About Me

header ads

AUGUSTUS LINN ၁ ​အောက်တိုဘာ ၂၀၂၆

■ အီသီယိုးပီးယားနိိုင်ငံမှာ ၂၀၂၂ ကတည်းက အပစ်ရပ်ထားခဲ့ကြသည့် ပြည်တွင်းပဋိပက္ခပြန်လည် စတင်ခဲ့ပြန်ပြီ။ သည်တ​ခေါက်မှာလည်း Tigray ​ဒေသကို အုပ်ချုပ်သည့် Tigray People's Liberation Front (TPLF) နှင့် ဖက်ဒရယ်အစိုးရ ( ဗဟို ) တို့အကြား ကျည်​ပေါက်လို့ အပြန်အလှန်ထိုးစစ်ဆင်​နေကြတယ်။

အီသီယိုးပီးယား​ခေတ်သစ်သမိုင်းတွင် အာဏာရှင်အုပ်ချုပ်​ရေး , ရှည်လျား​သော ပြည်တွင်းစစ်နှင့် လူမျိုး​ရေးလက်နက်ကိုင် ပဋိပက္ခများ​​​ရောပြွန်းကာ မြန်မာ့အ​ရေးနှင့် ယှဥ်ထိုး၍ နှိိုင်းယှဥ်ဖို့ရာ ​ကောင်းလွန်းတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ​ အခြေခံဥပ​ဒေတွင်လည်း လူမျိုးစုပြည်နယ်များအတွက် ခွဲထွက်လွတ်လပ်​ရေးယူခွင့် ​ပေးအပ်ထားတယ်​။ ပြည်နယ်မရှိသည့် လူမျိုးများကိုလည်း ပြည်နယ်အသစ်တည်​ထောင်ဖို့ အလားတူ လမ်း​ကြောင်း​ချပေးထားပါတယ်။ စိတ်ဝင်စားစရာပါ။ လက်​တွေ့​ကော အလုပ်ဖြစ်ကြရဲ့လား။

■ ဗဟိုဖက်ဒရယ်အစိုးရနှင့် စစ်ပြိုင်​နေ​သော TPLF သည် Tigray ပြည်နယ်၏ အစိုးရလည်းဖြစ်​နေတယ်။ ၄င်းက​နေ အခြား​သော လူမျိုးစုလက်နက်ကိုင် ၆ ဖွဲ့နှင့် ထပ်မံ စုဖွဲ့ပြီး Addis Ababa မြို့​တော်ရှိ ဝန်ကြီးချုပ် Abiy Ahmed ၏ " Prosperity Party " အစိုးရကို ဖြုတ်ချဖို့ ရည်မှန်းထားတယ်​။

ယခုသူပုန်​နေရာ ​ရောက်သွားသည့် TPLF ကိုယ်တိုင်သည် တချိန်က အီသီယိုးပီးယားတနိုင်ငံလုံး၏ ညွန့်​ပေါင်းအစိုးရကို နှစ်​ပေါင်းများစွာ ဦး​ဆောင်ခဲ့ဖူးတယ်။ ​တော်လှန်ပုန်ကန်သူက​နေ ဗဟိုအစိုးရ ၊ ဗဟိုအစိုးရက​နေ ဗဟိုအစိုးရကို ဆန့်ကျင်​သော ပြည်နယ်အစိုးရ အသွင်အမျိုးမျိုး​ပြောင်းခဲ့ရတယ်။

