ချင်းမင်းဆက်က တရုတ်သမိုင်းထဲမှာ ဘယ်လိုနေရာယူထားသလဲ? — သမိုင်းအမှန်ကိုတောင် လိုတာထက်ပိုအကဲဆတ်နေတဲ့ တရုတ်
တရုတ်အစိုးရနဲ့ နိုင်ငံပိုင်မီဒီယာတွေဟာ
အမေရိကန်ကနေ စတင်ဖွံ့ဖြိုးလာတဲ့ “New Qing History” (ခေတ်သစ်
ချင်းမင်းဆက်သမိုင်းလေ့လာမှု) ဆိုတဲ့ သမိုင်းပညာရပ်ဆိုင်ရာ အမြင်ကို
အခုနောက်ပိုင်းမှာ အပြင်းအထန် ဝေဖန်လာပါတယ်။
တရုတ်ဘက်ကတော့
ဒီသမိုင်းအမြင်ဟာ တရုတ်ရဲ့ သမိုင်းအခြေခံကို ထိခိုက်စေပြီး၊
နယ်စပ်ဒေသတွေကို တရုတ်နဲ့ သီးခြားဖြစ်သလို ပုံဖော်နေတဲ့အတွက်
ခွဲထွက်ရေးအင်အားစုတွေအတွက် “သီအိုရီပိုင်းဆိုင်ရာ လက်နက်” (theoretical
ammunition) ဖြစ်လာနိုင်တယ်လို့ စွပ်စွဲပါတယ်။
ဒါပေမဲ့ ဒီအကြောင်းကို နားလည်ဖို့ အရင်ဆုံး ချင်းမင်းဆက်နဲ့ New Qing History ဆိုတာ ဘာလဲ ဆိုတာ သိထားဖို့လိုပါတယ်။
ချင်းမင်းဆက်ဆိုတာ ဘာလဲ?
Qing Dynasty (ချင်းမင်းဆက်) ဟာ ၁၆၄၄ ကနေ ၁၉၁၁ အထိ တရုတ်ကို အုပ်ချုပ်ခဲ့တဲ့ နောက်ဆုံးမင်းဆက်ပါ။
ဒါပေမဲ့ ချင်းမင်းဆက်ကို တည်ထောင်ပြီး အုပ်ချုပ်ခဲ့သူတွေဟာ တရုတ်ဟန်လူမျိုးတွေ မဟုတ်ဘဲ Manchu (မန်ချူး) လူမျိုးတွေ ဖြစ်ပါတယ်။
Qing အင်ပါယာဟာ တရုတ်ပြည်အတွင်းပိုင်းတင်မကဘဲ မွန်ဂိုလီးယား၊ တိဘက်၊ ရှင်ကျန်းနဲ့ မန်ချူးရီးယား စတဲ့ ဒေသတွေကိုပါ အုပ်ချုပ်ခဲ့ပါတယ်။
ဒီအချက်ကပဲ ယနေ့အချိန်အထိ သမိုင်းနဲ့ နိုင်ငံရေးအငြင်းပွားမှုတွေ ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။
ဒါဆို New Qing History က ဘာကို ပြောတာလဲ?
