမ်းမလှကြပါ။ တာဝန်ခံရသော စနစ်တွင် တာဝန်ခံရသူသည် ကိုယ်တိုင်လည်း ဖြစ်သွားနိုင်တယ်။
သည်တော့ မိမိအမည်ကို ရွေးကောက်ခံအဖြစ် မဲပုံးထဲသို့ ထည့်ဖို့ရာ " Goblet of Fire " ထဲသို့ မဲလိပ်သွင်းရသလို ဖြစ်လာနိုင်သည့် အကျိုးဆက်များကို တင်ကြိုပြင်ဆင်ထားဖို့တော့လို၏။ ဤနည်းဖြင့် မဲပေါက်၍ ရာထူးယူမည့်သူများ၏ ကွာလတီကို ထိမ်းချုပ်ထားတယ်။ အေသင်နိုင်ငံတော် ကျဆင်းကွယ်ပျောက်သွားပြီးနောက် ကမ္ဘာ့နိုင်ငံရေးတွင် ဒီမိုကရေစီဟူသော သဘောတရားကို ပြန်လည်ဆန်းသစ်လက်ခံလာကြဖို့ နှစ်ပေါင်း နှစ်ထောင်ကျော်ထပ်၍ ကြာမြင့်ခဲ့ပါ၏။
■ ( အလယ်ခေတ် ဖလော့ရင့်မြို့ပြနိုင်ငံတွင်လည်း Signoria ဟု သိကြသည့် အုပ်ချုပ်ရေးအာဏာပိုင်ကောင်စီ ၊ အကြံပေးအဖွဲ့နှင့် အခြားသောရေးရာကောင်စီများ၊ ဘုတ်အဖွဲ့ရာထူးများအတွက် မဲနှိုက်၍ ရွေးချယ်တင်မြှောက်ပါသည်။ သို့သော် ရွေးကောက်တင်မြှောက်ခံရဖို့အတွက် အရည်အချင်းပြည့်မှီရန်မှာ ( Trade Guilds ) သူကြွယ်ကြီးများ အစုအဖွဲ့ဝင် ဖြစ်ဖို့လိုအပ်သလို ငွေကြေးကုံလုံကြွယ်ဝနေမှသာ ဖြစ်နိုင်ရာ အစဥ်အလာကြီးမားသော သူကြွယ်မိသားစုကြီးများကသာ နိုင်ငံရေးအရ ကြီးစိုးနိုင်ကြတယ်။ Signoria တွင် ရွေးကောက်ခံ ၉ ဦးပါဝင်ပြီး သက်တမ်းမှာ ၂ လသာဖြစ်၍ တိုတောင်းလွန်း၏။
မျက်နှာမွဲများအဖွဲ့ နေရာရဖို့ မဖြစ်နိုင်သလို Forence ၏ နိုင်ငံရေးစနစ်ကို ပဒေသရာဇ်များလက်က ကာကွယ်ဖို့အတွက် မင်းမျိုးမင်းနွယ်သူကောင်းမျိုးများကို Signoria သို့ တင်မြှောက်ခံခွင့်ကို ပိတ်ပင်ထား၏။ ရွေးကောက်ခံဖြစ်လိုသော် မင်းဆွေမင်းမျိုးသူကောင်းဘွဲ့ကို စွန့်လွှတ်၍ Trade Guilds အသင်းဝင်ရပါမယ်။
Cosimo de' Medici ကိုယ်တိုင်သည် ဖလော့ရင့်မြို့၏ သရဖူမဆောင်းသော ဥသျှောင်လို့ဆိုကြပေမယ့် ဝါနုစဥ်က Signoria သို့ သက်တမ်း ၃ ခါသာ ရွေးကောက်ခံဖူး၏။ လက်တွေ့အာဏာကိုတော့ အခြားသော လုပ်ငန်းရှင်သူကြွယ်မိသားစုကြီးများနှင့် အဆက်အသွယ်ကောင်းမှု၊ ဘဏ္ဍာရေးအရ လွှမ်းမိုးနိုင်မှုတို့ကနေ တည်ဆောက်ပါတယ်။ ဤနည်းဖြင့် ဘယ်သူရွေးကောက်တင်မြှောက်ခံရမည်ကို နောက်ကွယ်ကနေ ထိမ်းချုပ်သွားခဲ့၏။ )
#Augustus_Linn
၁၅ အောက်တိုဘာ ၂၀၂၆


0 Comments