ဦးတင်ထွဋ်ကို ၁၈၉၅ ခုနှစ် ၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ
မွေးဖွားခဲ့ပြီး.... မိဘတွေကတော့ အရေးပိုင် ဦးဖိန်း နဲ့ ဒေါ်မိမိတို့
ဖြစ်ပါတယ်...။
ငယ်စဥ်တုန်းက ပဲခူးမြို့ အစိုးရအထက်တန်းကျောင်း ၊
ရန်ကုန် စိန်ပေါလ် အထက်တန်းကျောင်း နဲ့ ရန်ကုန်ကောလိပ်မှာ
ပညာသင်ကြားခဲ့ပါတယ်...။
ဒါပေမယ့် ရန်ကုန်ကောလိပ်မှာ လပိုင်းမျှသာတက်ရောက်ခဲ့ပြီး
၁၉၁၁ ခုနှစ်မှာ အင်္ဂလန် ဂျူးဝစ် ကောလိပ် ၊ ၁၉၁၄ ခုနှစ်မှာ
ကင်းဘရစ်ချ် တက္ကသိုလ် စသဖြင့် ဆက်ပြီး ပညာသင်ကြားခဲ့ပါတယ်..။
၁၉၁၇ ခုနှစ်မှာ ကင်းဘရစ်ချ် တက္ကသိုလ်ကနေ
သင်္ချာ ၊ ဘောဂဗေဒ ဂုဏ်ထူးတွေနဲ့ ဘီအေဘွဲ့ကို ရခဲ့ပါတယ်..။
ပြီးတော့ ၁၉၂၁ ခုနှစ်မှာ အင်္ဂလန် မစ်ဒယ်တန်ပယ်လ် ဥပဒေကျောင်းကနေ ဘရစ်စတာ (Barrister at Law) ဝတ်လုံဘွဲ့ကို ရခဲ့ပါတယ်...။
ဦးတင်ထွဋ်ဟာ အင်္ဂလန်မှာ ပညာသင်ကြားနေစဥ်အတွင်း
အားကစားမှာလည်း ထူးချွန်သူတစ်ယောက်ပါ။
ဥပမာ - ရတ်ဘီ အားကစား နဲ့ ပတ်ဘလစ်စကူး လက်ဝှေ့တွေမှာ
ချန်ပီယံဖြစ်ခဲ့သလို... ကိန်းဘရစ်တက္ကသိုလ် ရတ်ဘီ အားကစား ခေါင်းဆောင်နဲ့ လှေလှော်အသင်းရဲ့ ဥက္ကဌအဖြစ်ပါ ရွေးချယ်ခံခဲ့ရပါတယ်..။
နောက်ပြီး သူဟာ ကိုလိုနီခေတ် အုပ်ချုပ်ရေးမှာ အမြင့်ဆုံးဖြစ်တဲ့
ICS (Indian Civil Service) - (အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း) ကို
မြန်မာတိုင်းရင်းသားတွေထဲမှာ ပထမဆုံး ရရှိခဲ့သူလည်း
ဖြစ်ပါတယ်...။
၁၉၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့
ဦးတင်ထွဋ်ဟာ မြန်မာပြည်ပြန်ရောက်ခဲ့ပြီး ... ဦးဘိုးမင်းရဲ့ သမီး
မသန်းတင်နဲ့ လက်ထပ်ခဲ့ပါတယ်...။
အဲဒီနောက် သူဟာ ပဲခူးဝန်ထောက် (၁၉၂၂) ၊
သစ်တောဌာန အတွင်းဝန်ထောက် (၁၉၂၄) ၊ ရန်ကုန်မြို့ အတွင်းဝန်များရုံး
ဘဏ္ဍာရေးဌာန
အတွင်းဝန်ထောက် (၁၉၂၅) ၊ အခွန်တော် စုံစမ်းရေး ကော်မတီ အတွင်းရေးမှူး
စသဖြင့် အစိုးရ ဌာနစုံမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်..။
ပြီးတော့ ၁၉၃၉ ခုနှစ်ကနေ ၁၉၄၂ ခုနှစ်အထိ
ရန်ကုန် တက္ကသိုလ် အဓိပတိအဖြစ်လည်း ဆောင်ရွက်ခဲ့ပါသေးတယ်..။
ဦးတင်ထွဋ်ဟာ ဗြိတိသျှအစိုးရ ဝန်ထမ်းဖြစ်ပေမယ့်
မျိုးချစ်စိတ်ရှိသူအဖြစ်လည်း ထင်ရှားပါတယ်... ။
၁၉၄၁ ခုနှစ်မှာ နန်းရင်းဝန် ဦးစောက အင်္ဂလန်ကိုသွားပြီးတော့