New Qing History ဆိုတာက
သမိုင်းပညာရှင်တွေ စုဖွဲ့ပြီး တစ်ခုတည်းသော နိုင်ငံရေးအယူဝါဒနဲ့ လုပ်နေတဲ့
အဖွဲ့အစည်းတစ်ခု မဟုတ်ပါဘူး။
၁၉၈၀
ပြည့်လွန်နှစ်တွေ အကုန်ပိုင်းလောက်ကနေ အမေရိကန်မှာ စတင်ဖွံ့ဖြိုးလာတဲ့
သမိုင်းလေ့လာရေး ချဉ်းကပ်ပုံတစ်ခု လို့ နားလည်ရင် ပိုမှန်ပါတယ်။
အရင်တုန်းက Qing မင်းဆက်ကို လေ့လာရာမှာ တရုတ်ဘာသာနဲ့ရေးထားတဲ့ မှတ်တမ်းတွေကို အဓိကထားခဲ့ကြပါတယ်။
New Qing History ပညာရှင်တွေကတော့ မန်ချူးဘာသာနဲ့ ရေးထားတဲ့ မူရင်းမှတ်တမ်းတွေကိုပါ ပိုပြီး အလေးထားလေ့လာလာကြပါတယ်။
အဲဒီလို
လေ့လာတဲ့အခါ Qing မင်းဆက်ဟာ “တရုတ်မင်းဆက်တစ်ခု” ဆိုတာထက်
ပိုမိုရှုပ်ထွေးတဲ့ အင်ပါယာတစ်ခုဖြစ်ခဲ့တယ်ဆိုတဲ့ အမြင် ပေါ်လာပါတယ်။
ဆိုလိုတာက
မန်ချူးအုပ်ချုပ်သူတွေဟာ ဟန်လူမျိုးတွေနဲ့ တစ်ပုံစံတည်း အုပ်ချုပ်ခဲ့တာ
မဟုတ်ဘဲ မွန်ဂို၊ တိဘက်နဲ့ ရှင်ကျန်းဒေသက လူမျိုးစုတွေကို သူတို့ရဲ့
ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ နိုင်ငံရေးအခြေအနေတွေအလိုက် မတူညီတဲ့
နည်းလမ်းတွေနဲ့ ဆက်ဆံအုပ်ချုပ်ခဲ့တယ်လို့ ဆိုတာပါ။
“Sinicisation” ကိုလည်း မေးခွန်းထုတ်လာတယ်
ဒီနေရာမှာ အရေးကြီးတဲ့ စကားလုံးတစ်ခုက Sinicisation (တရုတ်ယဉ်ကျေးမှုထဲ ပေါင်းစည်းသွားခြင်း) ပါ။
သမားရိုးကျသမိုင်းအမြင်အရ
တရုတ်ကို နိုင်ငံခြားသားအုပ်ချုပ်သူတွေ သိမ်းပိုက်ခဲ့ရင်တောင်
နောက်ဆုံးမှာ သူတို့ဟာ တရုတ်ယဉ်ကျေးမှုထဲ ဝင်ရောက်ပေါင်းစည်းသွားပြီး
“တရုတ်” ဖြစ်လာတယ်လို့ ရှုမြင်ကြပါတယ်။
New Qing History ပညာရှင်တွေကတော့ ဒီရှင်းလင်းချက်တစ်ခုတည်းနဲ့ Qing ခေတ်ကို နားလည်လို့ မရဘူးလို့ ဆိုပါတယ်။
သူတို့က
မန်ချူးဘုရင်တွေဟာ သူတို့ရဲ့ မန်ချူးအမှတ်အသား၊ ယဉ်ကျေးမှုနဲ့
အုပ်ချုပ်ရေးစနစ်တွေကိုလည်း ဆက်လက်ထိန်းသိမ်းထားခဲ့ကြတယ်လို့
သုတေသနပြုကြပါတယ်။
ဒါ့အပြင်
တိဘက်ဘာသာရေးခေါင်းဆောင်တွေ၊ မွန်ဂိုခေါင်းဆောင်တွေ၊ ရှင်ကျန်းဒေသက Turkic
လူမျိုးအထက်တန်းလွှာတွေနဲ့ Qing အုပ်ချုပ်သူတွေရဲ့ ဆက်ဆံရေးကိုလည်း
လေ့လာကြပါတယ်။
အဲဒီအတွက် Qing ကို
“တရုတ်ယဉ်ကျေးမှုထဲ အားလုံးပေါင်းစည်းသွားတဲ့ တရုတ်မင်းဆက်” ဆိုတဲ့
