About Me

header ads

သခင်မြ လွှတ်တော်အမတ်လစာမယူ

 သခင်မြကို ၁၈၉၇ ခုနှစ် ၊ အောက်တိုဘာလ ၇ ရက်နေ့
ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ် ၊ ထုံးဘိုမြို့မှာ မွေးဖွားခဲ့ပြီး
မိဘတွေကတော့ သစ်ကုန်သည် ဦးဘိုးချွန် နဲ့ ဒေါ်သက်လယ်တို့
ဖြစ်ပါတယ်...။

ငယ်စဥ်က ပြည်မြို့ အစိုးရအထက်တန်းကျောင်း နဲ့
သာယာဝတီမြို့ အေဘီအမ် အထက်တန်းကျောင်းတွေမှာ
ပညာသင်ကြားခဲ့ပြီး .... ဆယ်တန်းစာမေးပွဲကို ၁၉၁၆ ခုနှစ်မှာ
ရန်ကုန် စိန့်ဂျွန်းကျောင်းကနေ စကောလားရှစ်နဲ့ အောင်မြင်ခဲ့ပါတယ်။

၁၉၁၈ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ် ဥပစာသိပ္ပံတန်းကို
အောင်မြင်ပြီး ....၁၉၂၀ ရန်ကုန်တက္ကသိုလ် ပထမကျောင်းသား သပိတ်မှာ
သပိတ်မှောက် ကျောင်းသားအဖြစ် ပါဝင်ခဲ့ပါတယ်...။

ကျောင်းသားသပိတ်အတွင်း
သခင်မြရဲ့ နာမည်ဟာ သိပ်ပြီးမထင်ပေါ်ပေမယ့်
နောက်ကွယ်ကနေ ကြိုးကြိုးကုပ်ကုပ် ဆောင်ရွက်ခဲ့သူတွေထဲမှာ
သခင်မြပါဝင်ပြီး .... ၁၉၂၁ ခုနှစ် ကျောင်းသားသပိတ်စခန်းမှာ
နောက်ဆုံးကျန်ခဲ့တဲ့ ကျောင်းသား (၇) ယောက်တည်းမှာ
သခင်မြလည်း ပါဝင်ပါတယ်...။

အဆိုပါ တက္ကသိုလ်သပိတ်ပြီးနောက်... မြန်မာပြည်အနှံ့အပြားမှာ
အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာတဲ့အခါ
သခင်မြဟာ ကြည့်မြင်တိုင် အမျိုးသားကျောင်း ကျောင်းအုပ်အဖြစ်
ဆောင်ရွက်ရင်း... ရန်ကုန် တက္ကသိုလ်မှာ ကျောင်းဆက်တက်ခဲ့ရာ
၁၉၂၄ ခုနှစ်မှာ B.S ဂုတ်ထူးတန်းကို အောင်မြင်ခဲ့ပါတယ်...။

အဲဒီနောက် ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်းမှာ
သိပ္ပံဆရာအဖြစ် စာသင်ပြရင်း... တက္ကသိုလ်မှာ ဆက်ပြီး ပညာသင်ကြားခဲ့တာကြောင့် B.L (ဥပဒေတန်း) ကို ၁၉၂၇ ခုနှစ်မှာ
အောင်မြင်ခဲ့ပြန်ပါတယ်...။

ထိုစဥ်က သခင်မြဟာ သိပ္ပံပညာသင်အဖြစ်
နိုင်ငံခြားသွားနိုင်တဲ့ အခွင့်အရေးကို လက်လွှတ်ခံပြီး
သိပ္ပံသင်ဆရာ ရှားပါးနေတဲ့ခေတ်မှာ ... သိပ္ပံဆရာအဖြစ်
ပညာသင်ပေးခဲ့သူလည်း ဖြစ်ပါတယ်...။

အဲဒီနောက် သခင်မြဟာ သာယာဝတီကိုပြန်ပြီးတော့
ရှေ့နေတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းရင်း
ဆရာစံရဲ့ တောင်သူလယ်သမား သူပုန်အရေးတွေမှာ...
သူပုန်တွေဘက်ကနေ ရှေ့နေလိုက်ပေးခဲ့တာကြောင့်
မျိုးချစ်ရှေ့နေကြီးအဖြစ် နာမည်ကြီးပါတယ်...။

ဥပမာ - သခင်မြဟာ ဆရာစံကို အချုပ်ခန်းထဲအထိ
သွားရောက်တွေ့ဆုံပြီး အမှုမှာ ရဲရဲရင့်ရင့်ထွက်ဆိုဖို့
အားပေးခဲ့ပါတယ်...။

၁၉၃၄ ခုနှစ်မှာတော့ တို့ဗမာအစည်းအရုံးကို ဝင်ရောက်ပြီး
သခင်အမည်ကို ခံယူခဲ့တာကြောင့် သခင်မြဆိုပြီး ဖြစ်လာခဲ့ပါတယ်...။