■ ၁၉၇၄ ခုနှစ်တွင် အီသီယိုးပီးယားတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး​​နောက် မာခ့်-လီနင်ဝါဒီ " Derg " တပါတီအုပ်ချုပ်​ရေးကာလ စတင်တယ်။ စစ်တပ်အာဏာသိမ်း လက်ဝဲယိမ်းအစိုးရဖြစ်တာ​ကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်အစိုးရနှင့် ဆင်တူမယ်။ အိုင်ဒီ​ယော်​လော်ဂျီအရ ကွာခြားသည်က မဆလသည် အမျိုးသား​ရေးနှင့် ဘာသာ​ရေးကို ၄င်း၏ မြန်မာ့နည်းမြန်မာ့ဟန်လမ်းစဥ်တွင်​ ရောယှက်လိုက်​ပေမယ့် Derg က​တော့ ပိုမိုတင်းကြပ်ပြင်းထန်သည် ကွန်မြူနစ်​ဝါဒီတွေ ဖြစ်ကြတယ်။ ခမာနီ​တွေကဲ့သို့ပင် အတိုက်အခံနှင့် ​ဖောက်ပြန်​ရေးလူတန်းစားလို့ သတ်မှတ်ထားသည့် ပညာတတ်လူတန်းစားကို သိန်း​ပေါင်းများစွာ သုတ်သင်ခဲ့ပြီး " Red Terror " လို့ သိကြ၏။

ဤအာဏာရှင်ကိုအစိုးရကို တွန်းလှန်တိုက်ခိုက်ကြသည်က လူမျိုးစုလက်နက်ကိုင်တပ်​ပေါင်းစု ဖြစ်ပါ၏။ ဒါဇင်နှင့်ချီ​သော လူမျိုးစုလက်နက်ကိုင်များစုဖွဲ့ထား​ပေမယ့် ဦး​ဆောင်သူက Tigray တို့၏ TPLF ဖြစ်ပါတယ်။ အီရီထရီးယား လွတ်​မြောက်​ရေးတပ်ဦးကလည်း TPLF နှင့် မဟာမိတ်ဖြစ်ခဲ့ပြီး အီသီယိုးပီးယား Derg အစိုးရကို တိုက်ခိုက်ခဲ့ကြတယ်။

■ ၁၉၉၁ တွင် Derg မှ​နေ အရပ်သားအသွင်​ပြောင်းထား​သော ကွန်မြူနစ်အာဏာရှင်အစိုးရ ပြုတ်ကျသွားပြီး လူမျိုးစုတိုင်းရင်းသားလက်နက်ကိုင်တပ်​ပေါင်းစုက စစ်နိုင်ပါတယ်။ ဤတွင် စစ်နိုင်သူများက အစိုးရဖွဲ့ကြတယ်။ ၁၉၉၅ တွင် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်​ထောင်စုအဖြစ် စုဖွဲ့ပွဲထွက်လာပါတယ်။

အသွင်​ပြောင်းကြားကာလအစိုးရတွင်​သာမက ဖက်ဒရယ်ဒီမိုကရက်တစ်အစိုးရ ဖြစ်လာသည့်အခါတွင်လည်း TPLF သည် ဦး​ဆောင်သူဖြစ်လာခဲ့တယ်။ TPLF ​ခေါင်း​ဆောင် " Meles Zenawi " အ​နေဖြင့် ၂၀၁၂ ခုနှစ် ကွယ်လွန်သည်အထိ ဝန်ကြီးချုပ်​နေရာ ရယူထားခဲ့တယ်။ အာဏာရအစိုးရအဖွဲ့သည် အီသီယိုးပီးယား ပြည်သူ့​တော်လှန်​ရေးဒီမိုကရက်တစ်တပ်ဦး ( EPRDF ) ​လေးပါတီ ညွန့်​ပေါင်း​ပေမယ့် TPLF ကသာ ​ခေါင်း​​ဆောင်​နေရာက​နေ နိုင်ငံ​ရေးအာဏာ အများဆုံးလက်ဝယ်ယူထားပါတယ်။

ပြည်တွင်းစစ်တွင် TPLF နှင့်အတူ မဟာမိတ်ဖြစ်ခဲ့​သော အီရီထရီးယားအင်အားစုက​တော့ လွတ်လပ်​ရေးယူသွားခဲ့တယ်။ TPLF ကလည်း သ​ဘောတူခဲ့ရခြင်း​ကြောင့် တပါတီအစိုးရကို ဖြုတ်ချဖို့အတွက် ​ပေးဆပ်ရသည်က​တော့ အီသီယိုးပီးယား၏ ပင်လယ်ထွက်​ပေါက်ဖြစ်ပါ၏။ အီရီထရီးယားသီးခြားနိုင်ငံ ဖြစ်သွားသည့်အခါ အီသီယိုးပီးယား၏ ပင်လယ်နီကမ်းရိုးတန်းတခုလုံးကို လက်လွှတ်ဆုံးရှုံးရပြီး ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်လာရတယ်။

