မြန်မာဟာ အမေရိကန်နဲ့ ကမ္ဘာ့သမုဒ္ဒရာတစ်ဖက်ခြမ်းတည်းမှာ ရှိနေတဲ့နိုင်ငံ မဟုတ်ပါဘူး။ တရုတ်နဲ့ ကီလိုမီတာထောင်ချီ နယ်နိမိတ်ချင်းထိစပ်နေပြီး အိန္ဒိယနဲ့လည်း နယ်နိမိတ်ရှိနေတဲ့ နိုင်ငံပါ။ အရှေ့တောင်ဘက်မှာ ထိုင်း၊ လာအိုတို့ ရှိနေပါတယ်။ ဆိုလိုတာက မြန်မာ့ပဋိပက္ခရဲ့ မီးခိုးကို အဝေးကနေ ကြည့်နေသူတွေထက် နယ်စပ်တစ်ဖက်မှာ ရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေက ပိုမိုနီးကပ်စွာ ခံစားနေရတာ ဖြစ်ပါတယ်။
အမေရိကန်တစ်ဖက်တည်းကိုမျှော်နေချိန်မှာမြန်မာ့အရေးကို ဘယ်သူကဆုံးဖြတ်နေတာလဲ….?
နိုင်ငံရေးမှာ တစ်ခါတလေ အရေးကြီးဆုံးမေးခွန်းက “ဘယ်သူက ငါတို့ဘက်မှာ ရှိသလဲ” ဆိုတာ မဟုတ်ပါဘူး။ “ဘယ်သူ့လက်ထဲမှာ အခြေအနေကို ပြောင်းလဲနိုင်တဲ့ အင်အားရှိသလဲ” ဆိုတာပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ဒီမေးခွန်းကို အနောက်နိုင်ငံတွေဘက်မှာ အဖြေရှာခဲ့ကြပါတယ်။ ဝါရှင်တန်၊ လန်ဒန်၊ ဘရပ်ဆဲလ်နဲ့ ကုလသမဂ္ဂရဲ့ စင်မြင့်တွေမှာ မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံတကာအာရုံစိုက်လာအောင် ကြိုးပမ်းခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက်လည်း အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှု၊ ထောက်ခံမှုနဲ့ အကူအညီတွေဟာ တော်လှန်ရေးရဲ့ အရေးကြီးတဲ့ မဟာဗျူဟာတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် တော်လှန်ရေးက ငါးနှစ်နီးပါး ရောက်လာတဲ့အချိန်မှာ မေးခွန်းတစ်ခုကို ပြန်မေးဖို့ လိုလာပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ မြန်မာ့အရေးကို ပြောင်းလဲပေးနိုင်တဲ့ အင်အားအဖြစ် တကယ်ရှိနေသေးသလား။ ဒါမှမဟုတ် မြန်မာ့မြေပြင်နဲ့ နယ်စပ်ဒေသတွေမှာ တကယ်ဆုံးဖြတ်နိုင်စွမ်းရှိနေသူတွေက တခြားသူတွေလား။
ဒီမေးခွန်းကို ဖြေဖို့ မြန်မာ့နိုင်ငံရေးကို ဝါရှင်တန်ကနေသာ ကြည့်လို့ မရတော့ပါဘူး။ ပေကျင်း၊ ဘန်ကောက်၊ နယူးဒေလီနဲ့ အာဆီယံမြို့တော်တွေဘက်ကိုပါ လှည့်ကြည့်ရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးစတင်ချိန်က NUG ရဲ့ သံတမန်ရေးဟာ အနောက်နိုင်ငံတွေနဲ့ နီးကပ်စွာ ချိတ်ဆက်ပြီး ဒီမိုကရေစီနည်းကျ တရားဝင်မှုကို နိုင်ငံတကာမှာ ထူထောင်ဖို့ အာရုံစိုက်ခဲ့ပါတယ်။
အမေရိကန်က BURMA Act ကို အတည်ပြုခဲ့တာ၊ ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းကနေတစ်ဆင့် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ဆက်လက်ထိန်းသိမ်းထားနိုင်တာ၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဩစတြေးလျတို့မှာ NUG ရဲ့ သံတမန်ရေးရာ လှုပ်ရှားမှုတွေ တိုးချဲ့နိုင်ခဲ့တာတွေဟာ အောင်မြင်မှုတွေ ဖြစ်ပါတယ်။