၁၉၃၆ ခုနှစ်မှာ သာယာဝတီတကြောက
တောင်သူလယ်သမားတွေရဲ့ ဘဝတိုးတက်ရေးအတွက်
စည်းရုံးဆောင်ရွက်ခဲ့မှုကြောင့်...၁၉၃၇ ခုနှစ်မှာ
သာယာဝတီတောင်ပိုင်း အမတ်အဖြစ် အရွေးခံခဲ့ရပါတယ် ။

သခင်မြဟာ လွှတ်တော်ထဲမှာ အင်္ဂလိပ်စကားထက်
မြန်မာလိုသာပြောကြားဖို့ သူ့ရဲ့ကြိုးပမ်းမှုဟာ အောင်မြင်ခဲ့သလို
လွှတ်တော်ဖွင့်ပွဲမှာ ရောက်လာတဲ့ ဘုရင်ခံကို
သခင်မြ နဲ့ သခင်အမတ်တွေက မတ်တပ်ရပ်ကြိုဆိုတာတွေ
မလုပ်ခဲ့ပါဘူး...။

ပြီးတော့ သခင်မြဟာ...
လွှတ်တော်အမတ် လစာ (၅၀၀ ကျပ်) ကို မယူဘဲ
ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်..။

၁၉၃၉ ခုနှစ်မှာ ဖြစ်ပွားတဲ့ ... ၁၃၀၀ ပြည့် အရေးတော်ပုံအတွင်းမှာ
သခင်မြဟာ ဗတလစ လို့ခေါ်တဲ့ ဗမာပြည်တောင်သူလယ်သမား အစည်းအရုံးကြီးကို ဦးဆောင်ဖွဲ့စည်းပြီး... ပထမဆုံး ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။

အရေးတော်ပုံအတွင်းမှာ စစ်ပုလိပ်တွေရဲ့
ရိုက်နှက်မှုကြောင့်... ဗိုလ်အောင်ကျော် ကျဆုံးသွားတဲ့အတွက်
သခင်မြဟာ လွှတ်တော်အမတ်အဖြစ်ကနေ နုတ်ထွက်ပြီး
အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့သလို... ကြားဖြတ်ရွေးကောက်ပွဲမှာ
အရွေးခံတော့လဲ ပြည်သူတွေရဲ့ တခဲနက်ထောက်ခံမှုကို ရရှိခဲ့ပါတယ်...။

သခင်မြရဲ့ အရေးပါဆုံး နိုင်ငံရေးဆောင်ရွက်ချက်ကတော့
၁၉၃၉ ခုနှစ်မှာ ပြည်သူ့အရေးတော်ပုံလို့ခေါ်တဲ့
မြေအောက်အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့မှုပဲ
ဖြစ်ပါတယ်...။

ပြည်သူ့အရေးတော်ပုံအဖွဲ့ဟာ
နောင်မှာ မြန်မာ့နိုင်ငံရေးကို ကြီးစိုးလာကြမယ့်
ဗမာ့တပ်မတော် ၊ ဆိုရှယ်လစ် နဲ့ ကွန်မြူနစ်ဆိုတဲ့
အုပ်စုကြီး (၃) စု ရဲ့ အမြုတေလည်း ဖြစ်ပါတယ်...။

၁၉၄၀ မှာလည်း သခင်မြဟာ
တို့ဗမာအစည်းအရုံးရဲ့ ဥက္ကဌ တာဝန်ကို ရယူခဲ့ရပြီးတော့
သခင်အောင်ဆန်း ၊ သခင်ဗဟိန်း စတဲ့ သခင်ခေါင်းဆောင်တွေ ၊
ကိုလှမောင် (ဗိုလ်ဇေယျ) လို ကျောင်းသားခေါင်းဆောင်တွေ ၊
ဦးကျော်ငြိမ်း ၊ ဆရာချစ် တို့လို နိုင်ငံရေးသမားတွေနဲ့ စုစည်းပြီး... လွတ်လပ်ရေးအတွက် ပြည်ပက စစ်ရေး ၊ နိုင်ငံရေး အကူအညီရဖို့
ကြိုးစားရှာဖွေခဲ့ကြပါတယ်...။

ဂျပန်ခေတ် ဒေါက်တာ ဘမော် အစိုးရဖွဲ့တဲ့အခါ
သခင်ကိုယ်တော်မှိုင်းအုပ်စု ခေါင်းဆောင်အဖြစ်နဲ့
သခင်မြက ဒုတိယ ဝန်ကြီးချုပ် တာဝန်ရယူခဲ့ပါတယ်...။