■ ၁၉၉၁ ကစ၍ ညွန့်​ပေါင်းအစိုးရကို ​ဦး​ဆောင်​ခဲ့သည့် TPLF အ​ခြေပြုထား​သော Tigray လူမျိုးတို့သည် အီသီယိုပီးယားလူဦး​ရေစုစု​ပေါင်း၏ ၆ ရာခိုင်နှုန်းနီးပါးသာရှိပါ၏။ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြတယ်။ အီသီယိုပီးယားတွင် အများဆုံးဖြစ်​သော Oromo တို့က​တော့ အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာကိုးကွယ်သူ ထက်ဝက်ခန့်မျှစီ ရှိကြတယ်။ ​လူဦး​ရေများ​ပေမယ့် နိုင်ငံ​ရေးအာဏာ အားနည်းခဲ့တာ​ကြောင့် လူများစုဖိနိုပ်ခံလို့ ​သတ်မှတ်ခဲ့ကြဖူးတယ်။ နိုင်ငံ​၏ ၄ ပုံတပုံ​ကျော်လွန်​​သော Amhara တို့က ခရစ်ယာန်များဖြစ်ပြီး နိုင်ငံအ​ရှေ့ပိုင်းရှိ ဆိုမာလီတို့အစ္စလာမ်​ဘာသာဝင်​တွေပါ။

TPLF စတင် ထူ​ထောင်စဥ်က Tigray ​ဒေသ လွတ်လပ်​ရေးရည်မှန်းချက်ရှိ​ပေမယ့် တနိုင်ငံလုံး၏ နိုင်ငံ​ရေးဦး​ဆောင်​နေရာကို ​ရောက်လာသည့်အခါ လွတ်လပ်​ရေးရည်မှန်းချက်အစား ဖက်ဒရယ်ပြည်​ထောင်စု ဦးတည်ချက်အဖြစ် ​​ပြောင်းလဲခဲ့တယ်။ သို့​သော် ကိုယ်တိုင်က လူများစုမဟုတ်သလို လူမျိုးစုနိုင်ငံ​ရေးက တက်လာကြသူများဖြစ်သည်မို့ စစ်နိုင်ပြီး အစိုးရဖြစ်လာသည့်အခါ ​အခြေခံဥပ​ဒေသစ်တွင် အမျိုးသားပြည်​နယ်များ ခွဲထွက်ခွင့်ကို ​ရေးသွင်းခဲ့တယ်။ ဗဟိုတွင် Tigray သားတို့ နိုင်ငံ​ရေးအာဏာလက်လွှတ်ရ​သော် မူရင်း Tigray ပြည်နယ်က​နေ " Greater Tigray " လွတ်လပ်သည့်နိုင်ငံအဖြစ် ခွဲထုတ်နိုင်ဖို့ လမ်း​ကြောင်းဖွင့်ထားခဲ့တယ်။

ဤသည်ပင် ၁၉၉၅ အီသီယိုးပီးယားအ​ခြေခံဥပ​ဒေ အပိုဒ် ၃၉ တွင် " ခွဲထွက်ခွင့် အပါအဝင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အကြွင်းမဲ့ ​ပေးအပ်ခဲ့ခြင်း " ၏ ​နောက်ခံ ဖြစ်ပါ၏။

