■ ဗြိတိန်အစိုးရဟာ ဆော်ဒီနိုင်ငံကို ဟူသီတို့ရန်ကနေ ကာကွယ်ဖို့ရာ တိုင်ဖုန်းဂျက်လေယာဥ်တွေ တပ်ဖြန့်ထားပေးမယ်ဆို၏။ ဒါဟာ ဆော်ဒီအာရေဗျကို အရပ်ကူပါ၊ လူဝိုင်းပါ ကူညီကာကွယ်ကြမည်ဆိုသော နိုင်ငံများစာရင်းကို ထပ်တိုးပူးပေါင်းလာကြခြင်းပါ။
ရှေ့တွင် မက္ကာကာကွယ်ရေးသဘောတူညီချက်အရ ပါကစ္စတန်နှင့် တူရကီတို့အပြင် ပြင်သစ်နှင့် အီဂျစ်တို့ကလည်း ဟူသီဘေးက ကင်းဝေးစေဖို့ ကတိခံထားကြတယ်။ ပါကစ်တပ်တွေရောက်နေပြီဆိုသလို အီဂျစ်မှာလည်း တပ်ဖြန့်ဖို့ အဆိုကို သည်နေ့ ပါလီမာန်မှာတင်ထားတယ်။ အစ္စရေးထံကနေပါ အကူအညီယူဖို့ အသံထွက်လာခဲ့ပေမယ့် ယခုလိုကာလတွင် သာမာန်လူထုအမြင်စောင်းစေမည့် ဇီယွန်နစ်တို့နှင့် ပူးပေါင်းသည်ဟူသော အမြင်မျိုး ဖြစ်စေ၍ မသင့်တော်ပါ။
နှစ်စဥ်နှစ်တိုင်း ကာကွယ်ရေးဘက်ဂျက်အသုံးစွဲဆုံး နိုင်ငံများစာရင်းတွင် ဆော်ဒီတို့ Top Ten စာရင်းဝင်ခဲ့သည်မှာ နှစ် ၂၀ ဆက်တိုက် မကတော့ပါ။ Hardware များဖြည့်ထားပေမယ့် ရေနံသူဌေးတို့၏ စစ်တိုက်လိုစိတ်နှင့် စစ်ရေးစွမ်းပကားက အချိုးကျကျတက်မလာသေးဟု မြင်နိုင်၏။
■ လက်တွေ့ စစ်ရေးအကူအညီအပြင် ဆော်ဒီအိမ်ရှေ့စံအနေဖြင့် တို့ဘက်တွင် မိတ်ကောင်းဆွေသဟာများ ရှိကြသည်ဟု ပြသဖို့လိုအပ်နေခြင်းကို အကောင်အထည်ဖော်ခြင်းဖြစ်ပါ၏။
တချိန်က မင်းညီမင်းသားများ စုပေါင်းအုပ်ချုပ်သော အသွင်ဆောင်ခဲ့သည့် ဆော်ဒီအစိုးရယန္တရားကို မောင်ပိုင်စီး၍ တဦးတည်းအာဏာဖြင့် အိမ်ရှေ့စံအမ်ဘီအက်စ် ကိုင်တွယ်ခဲ့သည်မှာ ဆယ်စုနှစ်တခု ပြည့်လုပြီ။ အာဏာစက်ပြင်းပြင်းဖြင့် ဘကြီးတော်၊ ဦးရီးတော်များကိုလည်း အရေးပါသည့်နေရာအသီးသီးကနေ ဖယ်ရှားခဲ့တယ်။
တဦးတည်း အုပ်ချုပ်နေပြီဖြစ်သဖြင့် ဆော်ဒီစတိတ်၏ လားရာအတွက် ရဲတင်းသော ဆုံးဖြတ်ချက်များကို မြန်မြန်ဆန်ဆန် လုပ်ကိုင်နိုင်သလို ကောင်းပြစ်ဆိုးပြစ်ကိုလည်း တဦးတည်း ခေါင်းခံရပါ၏။ တပါးသူကို လွှဲချ၍ မရတော့ပါ။
■ တက်လူဖြစ်သော မင်းသားသည် ရှေးရိုးစွဲနိုင်လှသည့် မိသားစုပိုင်နိုင်ငံတော်ကို အနာဂတ်တွင် ဆက်လက်တည်တံ့နိုင်အောင် ယင်းလိုလားသည့်အတိုင်း အားထုတ်ကြိုးပမ်းပါ၏။