ဒါပေမယ့် သံတမန်ရေးရာ အောင်မြင်မှုနဲ့ မြေပြင်အာဏာချိန်ခွင် ပြောင်းလဲသွားတာဟာ အရာတစ်ခုတည်း မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေက စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ကြသလို နည်းပညာနဲ့ အခြားအကူအညီအချို့လည်း ပေးခဲ့ပါတယ်။ ဒါပေမယ့် NUG ကို အစိုးရအဖြစ် အပြည့်အဝ အသိအမှတ်ပြုတာ၊ သို့မဟုတ် မြေပြင်စစ်ရေးအခြေအနေကို သိသိသာသာ ပြောင်းလဲနိုင်မယ့် တိုက်ရိုက်စစ်ရေးအကူအညီ ပေးတာမျိုးတော့ မဖြစ်လာခဲ့ပါဘူး။
ဒါကြောင့် တော်လှန်ရေးက ရှည်လျားလာတာနဲ့အမျှ “အနောက်က ထောက်ခံသလား” ဆိုတဲ့မေးခွန်းထက် “အနောက်က ဘာလုပ်ပေးနိုင်သလဲ” ဆိုတဲ့မေးခွန်းက ပိုအရေးကြီးလာပါတယ်။
ဒီနေရာမှာ David Scott Mathieson ရဲ့ ဝေဖန်ချက်က စိတ်ဝင်စားစရာကောင်းပါတယ်။ သူက NUG၊ NUCC နဲ့ CRPH တို့ရဲ့ သံတမန်ရေးဆောင်ရွက်ချက်တွေဟာ အာရှအိမ်နီးချင်းနိုင်ငံတွေထက် အနောက်နိုင်ငံတွေကို ပိုမိုဦးစားပေးထားတဲ့ အားနည်းသော သံတမန်ရေးဖြစ်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ မြေပုံကို တစ်ချက်ပြန်ကြည့်ရင် ဒီဝေဖန်ချက်ရဲ့ အဓိပ္ပါယ်ကို ပိုမြင်လာနိုင်ပါတယ်။ မြန်မာဟာ အမေရိကန်နဲ့ ကမ္ဘာ့သမုဒ္ဒရာတစ်ဖက်ခြမ်းတည်းမှာ ရှိနေတဲ့နိုင်ငံ မဟုတ်ပါဘူး။ တရုတ်နဲ့ ကီလိုမီတာထောင်ချီ နယ်နိမိတ်ချင်းထိစပ်နေပြီး အိန္ဒိယနဲ့လည်း နယ်နိမိတ်ရှိနေတဲ့ နိုင်ငံပါ။ အရှေ့တောင်ဘက်မှာ ထိုင်း၊ လာအိုတို့ ရှိနေပါတယ်။ ဆိုလိုတာက မြန်မာ့ပဋိပက္ခရဲ့ မီးခိုးကို အဝေးကနေ ကြည့်နေသူတွေထက် နယ်စပ်တစ်ဖက်မှာ ရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေက ပိုမိုနီးကပ်စွာ ခံစားနေရတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွားဟာ “မြန်မာ့ဒီမိုကရေစီ ဘယ်လိုဖြစ်သင့်သလဲ” ဆိုတဲ့ မေးခွန်းတစ်ခုတည်းနဲ့ မဆုံးဖြတ်ပါဘူး။ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး၊ ဒုက္ခသည်၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ စွမ်းအင်နဲ့ မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံ တွေက သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို တစ်ချိန်တည်းမှာ ဆွဲကိုင်ထားပါတယ်။