ရှုထောင့်တစ်ခုတည်းနဲ့ မကြည့်တော့ဘဲ လူမျိုးစုံ၊ ဒေသစုံ ပါဝင်တဲ့
အင်ပါယာတစ်ခုအဖြစ်ပါ လေ့လာလာကြတာပါ။
ဒီနေရာကနေ တရုတ်အစိုးရနဲ့ ထိပ်တိုက်တွေ့လာတယ်
တရုတ်အစိုးရရဲ့ အဓိကစိုးရိမ်ချက်ကတော့
ဒီအမြင်ဟာ ယနေ့တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ အမျိုးသားရေးအယူအဆတွေအပေါ်
သက်ရောက်မှုရှိနိုင်တယ်ဆိုတာပါ။
Qing
ခေတ်မှာ မွန်ဂိုလီးယား၊ ရှင်ကျန်း၊ တိဘက် စတဲ့ဒေသတွေကို
တရုတ်ပြည်အတွင်းပိုင်းနဲ့ တစ်ပုံစံတည်း မမြင်ဘဲ သီးခြားနိုင်ငံရေးနဲ့
လူမျိုးရေးအခြေအနေတွေရှိတဲ့ နယ်မြေတွေအဖြစ် လေ့လာမယ်ဆိုရင်—
“ဒါဆို
အဲဒီဒေသတွေဟာ တရုတ်ရဲ့ သမိုင်းဝင်အစိတ်အပိုင်းတွေလား၊ ဒါမှမဟုတ် Qing
အင်ပါယာက တစ်ချိန်က အုပ်ချုပ်ခဲ့တဲ့ သီးခြားနယ်မြေတွေလား?” .... ဆိုတဲ့
မေးခွန်းတွေ ပေါ်လာနိုင်ပါတယ်။
အဲဒီမေးခွန်းက ယနေ့ ရှင်ကျန်း၊ တိဘက်နဲ့ အခြားတိုင်းရင်းသားဒေသတွေနဲ့ ပတ်သက်တဲ့ နိုင်ငံရေးကိစ္စတွေအထိ ဆက်သွားနိုင်ပါတယ်။
ဒါကြောင့် တရုတ်အစိုးရဘက်က ဒီလိုသမိုင်းရေးသားပုံကို စိုးရိမ်နေတာပါ။
တရုတ်နိုင်ငံပိုင်မီဒီယာက ဘာပြောသလဲ?
တရုတ်အစိုးရပိုင် China Ethnic News က
မကြာသေးခင်က ဆောင်းပါးတစ်ပုဒ်မှာ New Qing History ဟာ
“တရုတ်လူမျိုးအသိုက်အဝန်းရဲ့ သမိုင်းအခြေခံကို အကြီးအကျယ် ထိခိုက်စေတယ်”
လို့ ဝေဖန်ခဲ့ပါတယ်။
Inner
Mongolia University က Li Defeng နဲ့ Zhang Yide တို့က Qing အင်ပါယာရဲ့
နယ်မြေတွေကို “အစိတ်အပိုင်းအမျိုးမျိုး” အဖြစ် ခွဲခြားဖော်ပြပြီး
နယ်စပ်ဒေသတွေနဲ့ တရုတ်နိုင်ငံကြား သမိုင်းဆက်နွယ်မှုကို အားနည်းစေတယ်လို့
စွပ်စွဲပါတယ်။
သူတို့ရဲ့ အဆိုအရ—
“New Qing History ဟာ ခွဲထွက်ရေးအင်အားစုတွေအတွက် သီအိုရီပိုင်းဆိုင်ရာ လက်နက်တစ်ခု ဖြစ်နေတယ်” ဆိုတာပါ။
တရုတ်ပညာရှင်တချို့က ဒီထက်ပိုပြီး ပြင်းထန်တဲ့ စွပ်စွဲမှုတွေတောင် ပြုလုပ်ခဲ့ကြပါတယ်။
New
Qing History ဟာ တရုတ်နိုင်ငံကို ခွဲထွက်စေဖို့ ရည်ရွယ်တဲ့ နိုင်ငံခြားက
“ပညာရပ်ဆိုင်ရာ ပူးပေါင်းကြံစည်မှု” တစ်ခု ဖြစ်နိုင်တယ်လို့ တချို့က
ဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ New Qing History ပညာရှင်တွေကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းတယ်