အစဥ်အဆက်လက်ခံခဲ့သော တင်းကြပ်သည့်ဘာသာရေးထုံးလမ်းစဥ်လာကနေ ခွဲထွက်၍ ညင်သာမျှတသည့် " Moderate " အစ္စလာမ်အဖြစ် ဦးတည်ရာကိုပြောင်းပါတယ်။ သဘောထားအစွန်းရောက်သည့် ဘာသာရေးခေါင်းဆောင်များကို ဖယ်ရှားပါ၏။ ဘာသာရေးပုလိပ်များ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်တယ်။ ( နိုင်ငံရေးအရ ပြိုင်ဖက်များကိုပါ နိုပ်ကွပ်ခြင်းကတော့ လူ့အခွင့်အရေးတက်ကြွသူများထံက ဝေဖန်မှုခံရတယ် )
လူမှုဘဝလွတ်လပ်ခွင့်တို့ကို မြှင့်တင်ပါတယ်။ အမျိုးသမီးထုကိုပါ လုပ်ငန်းခွင်အတွင်းသို့ ဆွဲသွင်းနိုင်ဖို့ ရည်ရွယ်ချက်ထားတယ်။ ယခုနောက်ပိုင်း ဆော်ဒီနိုင်ငံ၏ ပုံရိပ်ကို ရင်းနှီးမြုပ်နှံသူနှင့် တိုးရစ်များအတွက် ဖော်ရွေကြိုဆိုသည့် မော်ဒန်စတိတ်အဖြစ် ပရိုမိုးရှင်းဆင်းသည့် ကြေညာများစွာ တွေ့ရမယ်။ ဘလော့ဂါများကို ဖိတ်ခေါ်သည်ကစ၍ ဖျော်ဖြေရေးကဏ္ဍများနှင့် Events များကိုလည်း လက်ခံကျင်းပပြီး ပုံရိပ်ကို အကြီးအကျယ်မြှင့်တင်တယ်။ PR အပိုင်း ငွေသုံးပါတယ်။
■ လူမှုရေးကဏ္ဍတွင် ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် မြှင့်တင်ပေးနေပေမယ့် နိုင်ငံခြားရေးမူဝါဒတွင်တော့ လက်တွေ့ကျ၍ ပြတ်သားတယ်။ အင်အားတည်ဆောက်ရာမှာ နျူအထိရည်မှန်းချက်ထားတယ်။ အမေရိကန် ၊ တရုတ် ၊ ရုရှား Great Power များနှင့် ဆက်ဆံရေးကောင်းမွန်သလို ကိုယ်တိုင်လည်း ဝင်ရိုး တည်ဆောက်နေခဲ့တယ်။
ပထဝီအရကတော့ ဒေသတွင်း အဓိကပြိုင်ဖက်က အီရန်ဖြစ်နေသည့်အပြင် ပင်လယ်ကွေ့ တွင်းတွင် ဆော်ဒီ-ယူအေအီး အားပြိုင်မှုကိုပါ မြင်လာရတယ်။
ဆိုရရင် ယခုနောက်ပိုင်းနှစ်များတွင် အခင်းအကျင်း အပြောင်းအရ Political အစ္စလာမ်အားပေးသည့် တူရကီ၊ ကာတာ နိုင်ငံများနှင့် ပြန်ပေါင်းထုတ်ထားရတယ်။ ဟူသီတို့ကို နှစ်အများတိုက်ခိုက်ခဲ့ပေမယ့် မခြေမှုန်းနိုင်ခဲ့တာကြောင့် Damage Control လုပ်ပြီး ထောက်ပံ့ကြေးပေးကာ ယင်းမျက်နှာစာကို တည်ငြိမ်အောင် ပြန်ထိမ်းခဲ့တယ်။ အစ္စရေးနှင့် ဆက်ဆံရေး Normalise လုပ်ဖို့အထိ ကြံရွယ်ခဲ့ပေမယ့် ဂါဇာအရေးဝင်ရှုပ်သဖြင့် ယင်းအပိုင်းတော့ လမ်းကြောင်းပိတ်သွားတယ်။