ဒိုမီနီယံ အုပ်ချုပ်ရေး သွားရောက်တောင်းဆိုတဲ့အခါမှာလည်း
ဦးတင်ထွဋ်ဟာ အကြံပေးအဖြစ် လိုက်ပါသွားခဲ့ရပါတယ်..။
ဒါပေမယ့် အင်္ဂလန်က အပြန် ပါလက်စတိုင်း (အစ္စရေး) မှာ
ဦးစော အဖမ်းခံရတဲ့အခါမှာတော့... ဦးတင်ထွဋ်ဟာ
အိန္ဒိယရောက်နေတဲ့ မြန်မာပြည် စစ်ပြေးအစိုးရ ဒေါ်မန်စမစ်ရဲ့
ပြန်လည်ထူထောင်ရေးဆိုင်ရာ အကြံပေးအရာရှိအဖြစ်
အိန္ဒိယမှာ စစ်ပြီးတဲ့အထိ ပို့ထားခံခဲ့ရပါတယ်..။
ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၆ ခုနှစ်မှာတော့
ဦးတင်ထွဋ်ဟာ အိုင်စီအက် ဝန်ထမ်းဘဝကနေ ပင်စင်ယူပြီး
ထုတ်ဝေသူနဲ့ သတင်းစာဆရာဘဝကို ကူးပြောင်းခဲ့ပါတယ်..။
ဥပမာ - The Burmese Review ၊ New Time of Burma သတင်းစာတွေကို အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့ပြီး တဖက်မှာလည်း
လန်ဒန်တိုင်း သတင်းစာရဲ့ အထူးသတင်းထောက် အဖြစ်ဆောင်ရွက်ပြီး မြန်မာပြည်နဲ့ ပတ်သက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို
ရေးသားခဲ့ပါတယ်...။
ပြီးတော့ အဲဒီနှစ်ထဲမှာပဲ ဦးတင်ထွဋ်ဟာ
ဖဆပလ အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်...။
ဒါကြောင့် ၁၉၄၆ ခုနှစ် ၊ စက်တင်ဘာလ ၂၈ ရက်နေ့မှာ
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး... ဘုရင်ခံ အမှုဆောင် ကောင်စီကို
ဖွဲ့စည်းတဲ့အခါမှာတော့ ဦးတင်ထွဋ်ဟာ ... ဘဏ္ဍာရေး နဲ့ အခွန်တော်ဌာန
ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်.. ။
နောက်ပြီး ပင်လုံစာချုပ် ချုပ်ဆိုရေးမှာလည်း
မြန်မာကိုယ်စားလှယ်အဖြစ်ရော ၊ နယ်ခြားဒေသ စုံစမ်းရေး ကော်မတီ
အဖွဲ့ဝင် အဖြစ်ရော ပါဝင်ဆောင်ရွက်ခဲ့ပါတယ်...။
၁၉၄၇ ခုနှစ် ဧပြီလမှာ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွေ
ကျင်းပတဲ့အခါမှာတော့ .... ဦးတင်ထွဋ်ဟာ ဟင်္သာတ မဲဆန္ဒနယ်ကနေ ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်...။
အဲဒီနောက် အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ်ရော
အခြေခံဥပဒေ အချောကိုင် ကော်မတီ အဖွဲ့ဝင် အဖြစ်ပါ
ဆောင်ရွက်ခဲ့ပါတယ်...။
စစ်တပ်က အရာရှိအချို့ကတော့
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါရှိတဲ့
လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာမှာ ခွဲထွက်ခွင့်မူဟာ