Georgetown University က ပါမောက္ခ James
Millward ကတော့ New Qing History ဟာ တရုတ်ဆန့်ကျင်ရေး
ပူးပေါင်းကြံစည်မှုတစ်ခုလို့ ပြောတာဟာ နားလည်မှုလွဲတာ ဖြစ်တယ်လို့
ဆိုပါတယ်။
သူ့အမြင်က New Qing History ရဲ့ ရည်ရွယ်ချက်ဟာ တရုတ်နိုင်ငံကို ခွဲထွက်စေဖို့ မဟုတ်ပါဘူး။
အရင်က
သမိုင်းပညာရှင်တွေဖြစ်တဲ့ John K. Fairbank တို့ရဲ့ သုတေသနတွေကို
အခြေခံပြီး Qing ခေတ်မှာ tribute system (အခွန်ဆက်စနစ်)၊ Sinicisation နဲ့
တရုတ်ကို ယဉ်ကျေးမှုဗဟိုအဖြစ် မြင်တဲ့ အယူအဆတွေကို ပိုပြီး
နက်နက်ရှိုင်းရှိုင်း ပြန်လည်လေ့လာဖို့ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက
တရုတ်ပညာရှင်တချို့ကိုယ်တိုင်လည်း New Qing History ရဲ့
အကျိုးကျေးဇူးတွေကို အစောပိုင်းမှာ အသိအမှတ်ပြုခဲ့ကြပါတယ်။
တရုတ်လူမှုသိပ္ပံအကယ်ဒမီ
(CASS) က Ding Yizhuang ဟာ မန်ချူးဘာသာနဲ့ ရေးထားတဲ့ မှတ်တမ်းတွေကို
အလေးထားလေ့လာတာဟာ တရုတ်နိုင်ငံအတွင်း သုတေသနအသစ်တွေ ဖြစ်ပေါ်လာစေခဲ့တယ်လို့
ချီးကျူးခဲ့ဖူးပါတယ်။
သူမက ၂၀၁၇ ခုနှစ်တုန်းကတောင်—
“New
Qing History နောက်ကွယ်မှာ နိုင်ငံရေးရည်ရွယ်ချက် ဒါမှမဟုတ်
ပူးပေါင်းကြံစည်မှု ရှိမရှိဆိုတာ မဝေဖန်ခင် သူတို့ဘာပြောနေလဲ
အရင်နားလည်အောင် ကြိုးစားသင့်တယ်” .... ဆိုတဲ့သဘောမျိုး ပြောခဲ့ပါတယ်။
ဒါပေမဲ့
၂၀၁၉ ခုနှစ်မှာတော့ သူမက “New Qing History ဟာ အမေရိကန်ရဲ့အရာ၊
ကျွန်မတို့ရဲ့အရာ မဟုတ်ဘူး” လို့ ပြောပြီး အဲဒီပညာရပ်နဲ့ ပတ်သက်မှုကို
ငြင်းပယ်ခဲ့ပါတယ်။
နောက်ထပ် CASS
ပညာရှင် Liu Xiaomeng ကလည်း New Qing History ဟာ အရင်က
ဟန်လူမျိုးဗဟိုပြုလွန်းတဲ့ သမိုင်းလေ့လာမှုတွေကို ပြောင်းလဲစေပြီး
တရုတ်သမိုင်းပညာရှင်တွေအတွက် သုတေသနစံနှုန်း ပိုမြင့်လာစေခဲ့တယ်လို့
ရေးခဲ့ဖူးပါတယ်။
ဒါပေမဲ့ သူကလည်း
Qing မင်းဆက်ကို တရုတ်သမိုင်းနဲ့ လုံးဝမဆိုင်တဲ့ မင်းဆက်တစ်ခုလို
ငြင်းပယ်သွားမယ်ဆိုရင် New Qing History ဟာ အစွန်းရောက်တဲ့အမြင်ဘက်ကို
ရောက်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
အခု ဘာကြောင့် ဒီအငြင်းပွားမှုက ပိုပြင်းလာတာလဲ?