■ ယခုနှစ်စလောက်အထိ အိမ်ရှေ့စံ၏ လမ်းကြောင်းသည် အရှိန် မမြန်တော့ပေမယ့် ဦးတည်ရာကို တည်တည်ငြိမ်ငြိမ် ရွေ့လားနေပြီလို့ မြင်နေရသည့် အနေအထားပါ။ သည်အချိန်တွင် မထင်မှတ်သော မုန်တိုင်းဝင်သည်က အီရန်အရေးဖြစ်ပါ၏။
မိတ်ဆွေတော်ကြီး ဒေါ်နယ်ထွမ့်သည် ဆော်ဒီ၏ သဘာဝရန်ဘက် အီရန်ကို မပြောမဆို မတိုင်မပင်ပဲ ရှောင်တခင် စစ်ခင်းပါ၏။ ဘာသာရေးခေါင်းဆောင် အယာတိုလာစီနီယာ သုတ်သင်ခံရတယ်။ ဆော်ဒီတို့အတွက် ဝမ်းမြောက်စရာဖြစ်နိုင်ပေမယ့် အမေရိကန်သမ္မတကြီးသည် စခဲ့မိသော အရေးကို ပြီးဆုံးအောင် မလုပ်နိုင်သည့်အခါ ယခင်က Contain လုပ်ထားနိုင်သော အန္တရယ်ကြီးသည် ယခုအခါ ဒေသကြီးတခုလုံးကို လွင့်စင်ထွက်ကုန်တော့တယ်။
ဆော်ဒီနိုင်ငံ၏ စွမ်းအင်အခြေခံအဆောက်အအုံများ ကျည်ခသလို Investment နှင့် တိုးရစ်ကဏ္ဍများ ထိခိုက်ပါတယ်။ ဟော်မုဇ်ရေလက်ကြားပိတ်နေရာတွင် ကူဝိတ် ၊ ကာတာတို့လောက် ဒုက္ခမများသော်လည်း အထိအခိုက်တော့ မနည်းလှပါ။
■ ဆော်ဒီသည် ပင်လယ်နီဘက်သို့လည်း ထွက်ပေါက်ရှိသဖြင့် East-West ပိုက်လိုင်းမှတဆင့် အသက်ရှုပေါက်ရှာလို့ရသေးတယ်။ သို့သော် ယီမင်မှ ဟူသီတို့ တစခန်းထပြန်သည့်အခါ ယင်းလမ်းကြောင်းပါ ခြိမ်းခြောက်ခံရပါ၏။ ရီးယာဒ့်မြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးပင် ဟူသီလက်ချက်ကြောင့် ထိခိုက်အပျက်အဆီးဖြစ်လာတယ်။
စီးပွားရေးထိခိုက်လို့ ဘဏ္ဍာငွေမလျှံတော့သည့်အခါ အိမ်ရှေ့စံ၏ အနာဂတ်ပရော့ဂျက်ကြီးများ အကောင်အထည် ဖော်နိုင်မည် မဟုတ်ပါ။ ယခုမတိုင်ခင်ကတည်းက NEOM မက်ဂါစီမံကိန်းကြီ အခက်အခဲ ရှိနေခဲ့တယ်။ ဒုံးနှင့်ဒရုန်းများ ပျံဝဲနေသည့်အခါတွင်တော့ လုံခြုံဘေးကင်းသည့် ခေတ်ဆန်နိုင်ငံတော်သစ် ပုံရိပ်ပျက်ပါတယ်။