ဦးတင်ထွဋ်ရဲ့ လက်ချက်လို့ စွပ်စွဲကြပါတယ်...။
လွတ်လပ်ရေးရပြီးနောက်မှာ... ဦးတင်ထွဋ်ဟာ
ဖဆပလ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။
ကွန်မြူနစ်တွေ တောခိုပြီး
ပြည်တွင်းစစ်စချိန်မှာတော့ ဦးတင်ထွဋ်ကိုယ်တိုင်
ဗိုလ်မှူးချုပ်ရာထူးနဲ့ အရန်တပ်တွေကို ကွပ်ကဲပြီး
ကွန်မြူနစ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
( ဦးတင်ထွဋ်ဟာ ပထမကမ္ဘာစစ်အတွင်းက အိန္ဒိယတပ်မှာ အရာရှိအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ဖူး)
ဒါပေမယ့်.... စစ်တပ်အတွင်းက
လက်ဝဲအုပ်စုတွေကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွဋ် နဲ့
ကာကွယ်ရေးဝန်ကြီး ဗိုလ်လကျ်ာတို့ကို... ကရင် လက်နက်ကိုင် လိုလားသူတွေအဖြစ် စွပ်စွဲတိုက်ခိုက်ကြပါတယ်... ။
ပြီးတော့ လွတ်လပ်ရေးအစပိုင်းမှာ ဗိုလ်နေဝင်း နဲ့
ဂျပန်ပြန် စစ်ဗိုလ်အများစုဟာ လက်ဝဲညီညွှတ်ရေးအတွက်ဆိုပြီး ... ကွန်မြူနစ်တွေနဲ့ တိုက်ခိုက်တာကို သိပ်အားမပေးကြပါဘူး...။
အဲဒီလို အခြေအနေမှာပဲ
၁၉၄၈ ခုနှစ် ၊ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းအချိန်
နယူတိုင်းမ် အော့ဖ် ဘာမား သတင်းစာတိုက်ကနေ နေအိမ်ကို အပြန်
ကားပေါ်အတက်မှာပဲ ဗုံးခွဲ လုပ်ကြံခံလိုက်ရပြီး ကွယ်လွန်သွားခဲ့ရပါတယ် ...။
( ဗိုလ်လကျ်ာလည်း အဆိုပါ အချိန်ကာလအတွင်းမှာပဲ ချောင်းမြောင်းလုပ်ကြံခံခဲ့ရတာပါ )
ဦးတင်ထွဋ် ရဲ့ နာရေးကို စစ်အခမ်းအနားနဲ့ ဂုဏ်ပြုကာ
မီးသဂြိုဟ်ခဲ့ကြပြီး... အရိုးပြာတွေကို မြစ်ထဲမျှောချခဲ့ပါတယ်...။
ဦးတင်ထွဋ်ရဲ့ မိသားစုက အုတ်ဂူဆောက်ဖို့ အစီအစဥ်မရှိပေမယ့်လည်း
ဝန်ကြီးချုပ် ဦးနုက နှောင်းလူတွေ အမှတ်ရစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့
အခေါင်းလွတ်ထဲမှာ ဦးတင်ထွဋ်ရဲ့ ဗိုလ်မှူးချုပ်ဝတ်စုံ ( အရပ်သားထဲမှာ
ဂုဏ်ထူးဆောင် ဗိုလ်မှူးချုပ်ရာထူး ပထမဆုံး ခန့်အပ်ခံရသူ) ကို ထည့်ပြီး
အာဇာနည်ကုန်းမှာ ဂူသွင်းသဂြိုဟ်ခဲ့ပါတယ်..။
အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုအပြီး
အာဇာနည်ဗိမာန်မှာ .... အာဇာနည် (ဇူလိုင် ၁၉ လုပ်ကြံမှု) တွေသာ
သီးသန့် ထားဖို့ စီစဥ်ကြတဲ့အခါမှာတော့
ဦးတင်ထွဋ် နဲ့ ဗိုလ်မှူးစိန်မှန် အုတ်ဂူတွေကို ကြံတော သုသာန်ကို
ပြောင်းရွေ့လိုက်ပါတော့တယ်...။


0 Comments