အကြောင်းကတော့ တရုတ်အစိုးရဟာ
မကြာသေးခင်နှစ်တွေမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ နိုင်ငံတော်ကြား
ဆက်ဆံရေးကို ပိုမိုတင်းကျပ်စွာ ပြန်လည်ပုံဖော်လာတာကြောင့်ပါ။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့
တိုးတက်ရေးကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ ဥပဒေတွေ ထုတ်ပြန်လာသလို၊
တချို့လေ့လာသူတွေက အဲဒီဥပဒေတွေဟာ တိုင်းရင်းသားလူမျိုးစုတွေကို
တရုတ်အမျိုးသားရေးအတွင်း ပိုမိုပေါင်းစည်းစေဖို့ တရားဝင်အခြေခံပေးနေတယ်လို့
ဝေဖန်ကြပါတယ်။
၂၀၂၄ ခုနှစ်မှာလည်း
တရုတ်ရဲ့ National Ethnic Affairs Commission က သုတေသနလမ်းညွှန်တစ်ခု
ထုတ်ပြန်ပြီး New Qing History အပါအဝင် “မှားယွင်းတဲ့ သမိုင်းအမြင်” တွေကို
ဆန့်ကျင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ
ဘေဂျင်းဟာ အနောက်တိုင်းရဲ့ သမိုင်းနဲ့ လူမှုသိပ္ပံအယူအဆတွေကို မမှီခိုဘဲ
တရုတ်ကိုယ်ပိုင် “အတွေးအခေါ်နဲ့ လူမှုသိပ္ပံအသိပညာစနစ်” တစ်ခု
တည်ဆောက်ဖို့လည်း ကြိုးစားနေပါတယ်။
အဲဒီအတွက်
“အင်ပါယာ”၊ “ကိုလိုနီဝါဒ” စတဲ့ အနောက်တိုင်းသမိုင်းအတွေ့အကြုံကနေ
ပေါ်လာတဲ့ အယူအဆတွေကို အသုံးပြုပြီး Qing ခေတ်ကို ရှင်းပြတာကိုလည်း
တရုတ်ဘက်က ဝေဖန်လာပါတယ်။
Qing ရဲ့ တရားဝင်သမိုင်းစာအုပ်တောင် မပြီးသေးဘူး
စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုက
တရုတ်အစိုးရဟာ Qing မင်းဆက်ရဲ့ တရားဝင်သမိုင်းစာအုပ် ကို ၂၀၀၂ ခုနှစ်ကတည်းက
စတင်ပြုစုနေတာပါ။
အစကတော့ ဆယ်နှစ်ကျော်လောက်နဲ့ ပြီးမယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။
ဒါပေမဲ့ ယနေ့အထိ မပြီးသေးပါဘူး။
ဒါဟာ
Qing ခေတ်သမိုင်းဟာ တရုတ်နိုင်ငံအတွက် ဘယ်လောက်အထိ နိုင်ငံရေးအရ
ထိလွယ်ရှလွယ်ဖြစ်နေသလဲဆိုတာ ပြသတဲ့ အချက်တစ်ခုလို့လည်း ယူဆနိုင်ပါတယ်။
တရုတ်အွန်လိုင်းမှာတော့
New Qing History ကို ပြန်လည်ချေပဖို့အတွက် ဆောင်းပါးတစ်ပုဒ်၊ နှစ်ပုဒ်နဲ့
မလုံလောက်ဘူးဆိုတဲ့ မှတ်ချက်တွေတောင် ထွက်လာပါတယ်။
နောက်ထပ် ထူးခြားတာတစ်ခုရှိသေးတယ်
New Qing History ကို ဝေဖန်နေတာ တရုတ်အစိုးရနဲ့ တရုတ်ပညာရှင်တွေချည်းပဲ မဟုတ်ပါဘူး။
တရုတ်အွန်လိုင်းမှာရှိတဲ့
အမျိုးသားရေးအစွန်းရောက် Han chauvinist
(ဟန်လူမျိုးအစွန်းရောက်အမျိုးသားရေးဝါဒီ) တချို့ကလည်း Qing မင်းဆက်ကို
အလွန်အမင်း ဝေဖန်ကြပါတယ်။
သူတို့က
မန်ချူးတွေဟာ တရုတ်လူမျိုးမဟုတ်တဲ့ “နိုင်ငံခြားသား” တွေဖြစ်ပြီး
ဟန်လူမျိုးအများစု အုပ်ချုပ်ခဲ့တဲ့ မင် မင်းဆက် (Ming Dynasty) ကို
ဖြုတ်ချပြီး တရုတ်နိုင်ငံကို သိမ်းပိုက်ခဲ့တယ်လို့ ဆိုကြပါတယ်။
သူတို့အမြင်အရ
တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေထက် နောက်ကျကျန်ခဲ့တာနဲ့
ယနေ့ခေတ်မတိုင်ခင် “ရာစုနှစ်တစ်ခုကြာ အရှက်ခွဲခံရမှု” (Century of
Humiliation) ဖြစ်လာတာတွေဟာ မန်ချူးအုပ်ချုပ်မှုနဲ့လည်း ဆက်စပ်နေတယ်လို့
ယူဆကြပါတယ်။
ဒီအမြင်ကလည်း Qing ကို
ရိုးရိုး “တရုတ်မင်းဆက်” တစ်ခုအဖြစ် မကြည့်ဘဲ Mughal Empire
(မူဂါးအင်ပါယာ) နဲ့ Ottoman Empire (အော်တိုမန်အင်ပါယာ) တို့လို
လူမျိုးစုံကို အုပ်ချုပ်ခဲ့တဲ့ အင်ပါယာတစ်ခုအဖြစ် နှိုင်းယှဉ်လေ့လာတဲ့ New
Qing History နဲ့ တချို့နေရာတွေမှာ ဆင်တူနေပါတယ်။
ဒီလို
Qing ဆန့်ကျင်တဲ့အမြင်တွေဟာ မနှစ်က ဒုတိယနှစ်ဝက်လောက်မှာ
တရုတ်အွန်လိုင်းမှာ အတော်လေး လူကြိုက်များလာခဲ့ပေမယ့် နောက်ပိုင်း
တရုတ်အစိုးရပိုင်မီဒီယာတွေက ပြန်လည်ဝေဖန်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအမြင်ကို ထောက်ခံသူတွေကတော့ အွန်လိုင်းမှာ ယနေ့အထိ ဆက်လက်လှုပ်ရှားနေကြဆဲပါ။
အဆုံးမှာ ဘာကိုနားလည်ရမလဲ?