■ အထိခိုက်ဆုံးကတော့ ငွေလမ်းခင်း၍ ကာကွယ်ရေးအာမခံချက်ပေးဖို့ လမ်းဖောက်သည့် မိတ်ဆွေ အမေရိကန်သမ္မတကြီးသည် ဟူသီအရေးတွင် အိမ်ရှေ့စံ၏ အကူအညီတောင်းမှုကို တခါမက ငြင်းဆန်လိုက်ခြင်းဖြစ်၏။ ဒေါ်နယ်၏ မိသားစုသည် အကျိုးအမြတ်ကို ယူကားယူ၏။ အရေးအကြောင်းတွင် မျက်နှာလွှဲခဲ့ပါတယ်။
ဆိုထားသလို အာဏာကို တဦးတည်းလက်ကိုင်ထားသူအနေဖြင့် ကောင်းပြစ်ဆိုးပြစ်ကို ခေါင်းခံရရာ အမ်ဘီအက်စ်၏ ပုဂ္ဂိုလ်ရေးအခြေခံ ဒီပလိုမေစီ ကျဆုံးပြီလားဟုဖြစ်လာတယ်။ ဤအပိုင်းတွင် အဖက်ဆယ်နိုင်ဖို့ရာ ဗြိတိန် ၊ ပြင်သစ် ၊ အီဂျစ် ၊ တူရကီ ၊ ဆော်ဒီတို့ကနေ လက်တွေ့အကူအညီ ရမည်ဖြစ်ကြောင်း တွန်းလာရတယ် ။ ဘေဂျင်းကို ချဥ်းကပ်၍ အီရန်နှင့် ဟူသီတို့ကို ထိမ်းပေးဖို့လည်း နားချထားတယ်။ ဝါရှင်တန်အပြင် မိတ်ဆွေကောင်းတွေ အများအပြားရှိကြောင်း တိုင်းသူပြည်သားတွေကို ပြရပါတယ်။
■ နောက်ထပ် တကဏ္ဍကတော့ ဘာသာရေးအပိုင်းဖြစ်၏။ ဆော်ဒီနိုင်ငံ၏ သမိုင်းကိုပြန်ကြည့်လျှင် တော်ဝင် Al Saud အိမ်တော်နှင့် ဝါဟာဘီ ဘာသာရေးဦးဆောင်သူတို့၏ မဏ္ဍိုင်၂ ခုဟာ ပဒေသရာဇ်ပြည်ထောင်၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း တွေ့ရမယ်။ ယနေ့အထိလည်း နိုင်ငံဥသျှောင်မိသားစုနှင့် ဘာသာရေးဥသျှောင် Ulama တို့အကြားက ဆက်ဆံရေးဟာ အရေးပါဆဲပါ။ အစဥ်အလာအရ Ulama သည် ဆော်ဒီတော်ဝင်မိသားစု၏ အုပ်ချုပ်ပိုင်ခွင့် နိုင်ငံရေး Legitimacy ကို ထောက်ခံပေးခဲ့ပြီး အပြန်အလှန်အနေဖြင့် ဝါဟာဘီဂိုဏ်း၏ ဘာသာရေးပြန့်ပွားမှုကို ဆော်ဒီမင်းတွေက ကာကွယ်အားပေးခဲ့တယ်။
အိမ်ရှေ့မင်းသား၏ လက်ထက်တော်တွင် ရှေးရိုးစွဲလှသည့် ဘာသာရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍကို လျော့ချထားတယ်။ သို့တိုင် ယခုလူပြောများကြသည့် ဘင်ဂလားဒေရှ့် စုံတွဲကို ရက်ရက်စက်စက် အရေးယူမှုကဲ့သို့ အပိုင်းတွေမှာ ရှေးရိုးစွဲ ဘာသာရေးအာဏာပိုင်တွေက စီရင်နေကြဆဲပဲ။ အမ်ဘီအက်စ် ပြုပြင်ပြောင်းလဲလိုငြား အတာတာခ့်လို ပုဂ္ဂိုလ်ကြီးတွေလောက်တော့ အမြစ်ကနေ နှုတ်ထုတ်ဖို့ မရှိနေပါ။