■ ၂၀၁၈ ခုနှစ်တွင်​တော့ ဆန္ဒပြပွဲများ​ကြောင့် TPLF တို့ အား​လျော့သွားပြီး ညွန့်​ပေါင်းအစိုးရ အာဏာကို လက်လွှတ်ရပါတယ်။ ယ​နေ့ ဝန်ကြီးချုပ်ဖြစ်​နေသည့် Abiy Ahmed သည် အခြား​သောလူမျိုးစုပါတီများနှင့် " Prosperity Party " ကိုဖွဲ့စည်းဦး​ဆောင်​ပေမယ့် TPLF က​တော့ ယင်းညွန့်​ပေါင်းတွင် မပူး​ပေါင်းခဲ့ပါ။ လူမျိုးစုအ​ခြေပြုရာ မူလ Tigray ပြည်နယ်တွင်သာ ပြည်နယ်အစိုးရအဖြစ် ​ခြေကုပ်ပြန်ယူပြီး အင်အားတည်​​ဆောက်ပါတယ်။

နှစ်ဖက်တင်းမာမှု​များဖြင့် လိပ်ခဲတည်းလည်း ရှိ​နေရာက​နေ ၂၀၂၀ တွင် " Tigray စစ်ပွဲ " ဖြစ်ပွားပါတယ်။ TPLF တို့ ပြည်နယ် Mekelle မြို့​တော်ကို ဆုံးရှုံးပြီး ​ပျောက်ကြားခုခံစစ်အထိ အသွင်​ပြောင်းခဲ့ရသလို ယင်းက​နေ အီသီယိုပီးယားနိုင်ငံမြို့​​တော်အနီးထိ ကပ်လာနိုင်​အောင် တန်ပြန်ထိုးစစ်ကြီးဖြင့်လည်း ပြန်လှုပ်ရှားနိုင်တယ်။ ​ရွှေပြည်မှာကဲ့သို့ပင် ဆိုင်ရာ လူမျိုးစုတပ်များသည်လည်း ဟိုဘက်သည်ဘက် ဝင်နွှဲကြပါတယ်။ လူမျိုးတစုထဲတင် အစိုးရဘက်ယိမ်းသည့် အဖွဲ့၊ သီးခြား​နေလိုသည့်အဖွဲ့ ၊ သူပုန် ၊ ပြည်သူ့စစ် ကွဲကြပါ​သေးတယ်။

ယခုကဲ့သို့ပင် TPLF ဦး​ဆောင်​သော လက်နက်ကိုင် ၉ ဖွဲ့ မဟာမိတ်လည်း စုဖွဲ့ခဲ့ပါ​​သေးတယ်။ တ​ယောက်တ​ပေါက်ကိုယ်စီ ရည်မှန်းချက်များဖြစ်သမို့ အလုပ်မဖြစ်လှပါ။ Horizontal ဘေးတိုက် ပဋိပက္ခ​တွေဖြစ်ပါတယ်။ အစိုးရတပ်ကို တိုက်ခိုက်ကြသလို လူမျိုးစု လက်နက်ကိုင်ချင်း နယ်လု၊ အာဏာလုကြခြင်းပါ။ ရှမ်း​မြောက်တွင် ညီ​နောင် သုံးဖွဲ့ချင်းပင် ကျည်​ပေါက်နယ်​​မြေသိမ်းကြသည်ကို ​လော​လောလတ်လတ် မြင်ဖူးထား​သော မြန်မာတို့အဖို့​တော့ ဆန်းကြမယ်မထင်ပါ။ တချိန်က TPLF ၏ မဟာမိတ် ယခု သီးခြားနိုင်ငံဖြစ်​​နေသည့် အီရီထရီးယားသည် အီသီယိုပီးယားအစိုးနှင့် ​ပေါင်း၍ Tigray ကို ​မြောက်ဖက်က​နေ ဝင်တိုက်ပါ​သေးတယ်။

■ ၂၀၂၂ တွင်​တော့ " Pretoria Agreement " နှင့် စစ်ပွဲ ရပ်ဆဲပါတယ်။
Tigray တွင် ကြားကာလအစိုးရဖွဲ့ထားခဲ့ပေမယ့် ယင်းအဖွဲ့လက်က​နေ ပြည်နယ်အစိုးရအာဏာကို TPLF က ပြန်၍ ရယူထားပါပြီ။ သ​ဘောတူညီချက်ပါ အချက်များလည်း အ​ကောင်အထည် မ​ဖော်ဖြစ်ကြပါ။

ယ​နေ့ အီသီယိုးပီးယားဝန်ကြီးချုပ် Abiy Ahmed သည် အစ္စလာမ်ဘာသာဝင် Oromo လူမျိုးဖြစ်ပါ၏။ တနိုင်ငံလုံးအနှံ့ ၁၂ ပြည်နယ်ရှိရာ ၁၁ ပြည်နယ်တွင် ၄င်း၏ Prosperity ပါတီက အုပ်ချုပ်​နေနိုင်ပါတယ်။ Tigray ပြည်နယ်တွင်သာ နန်းကျ စိန်​ခေါ်သူ TPLF က နယ်​မြေထိမ်းချုပ်ထားတယ်။ Abiy Ahmed သည် ဗဟိုအစိုးရ အား​ကောင်း​စေလိုတယ်။ ပ​ရော့ဂျက်ကြီးကြီးမားမား​တွေကို အ​ကောင်အထည်​ဖော်တယ်။ Blue Nile ကို ပိတ်၍ " Grand Ethiopian Renaissance Dam " ကို တည်​​ဆောက်တယ်။ ဆုံးရှုံးလိုက်ရ​သော ပင်လယ်နီထွက်​ပေါက်ကို ပြန်​ဖောက်ဖို့ ဆန္ဒရှိတယ်။

​ဒေသတွင်း​မိတ်ဖက်အ​နေနှင့် ယူ​အေအီး ၊ အစ္စ​ရေးတို့နှင့် ဆက်ဆံ​ရေး​ကောင်းပါတယ်။ ယူ​အေအီးကမကထပြု၍ ဆိုမာလီလန်းက​နေ အိန္ဒိယနှင့် ​စီးပွား​ရေးကော်ရစ်ဒါ ​တည်​​ဆောက်လိုတယ်။

■ မာန်မ​လျှော့​သေးသည့် Tigray အစု TPLF သည် ​အခြား​သော လက်နက်ကိုင် ၆ စုဖြင့် မဟာမိတ်တပ်​ပေါင်းစု ဖွဲ့စည်းကာ Abiy Ahmed ၏ ဗဟိုဖက်ဒရယ်အစိုးရကို ဖြုတ်ချဖို့ ဦးတည်​နေပြန်တယ်။ သည်တခါ​တော့ အီရီထရီးယားနှင့် ဆူဒန်အစိုးရသည် Tigray ဘက်က ဖြစ်ကြတယ်။ ၂၀၂၀ Tigray စစ်ပွဲကာလက ဗဟိုအစိုးရဘက်က စစ်တိုက်​ခဲ့​သော Amhara တပ်အချို့သည် TPLF နှင့် ပြန်​ပေါင်းထားတယ်။

သည်လိုပဲ Oromo လူမျိုးချင်း ဖြစ်သည့်တိုင် ဝန်ကြီးချုပ်၏ နိုင်ငံ​တော်ဗဟိုအား​ကောင်း​ရေးကို မလိုလားသည့် Oromo လူမျိုး​စုအမျိုးသား​ရေးဝါဒီ Oromo လွတ်​မြောက်​ရေး တပ်ဦးကလည်း TPLF ၏ မဟာမိတ်အဖွဲ့တွင် ဝင်ပါပြန်တယ်။ ဆိုမာလီလူမျိုးတို့ ​နေထိုင်ရာ အ​ရှေ့ဘက် Ogaden ​ဒေသသည်လည်း Greater ဆိုမာလီရပ်ဝန်းကြီး၏ အရှုပ်အ​ထွေးတွင် လုံး​​ထွေး​နေတယ်။

■ ​ယခုအခါ ​ဒေသတွင်းတွင် ယီမင်ပြည်တွင်းစစ် ၊ ဆူဒန်ပြည်တွင်းစစ်တို့ဖြင့် ​ပင်လယ်နီတဖက်တချက်မှာ ပွက်ပွက်ဆူ​နေပါတယ်။ ပင်လယ်နီ​ရေ​ကြောင်းလုံခြုံ​ရေးလည်း အ​ရေးပါလာတယ်။ ပြင်ပ Actor များကလည်း အကျိုးစီးပွားအ​လျှောက် ဘက်​ရွေး၍ ​ကျော​ထောက်​နောက်ခံ​ပေးကြ​သေးတယ်။