ဒီကိစ္စဟာ “အမေရိကန်သမိုင်းပညာရှင်တွေက တရုတ်ကို
ခွဲထွက်အောင်လုပ်နေကြတယ်” ဆိုတာလောက် ရိုးရှင်းတဲ့ကိစ္စ မဟုတ်ပါဘူး။
တကယ်တော့ “Qing မင်းဆက်ကို ဘယ်လိုသတ်မှတ်မလဲ?” ဆိုတဲ့ သမိုင်းပညာရပ်ဆိုင်ရာ မေးခွန်းကနေ စတင်တာပါ။
New Qing History က—
“Qing
ဟာ တရုတ်သမိုင်းရဲ့ မင်းဆက်တစ်ခုဆိုတာ မှန်ပေမယ့်၊
အဲဒီလိုတစ်ဖက်တည်းကြည့်လို့ မလုံလောက်ဘူး။ မန်ချူးဦးဆောင်တဲ့
လူမျိုးစုံအင်ပါယာအဖြစ်လည်း နားလည်ရမယ်”
လို့ ဆိုပါတယ်။
တရုတ်အစိုးရဘက်ကတော့—
“ဒီလိုခွဲခြမ်းမြင်တာဟာ
တရုတ်ရဲ့ သမိုင်းဝင်နယ်မြေတွေနဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို
အားနည်းစေပြီး ခွဲထွက်ရေးအင်အားစုတွေအတွက် အကြောင်းပြချက် ဖြစ်လာနိုင်တယ်”
လို့ ပြန်လည်တုံ့ပြန်နေပါတယ်။
ဒါကြောင့်
အခု Qing မင်းဆက်သမိုင်းကို လေ့လာတဲ့ ပြဿနာဟာ ရှေးဟောင်းသမိုင်းအကြောင်း
ဆွေးနွေးတာသက်သက် မဟုတ်တော့ဘဲ၊ ယနေ့တရုတ်အစိုးရရဲ့ အမျိုးသားရေး၊
တိုင်းရင်းသားရေး၊ နယ်မြေပိုင်ဆိုင်မှုနဲ့ နိုင်ငံရေးအာဏာတို့နဲ့ပါ
တိုက်ရိုက်ဆက်စပ်လာတဲ့ ပြဿနာတစ်ခု ဖြစ်လာနေပါတယ်။
တစ်နည်းပြောရရင်—
တရုတ်အစိုးရအတွက် “သမိုင်း” ဆိုတာ အတိတ်အကြောင်းပြောတာတင် မဟုတ်ဘူး။
ဒီနေ့
ဘယ်သူက ဘယ်နယ်မြေကို ပိုင်တယ်၊ ဘယ်သူက ဘယ်နိုင်ငံရဲ့
အစိတ်အပိုင်းဖြစ်တယ်ဆိုတာ သတ်မှတ်ရာမှာပါ အရေးကြီးတဲ့
နိုင်ငံရေးအသုံးချကိရိယာတစ်ခု ဖြစ်နေပါတယ်။
-----
“When tyranny becomes law, rebellion becomes duty.”
#ဘာသာပြန်ဆောင်းပါး
#EagleNews ![]()
Ref: SCMP
https://www.facebook.com/photo/?fbid=122187555770949565&set=a.122093868038949565


0 Comments