ဒီအခြေအနေမှာ တရုတ်ရဲ့ အခန်းကဏ္ဍဟာ ပိုပြီး ထင်ရှားလာပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာ့အရေးမှာ အာရုံစိုက်မှု လျော့နည်းလာနေချိန်၊ ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်းပဋိပက္ခနဲ့ အမေရိကန်ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲတွေက နိုင်ငံခြားရေးဦးစားပေးချက်တွေကို ပြောင်းလဲနေချိန်မှာ တရုတ်ကတော့ မြန်မာနိုင်ငံနဲ့ ပထဝီဝင်အရ မခွဲမခွာနိုင်တဲ့ အိမ်နီးချင်းအဖြစ် ရှိနေပါတယ်။
ISP-Myanmar ရဲ့ မဟာဗျူဟာသုံးသပ်ချက်တွေမှာလည်း အမေရိကန်ရဲ့ ပါဝင်မှု လျော့နည်းလာချိန်မှာ တရုတ်ဟာ မြန်မာ့ပဋိပက္ခကို ပုံဖော်ပေးနိုင်တဲ့ အဓိက ပထဝီနိုင်ငံရေးအင်အားစုတစ်ခုအဖြစ် ပိုမိုထင်ရှားလာတာကို သုံးသပ်ထားပါတယ်။
တရုတ်အတွက် မြန်မာ့အရေးဟာ ဒီမိုကရေစီနဲ့ အာဏာရှင်ဆိုတဲ့ အယူအဆနှစ်ခုကြားက ရွေးချယ်မှုတစ်ခုတည်း မဟုတ်ပါဘူး။ နယ်စပ်တည်ငြိမ်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ (CMEC)၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စွမ်းအင်လမ်းကြောင်းတွေလို တရုတ်ရဲ့ ရေရှည်မဟာဗျူဟာ အကျိုးစီးပွားတွေပါဝင်နေပါတယ်။
ဒါကြောင့် မြန်မာ့မြောက်ပိုင်းမှာ စစ်ရေးအခြေအနေတွေ ပြောင်းလဲလာတဲ့အခါ တရုတ်ရဲ့ တုံ့ပြန်ပုံကလည်း အရေးကြီးလာပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့က မြို့တွေ၊ စစ်စခန်းတွေ အများအပြား သိမ်းပိုက်နိုင်ခဲ့ချိန်မှာ တရုတ်ဘက်ကလည်း မြောက်ပိုင်းနယ်စပ်တည်ငြိမ်ရေးနဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။
နယ်စပ်ကုန်သွယ်ရေး၊ လျှပ်စစ်၊ အင်တာနက်နဲ့ ရိက္ခာစတဲ့ လမ်းကြောင်းတွေကို ဖိအားပေးအသုံးချတဲ့ “ဖြတ်ငါးဖြတ်” လို့ ခေါ်ဆိုကြတဲ့ မူဝါဒတွေကလည်း တရုတ်ရဲ့ သြဇာဟာ သံတမန်ရေးစာရွက်စာတမ်းတွေပေါ်မှာပဲ ရှိနေတာမဟုတ်ဘဲ မြေပြင်စီးပွားရေးနဲ့ နယ်စပ်ဘဝတွေအထိ ရောက်ရှိနေတယ်ဆိုတာကို ပြသခဲ့ပါတယ်။
လားရှိုးမှာ ဖြစ်ခဲ့တဲ့ အခြေအနေကိုပဲ ကြည့်ရင် တရုတ်ရဲ့ ဖိအားဟာ ဘယ်လောက်ထိ အကျိုးသက်ရောက်နိုင်သလဲဆိုတာ မြင်နိုင်ပါတယ်။ MNDAA က လားရှိုးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းခဲ့ရတဲ့ ဖြစ်စဉ်၊ TNLA က မိုးကုတ်နဲ့ မိုးမိတ်ကို ပြန်လည်စွန့်လွှတ်ခဲ့တဲ့ ဖြစ်စဉ်တွေ၊ MNDAA က NUG နဲ့ PDF တွေနဲ့ ဆက်ဆံရေး ဖြတ်တောက်ကြောင်း ထုတ်ပြန်ခဲ့တာတွေဟာ တရုတ်ရဲ့ ပထဝီနိုင်ငံရေး သြဇာကို လက်တွေ့မြေပြင်မှာ တွေ့မြင်ရစေတဲ့ ဖြစ်ရပ်တွေ ဖြစ်လာခဲ့ပါတယ်။
ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ခု ရှိပါတယ်။ မြန်မာ့တော်လှန်ရေးထဲက အင်အားစုအားလုံးဟာ NUG လိုပဲ ကမ္ဘာ့နိုင်ငံရေးကို မမြင်ကြပါဘူး။ ဝ တပ်မတော်၊ ရက္ခိုင့်တပ်တော်၊ MNDAA၊ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ရဲ့ နယ်မြေ၊ စစ်ရေးအင်အား၊ စီးပွားရေးနဲ့ ရေရှည်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အနီးဆုံးအိမ်နီးချင်း နိုင်ငံတွေနဲ့ လက်တွေ့ကျကျ ဆက်ဆံကြပါတယ်။
သူတို့အတွက် နိုင်ငံတစ်နိုင်ငံက ဒီမိုကရေစီကို ဘယ်လောက်ကောင်းကောင်း ပြောပေးသလဲထက် နယ်စပ်တံခါးကို ဘယ်သူက ထိန်းချုပ်ထားသလဲ၊ ကုန်သွယ်ရေးလမ်းကြောင်းကို ဘယ်သူက ဖွင့်ပေးနိုင်သလဲ၊ လက်တွေ့မှာ ဘယ်သူက ဖိအားပေးနိုင်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ ဒါဟာ Realpolitik ရဲ့ အဓိပ္ပါယ်တစ်ခုပါပဲ။ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အပြုအမူတွေကို ကြည့်ရင်လည်း အလားတူပုံစံကို တွေ့ရပါတယ်။
ထိုင်း၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့ဟာ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုထားကြသလို စစ်ကောင်စီနဲ့လည်း လုံးဝဆက်ဆံရေးဖြတ်တောက်မထားကြပါဘူး။ သူတို့အတွက် မြန်မာ့အရေးဟာ ဒီမိုကရေစီအရေးတစ်ခုတည်း မဟုတ်ပါဘူး။ နယ်စပ်လုံခြုံရေး၊ ဒုက္ခသည်၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေးတွေပါ တစ်ပြိုင်နက်တည်း ပါဝင်နေပါတယ်။
အာဆီယံရဲ့ Five-Point Consensus ဟာ တိုးတက်မှုနှေးကွေးနေရင်တောင် ဒေသတွင်းနိုင်ငံတွေ အနေနဲ့ မြန်မာ့အရေးကို လက်လွှတ်ထားလို့ မရပါဘူး။ အိမ်နီးချင်းနိုင်ငံတွေဟာ စစ်ကောင်စီနဲ့လည်း ဆက်ဆံရသလို၊ မြေပြင်မှာ အင်အားရှိနေတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း ဆက်ဆံရပါတယ်။ ဒီနေရာမှာ NUG အတွက် အခက်ခဲဆုံး သင်ခန်းစာတစ်ခု ပေါ်လာပါတယ်။
နိုင်ငံတကာက တရားဝင်မှု ရရှိဖို့နဲ့ နိုင်ငံရေးအရ အကျိုးသက်ရောက်မှု ရရှိဖို့ဟာ အတူတူမဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာ ထောက်ခံမှုရလာနိုင်ပါတယ်။ လွှတ်တော်တွေမှာ မြန်မာ့အရေးကို ပြောဆိုလာနိုင်ပါတယ်။ Sanctions တွေ ထွက်လာနိုင်ပါတယ်။ သံတမန်ရေးအရ NUG ရဲ့ တရားဝင်မှုကို ထောက်ခံတဲ့ အသံတွေ ရှိလာနိုင်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ နယ်စပ်တစ်ဖက်မှာ တပ်တွေ ရှိနေပြီး၊ နယ်စပ်ကုန်သွယ်ရေးတံခါးတွေကို ဖွင့်ပိတ်နိုင်သူတွေ၊ လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးနိုင်သူတွေ၊ စီးပွားရေးလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်သူတွေက အာရှအိမ်နီးချင်းနိုင်ငံတွေ ဖြစ်နေတယ်ဆိုရင် အဲဒီအင်အားကို လျစ်လျူရှုလို့ မရပါဘူး။ ဒီအချက်ဟာ NUG ရဲ့ နိုင်ငံခြားရေး မဟာဗျူဟာကို ပြန်စဉ်းစားဖို့ လိုအပ်လာတဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။
ISEAS-Yusof Ishak Institute က သုတေသီတွေဖြစ်တဲ့ Moe Thuzar နဲ့ ထက်မြက်မင်းထွန်းတို့ရဲ့ သုံးသပ်ချက်တွေမှာလည်း NUG အတွက် အာဆီယံနဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေရဲ့ ထောက်ခံမှုရရှိရေးဟာ အဓိကစိန်ခေါ်ချက်တစ်ခု ဖြစ်နေတယ်ဆိုတာကို တွေ့ရပါတယ်။ အာရှနိုင်ငံတွေဟာ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ တွန့်ဆုတ်နေသလို စစ်ကောင်စီနဲ့ ဆက်ဆံရေးကိုလည်း လုံးဝဖြတ်တောက်ဖို့ မလိုလားကြပါဘူး။
ဒါဟာ အာရှနိုင်ငံတွေက ဒီမိုကရေစီကို မယုံကြည်လို့ ဆိုတာထက် သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို တန်ဖိုးထားမှုထက် အကျိုးစီးပွားနဲ့ လုံခြုံရေးက ပိုပြီး ဆွဲကိုင်ထားတာ လို့ မြင်နိုင်ပါတယ်။
အလားတူ ပြည်တွင်းနိုင်ငံရေးမှာလည်း “အနောက်နိုင်ငံတွေ သဘောကျစေဖို့” နဲ့ “မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ တကယ်အပြောင်းအလဲဖြစ်စေဖို့” ဆိုတဲ့ အရာနှစ်ခုကြား ကွာဟချက်ကို မျက်စိမလွှဲသင့်ပါဘူး။
NUG ရဲ့ ရိုဟင်ဂျာရေးရာ ဒုဝန်ကြီး အောင်ကျော်မိုး ၂၀၂၆ ခုနှစ်မှာ နှုတ်ထွက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရိုဟင်ဂျာအခွင့်အရေး လှုပ်ရှားသူ မောင်ဇာနီက NUG ရဲ့ လုပ်ဆောင်ချက်တွေကို Tokenism နဲ့ Communicative Manipulation ဆိုတဲ့ ဝေါဟာရတွေနဲ့ ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။ အဆိုပါဝေဖန်ချက်ဟာ NUG ရဲ့ မူဝါဒတစ်ခုလုံးကို အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်မဟုတ်ပေမယ့်၊ အနောက်နိုင်ငံတွေကို ပေးပို့လိုတဲ့ နိုင်ငံရေးပုံရိပ်နဲ့ မြေပြင်မှာ လူနည်းစုအခွင့်အရေးတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မှုကြား ကွာဟချက် ရှိ၊ မရှိကို ပြန်လည်မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။