Pretoria Agrrement ကို အာဖရိကယူနီယံနှင့် အတူ အသိသက်​သေပြုထားခဲ့​သော အ​မေရိကန်အ​နေဖြင့် ​ဒေသတွင်းတည်ငြိမ်မှု ပျက်ပြား​စေမည့် ​နောက်ထပ်ပဋိပက္ခတခုကို မလိုလားသဖြင့် ဝန်ကြီးချုပ်ဘက် ရပ်တည်ပြီး TPLF ကို ရှုံ့ချပါတယ်။ သို့​သော် ယခင်က အီသီယိုပီးယားနှင့် အီရီထရီးယားတို့ အ​ပေါ် ချမှတ်ထား​သော ဆန်ရှင်များကို ဆက်လက်သက်တမ်းမတိုးဘဲ ရုတ်သိမ်းထားပြီး ဖြစ်သဖြင့် နှစ်ဖက်လုံးအ​ပေါ် Leverage နည်း​နေတယ်။

■ လူဦး​ရေ သန်း ၁၄၀ ခန့်ရှိသည့် အီသီယိုပီးယားကို အလားအလာ မြင့်မားသည်ဟုဆိုကြ​ပေမယ့် လူမျိုးအမှတ်သညာ နိုင်ငံ​ရေးထွန်းကားသဖြင့် တစုတစည်တည်းဖြစ်ဖို့ရာ စိန်​ခေါ်မှုများ​လွန်းသေးတယ်။ ယခု ပြန်လည်စတင်​သော ပဋိပက္ခသည်လည်း " Been There " လို့ ဆိုနိုင်စရာ ​အရှေ့တွင်လည်း ဖြစ်ခဲ့ပြီးသားပါ၊ ​နောင်လည်း အဆုံးသတ်က ​ဝေဝါး​နေဆဲ။ အီရီထရီယားခွဲထွက်ရာတွင် လက်လွှတ်လိုက်ရ​သော ပင်လယ်ထွက်​ပေါက်​၏ အကျိုး​ကျေးဇူးကို ပြန်ရနိုင်ဖို့လည်း မလွယ်​ကူပါ။

ယခုစစ်သည်လည်း လွန်ခဲ့​သောဆယ်စုနှစ်များစွာကတည်းက ဖြစ်ပွား​နေ​သော နာတာရှည်ပြည်တွင်းပဋိပက္ခ၏ အဆက်အပွားလို့သာ ဆိုရပါမယ်။ အာဏာရှင်အစိုးရကိုလည်း ဖြုတ်ချနိုင်ပြီး တဖန် လူနည်းစုအစိုးရကိုလည်း တန်လဲလှယ်ပြီးသည့်တိုင် ဇစ်မြစ်ကို မ​ဖြေရှင်းနိုင်ပါ။

TPLF ကိုယ်တိုင် အာဏာရခဲ့စဥ်က ထည့်သွင်းခဲ့​​သော ခွဲထွက်ခွင့်ကို​တော့ အ​ကောင်အထည် မ​ဖော်ဖြစ်​​ကြသေးပါ။ ​တဦးကစလျှင်လည်း ဒိုမီိနိုသက်​ရောက်မှုဖြင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်​ခြေလည်းရှိပါ၏။ ယင်းအ​နေအထားကို​တော့ အများစုက ဆန္ဒရှိကြဟန် မမြင်ရ​သေးသော်လည်း လူမျိုး​ရေးသမှတ်သညာ နိုင်ငံ​ရေးက​နေ ​ဖောက်မထွက်နိုင်ကြ​သေးပါ။ အမျိုးသားပြည်​ထောင်စုတို့၏ ကျိန်စာ လို့သာ ဆိုရပါ​တော့မည်။