■ သည်တွင် ရှီးယိုက်ဂိုဏ်းဝင်ဖြစ်သည့် အီရန်နှင့် ဟူသီတို့ကို ရင်ဆိုင်နေရာတွင် မိမိဘက်သားများကိုပါ ဘာသာရေးအရ စိတ်ဓါတ်မြှင့်တင်ပေးဖို့ ဘာသာရေးခေါင်းဆောင်တို့၏ ကောင်းချီးပေးမှုကို ပြန်၍ အသုံးပြုလာရသည်ကိုပင် တွေ့ရလာတယ်။ ယခုအတိုင်း ရုန်းကန်နေရသော် အမ်ဘီအက်စ်၏ သြဇာအထောက်အလျောက်ကျဆင်း၍ ဘာသာရေး Ulama တို့၏ လွှမ်းမိုးနိုင်မှုပင် ပြန်၍တက်လာနိုင်တယ်။ မဖြစ်စေချင်ပါ။
ရှေးရိုးစွဲ၍ တင်းကြပ်ပြင်းထန်သော ဘာသာရေးအဆုံးအမအောက်မှ လူ့အဖွဲ့အစည်းဖြစ်သဖြင့် ပဒေသရာဇ်မင်းသား၏ အမြင်တချို့သည်ပင် လစ်ဘရယ်လူ့ဘောင်နှင့် အနီးစပ်ဆုံး ဖြစ်နေတာမျိုးကို အူလည်လည် တွေ့ရမယ်။
ဤအရပ်ဒေသမျိုးတွင် မဲပုံးထောင်စေမည့်စနစ်ကို တိုက်ရိုက်သွားလို့မရပါ။ လူ့ဘောင်ကို အသွင်ပြောင်းဖို့ အရင်လိုအပ်တယ်။ ၇ ရာစုလို နေထိုင်သင့်ကြောင်း ယုံကြည်သူတွေ များပြားသည့်အရပ်တွင် မဲပုံးထောင်လျှင် ၇ ရာစုအမြင်ဖြင့် အုပ်ချုပ်မည့်သူသာ မဲနိုင်လိမ့်မယ်။ အာရဗ်ကမ္ဘာတွင် Secular ဖြစ်၍ လောကီယိမ်းသည့် ပဒေသရာဇ်၊ စော်ဘွားနှင့် အာဏာလက်စောင်းထက်သူများကသာ ရှေးရိုးစွဲ ဘာသာရေးအစွန်းရောက်များကို ထိမ်းထားနိုင်မယ်။ တချိန် လောကဓါတ် ပညာရေးအရ လူတန်းစားအားလုံးတို့၏ အတွေးအမြင်ပြောင်းလာချိန်တွင်မှ နိုင်ငံရေးစနစ်ကို ပြောင်းလဲသင့်၏။
■ အာရဗ်ပင်လယ်ကွေ့နိုင်ငံတို့တွင် ယူအေအီး၏ ရပ်တည်မှုနှင့် အနှစ်သာရကို အနှစ်သက်ဆုံးပေမယ့် ဆော်ဒီမင်းသား အမ်ဘီအက်စ်၏ ဗီးရှင်းကိုလည်း ရဲတင်း၍ အနာဂတ်မျှော်သည်ဟု ယူဆသဖြင့် သဘောတွေ့ပါတယ်။ လူမှုရေးအရ လွတ်လပ်စေ၍ လက်တွေ့နိုင်ငံရေး ကျင့်သုံးသည့်လမ်းစဥ်မို့ အကြိုက်နှင့် ထပ်တူကျတယ်။
ရှုပ်ထွေးတင်းမာလာသည့် အရှေ့အလယ်ပိုင်း၏ အခင်းအကျင်းတွင် ဆော်ဒီ၏ လူမှုရေး ပြုပြင်ပြောင်းလဲရေး အိပ်မက်များ တုန့်ဆိုင်းကာ မနှောင့်နှေးစေချင်ပါ။ ဆော်ဒီ Vision ၂၀၃၀ ကိုအောင်မြင်စေချင်သလို အမ်ဘီအက်စ်ကိုလည်း အဓိကပလေယာအဖြစ် ဆက်၍ မြင်ချင်ပါသေး၏။
#Augustus_Linn
၂၁ အောက်တိုဘာ ၂၀၂၆


0 Comments