အဆုံးမှာတော့ ပြဿနာက “အမေရိကန်ဘက်မှာ ရပ်မလား၊ တရုတ်ဘက်မှာ ရပ်မလား” ဆိုတာ မဟုတ်ပါဘူး။ အဲဒီမေးခွန်းကိုယ်တိုင်က မြန်မာနိုင်ငံအတွက် မမှန်ကန်တဲ့ မေးခွန်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအတွက် ပိုအရေးကြီးတာက ဘယ်နိုင်ငံကိုမှ တစ်ဖက်တည်း အားကိုးမနေဘဲ၊ ဘယ်နိုင်ငံရဲ့ အကျိုးစီးပွားကို ဘယ်လိုနားလည်ပြီး ကိုယ့်အကျိုးစီးပွားအတွက် ဘယ်လိုအသုံးချမလဲ ဆိုတာ ဖြစ်ပါတယ်။
ယနေ့ကမ္ဘာဟာ အမေရိကန်တစ်နိုင်ငံတည်းက အရာအားလုံးကို ဆုံးဖြတ်ပေးနိုင်တဲ့ ကမ္ဘာ မဟုတ်တော့ပါဘူး။ တရုတ်က ရှိနေပါတယ်။ အိန္ဒိယက ရှိနေပါတယ်။ အာဆီယံက ရှိနေပါတယ်။ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့လို အလယ်အလတ်အင်အားရှိတဲ့ နိုင်ငံတွေကလည်း ကိုယ့်အကျိုးစီးပွားအတိုင်း ကိုယ့်လမ်းကိုယ် လျှောက်နေကြပါတယ်။
ဒါ့ကြောင့် မြန်မာ့နိုင်ငံရေးအတွက် ရွေးချယ်စရာဟာ “အမေရိကန်ဘက်လား၊ တရုတ်ဘက်လား” ဆိုတဲ့ မေးခွန်းတစ်ခုတည်း မဖြစ်သင့်တော့ပါဘူး။ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ အာဆီယံတို့လို အင်အားစုတွေကြားမှာ ကိုယ့်အတွက် အကျိုးအရှိဆုံးဖြစ်အောင် အင်အားချိန်ခွင်လျှာကို မျှတစွာတွက်ချက်ပြီး ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် ကစားနိုင်မလား။ ဒါမှမဟုတ် “ဖြစ်သင့်တာ” နဲ့ “ဖြစ်ချင်တာ” ကိုပဲ တစ်ဖက်သတ် ယုံကြည်ပြီး၊ မြေပြင်မှာ တကယ်ဖြစ်နေတဲ့ အင်အားချိန်ခွင်လျှာကို မျက်ကွယ်ပြုနေမလား ဆိုတာက ပိုအရေးကြီးတဲ့ မေးခွန်း ဖြစ်လာပါတယ်။
နိုင်ငံတကာနိုင်ငံရေးမှာ ကိုယ်ယုံကြည်ချင်တဲ့အရာနဲ့ လက်တွေ့ဖြစ်နေတဲ့အရာဟာ အမြဲတမ်း တစ်ထပ်တည်းမကျပါဘူး။ အောင်မြင်တဲ့ နိုင်ငံခြားရေးဆိုတာ ကိုယ်ဖြစ်ချင်တဲ့ကမ္ဘာကိုပဲ ယုံကြည်နေတာ မဟုတ်ဘဲ၊ တကယ်ဖြစ်နေတဲ့ကမ္ဘာကို အရင်မြင်ပြီး အဲဒီအခြေအနေထဲကနေ ကိုယ့်အတွက် အကောင်းဆုံးလမ်းကို ရှာနိုင်ခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ မြန်မာ့နိုင်ငံရေးမှာ ကျွန်တော်တို့ စဉ်းစားရမယ့် မေးခွန်းက—
“ဘယ်သူ့ဘက်က ရပ်မလဲ” မဟုတ်ပါဘူး။
“ဘယ်သူတွေရဲ့ အင်အားကို ဘယ်လိုမျှတအောင် ချိန်ပြီး ကိုယ့်အနာဂတ်အတွက် ဘယ်လိုအသုံးချမလဲ” ဆိုတာပါ။
အဲဒီလက်တွေ့ကို ရင်ဆိုင်ပြီး မဟာဗျူဟာချနိုင်မလား၊ ဒါမှမဟုတ် ကိုယ်ဖြစ်ချင်တဲ့အရာကိုပဲ တစ်ဘက်သတ် ဇွတ်မှိတ်ယုံကြည်နေမလားဆိုတာကဘဲ မြန်မာ့နိုင်ငံရေးရဲ့ နောက်ထပ်အခန်းကို ဆုံးဖြတ်ပေးနိုင်မယ့်အရာအဖြစ် ရှိလာနိုင်ပါတယ်။
#neutralbriefmm #ASEAN #china #thailand #Realpolitik
https://www.facebook.com/photo/?fbid=122197166738779527&set=a.122140762652779527


0 Comments