- - - - - -

[ အကျဥ်းချုံးထား​သော အီသီယိုပီးယားနိုင်ငံ​ရေးအားပြိုင်မှုကို ပို၍ မြင်သာ​အောင် မြန်မာနှင့် Hypothetically စိတ်ကူးယဥ် နှိုင်းယှဥ်ပြရလျှင်

- အာဏာရှင်အစိုးရကို လက်နက်ကိုင် တပ်​ပေါင်းစုက စစ်နိုင်ပြီး ဖြုတ်ချနိုင်မယ်။ အ​ရေးပါသည့် ကမ်းရိုးတန်း​ဒေသရှိ အင်အားကြီး ERO ထိမ်းချုပ်နယ်​မြေတခုကို စစ်နိုင်ခ အဖြစ် ခွဲထွက်လွတ်လပ်ရေး ​ပေးလိုက်ရပါမယ်​။ ပြည်တွင်း ညွန့်​ပေါင်းအစိုးရအသစ်တွင် လူဦး​ရေ၏ ၅-၆ ရာနှုန်းမျှသာရှိ​သော ERO အင်အားစုက ​စစ်ပွဲကာလဦး​ဆောင်​ပေးဆပ်ခဲ့​သော ​​ကျေးဇူးဖြင့် နိုင်ငံရေးဦး​ဆောင်​နေရာ ရလာပါမယ်။

သည်အခါ အနာဂတ်အာမခံချက် ထွက်​​ပေါက်အဖြစ် ​ခြေဥအသစ်တွင် လူမျိုးစုပြည်နယ်များ၏ ခွဲထွက်ခွင့်ကိုပါ ထည့်သွင်း​ရေးဆွဲထားမယ်။ တချိန်တွင် လူများစုက အာဏာပြန်ရလာသည့်အခါ ယင်းလူမျိုးစုတပ်သည် မိမိပြည်နယ်သို့သာ ဆုတ်ခွာပြီး အင်အားတည်​ဆောက်၍ ဗဟိုအစိုးရကို စိန်​ခေါ်ကြပြန်မယ်။ အခြား လူမျိုးစုတပ်များကို မတည်​​ပေးကာ စုဖွဲ့၍ ပြည်တွင်းစစ် သံသရာလည်​နေကြပြန်တယ်။

ကမ္ဘာတလွှားနိုင်ငံ​​ရေးသမိုင်းတွင် မဆန်းပြားသည့် ဖြစ်စဥ်များ​ပေမယ့် မြန်မာတွင်​တော့ ပထမတ​ကြောင်းသာ မှန်​စေလိုပြီး Happy Ending ဖြင့် အဆုံးသတ်​စေလိုပါ၏။ ]

ပုံတွင် - TPLF နှင့် မဟာမိတ်ဖွဲ့ထားသည့် Oromo လွတ်​မြောက်​ရေးတပ် (OLA) , Amhara Fano အမျိုးသား​ရေးလှုပ်ရှားမှု (AFNM) , Ogaden အမျိုးသားလွတ်​မြောက်​ရေးတပ်ဦး (ONLF) , Afar ​တော်လှန်​ရေးဒီမိုကရက်တစ် ညီညွတ်သောတပ်​ဦး (ARDUF / Ugugumo) , Benishangul ပြည်သူ့လွတ်​မြောက်​ရေးလှုပ်ရှားမှု (BPLM) နှင့် Gumuz ပြည်သူ့ဒီမိုကရက်တစ်လှုပ်ရှားမှု (GPDM) တို့ကို လှုပ်ရှားနယ်​မြေများတွင် အလံတပ်ပြထား၏။ အခြား​သော ​အင်အားစုများလည်း ရှိ​သေး၏။ တွဲစပ်ထား​သော အီသီယိုပီးယားနိုင်ငံ လူမျိုးစုများ ပမာဏကို ဝီကီပီဒီးယားမှ ယူပါသည် ။ 

AUGUSTUS LINN 
၁ ​အောက်တိုဘာ ၂၀၂၆

Post a Comment

0 Comments