ထိုစဥ်က သခင်မြ ၊ သခင်နု စတဲ့ သခင်ဝန်ကြီးတွေဟာ
ဂျပန် ညှဉ်းဆဲခံရတဲ့ သခင်နဲ့ တပ်ခေါင်းဆောင်ငယ်တွေ
လွတ်မြောက်ရေးအတွက် ဆောင်ရွက်ရသလို...
ချွေးတပ်ဆွဲခံရတဲ့ ကျေးလက်က လယ်သမားတွေ
သက်သာရာရအောင်လည်း ကြိုးစားခဲ့ကြရပါတယ်...။

နောက်ဆုံး ၁၉၄၅ ခုနှစ် ဂျပန်တပ်တွေ
ဗမာပြည်ကနေ ဆုတ်ခွာတဲ့အခါ... ဓားစာခံအဖြစ်နဲ့
ဒေါက်တာ ဘမော် အစိုးရအဖွဲ့ကို ခေါ်သွားခဲ့တာကြောင့်
ဝန်ကြီးတွေဖြစ်တဲ့ သခင်မြ ၊ သခင်နုတို့လည်း လိုက်ပါသွားခဲ့ကြရပါတယ်..။

ဂျပန်တွေ လက်နက်ချပြီးနောက်မှာမှ
ဗိုလ်ချုပ်အောင်ဆန်း အမိန့်နဲ့... သခင်မြ ၊ သခင်နု တို့ကို
ဂျပန်လက်ကနေ သွားခေါ်ခဲ့ရတယ်လို့ဆိုပါတယ်...။

အဲဒီနောက်မှာ ဖဆပလ အဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ပြီး
သခင်မြက ဗိုလ်ချုပ်အနောက်ကနေ စီမံခန့်ခွဲသူအဖြစ်နဲ့
အတွဲညီခဲ့ကြပါတယ်...။

တစ်ဖက်မှာလည်း ကွန်မြူနစ်ထဲမပါတဲ့
လက်ဝဲအင်အားစုတွေကို စုစည်းပြီးတော့ သခင်မြက
"ဆိုရှယ်လစ် ပါတီ" ကို ဖွဲ့ပါတယ်..။

အဆိုပါ ပါတီထဲမှာ ဦးဗဆွေ ၊ ဦးကျော်ငြိမ်း ၊ ဗိုလ်နေဝင်း စတဲ့
နောင်တချိန်မှာ မြန်မာနိုင်ငံရေးကို ကြီးစိုးကြမယ့်
ခေါင်းဆောင်တွေ ပါဝင်ခဲ့ပါတယ်...။

၁၉၄၆ ခုနှစ်... ဗိုလ်ချုပ်အောင်ဆန်း တပ်ကထွက်ပြီး
နိုင်ငံရေးခေါင်းဆောင်အဖြစ်နဲ့ ကြားဖြတ်အစိုးရဖွဲ့တဲ့အခါမှာလည်း
သခင်မြဟာ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်..။

အောင်ဆန်း - အက်တလီ စာချုပ်အပြီးမှာ ချုပ်ဆိုတဲ့
မြ - ခရွန်ဘီ စာချုပ်နဲ့ .... ဗြိတိသျှ နဲ့ မြန်မာကြားက ဘဏ္ဍာရေးကိစ္စတွေ
ရှင်းလင်းကြတဲ့အခါမှာလည်း သခင်မြကပဲ ဦးဆောင်ခဲ့တာပါ...။

၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးနဲ့
တိုင်းပြုပြည်ပြု လွှတ်တော်ဖွဲ့စည်းဖို့ စတဲ့ ကိစ္စရပ်တွေမှာလည်း
ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဖဆပလ ခေါင်းဆောင်တွေဟာ
သခင်မြကိုပဲ အားကိုးခဲ့ကြရပါတယ်...။

ဖဆပလအတွင်းက ကွန်မြူနစ် ၊ ဆိုရှယ်လစ်
အကွဲအပြဲကိစ္စတွေမှာလည်း... သခင်မြဟာ အုပ်စု အားလုံးနဲ့
သင့်တင့်မျှတအောင် ဆက်ဆံနိုင်သူ ၊ လူကြီးလူကောင်းဆန်သူ ၊
ဒေါသမကြီးသူ ၊ စေ့စပ်ညှိနှိုင်းရေးကို အလေးပေးသူအဖြစ်
နာမည်ကြီးပါတယ်...။

ဒါကြောင့် လုပ်ကြံမှုမဖြစ်ခင်မှာ
သခင်မြကို သာယာဝတီနယ်သားချင်းမို့... မ ေ-သစေလိုခဲ့ဘူးလို့
ဂဠုန်ဦးစောက ပြောကြားခဲ့ကြောင်း အချို့က ရေးသားဖော်ပြကြပါတယ်...။

ဒါပေမယ့်လည်း....သခင်မြဟာ
ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ ၁၉၄၇ ခုနှစ် ၊ ဇူလိုင် ၁၉ ရက်နေ့
လုပ်ကြံမှုအတွင်းမှာပဲ ကျဆုံးသွားခဲ့ရပါတယ်...။ 

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ  

Post a Comment

0 Comments