About Me

header ads

ဒေါက်တာဘမော်

 ဒေါက်တာဘမော် ကို
၁၈၉၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၈ ရက်နေ့
မအူပင်မြို့မှာ မွေးပါတယ်...။

မိဘတွေကတော့ ဦးမောင်မောင်ကျေး နဲ့ ဒေါ်သိန်းတင်တို့ဖြစ်ပြီး
မွန် - ဗမာ မျိုးရိုးတွေပါ..။

ဒီနေရာမှာ ဒေါက်တာဘမော်ရဲ့ ဖခင် ဦးမောင်မောင်ကျေးဆိုတာက
ကင်းဝန်မင်းကြီးနဲ့အတူ ပြည်ပခရီးစဥ်တွေမှာ လိုက်ပါခဲ့ရတဲ့
နန်းတွင်းသား မောင်မောင်ကျေးပဲ ဖြစ်ပါတယ်...။

ဒေါက်တာ ဘမော်ရဲ့... ဖခင် ဦးမောင်မောင်ကျေးဟာ
အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်တဲ့အခါ
နယ်ချဲ့ဆန့်ကျင်ရေးတွေမှာ ပါဝင်ခဲ့တဲ့အတွက်...
နယ်နှင်ဒဏ်ပေးခံခဲ့ရပါတယ်..။

ဒါကြောင့် ဒေါက်တာဘမော် ဟာ
ငယ်စဥ်ကတည်းက ဗြိတိသျှအုပ်စိုးမှုကို မလိုလားတဲ့စိတ်
ပြင်းထန်တဲ့သူပါ...။

ဒါပေမယ့် သူဟာ အနောက်တိုင်းပညာရေးရဲ့
အကောင်းဆုံးနေရာတွေမှာ ပညာသင်ကြားနိုင်အောင်
ကြိုးစားခဲ့ပါတယ်..။

ဒေါက်တာဘမော်ဟာ ငယ်စဥ်က
ရန်ကုန်မြို့ စိန်ပေါကျောင်း ( ဗိုလ်တစ်ထောင် ထ-၆ ) မှာ
ပညာသင်ကြားခဲ့ပြီး ....အဲဒီနောက် ၁၉၁၆ ခုနှစ်မှာတော့
ရန်ကုန်တက္ကသိုလ်ကနေ ဝိဇ္ဇာ (ဘီအေ) ဘွဲ့ရပါတယ်။

ပြီးတော့ အိန္ဒိယပြည်... ကာလကတ္တား တက္ကသိုလ်မှာ
ပညာဆက်လက်သင်ယူပြီး ...၁၉၁၇ ခုနှစ်မှာ မဟာဝိဇ္ဇာ (အမ်အေ) ဘွဲ့ကို
ထိပ်တန်းကနေ ရရှိခဲ့ပါတယ်..။

ဒါတင်မကသေးဘဲ ဒေါက်တာဘမော်ဟာ
အင်္ဂလန်နိုင်ငံ ကင်းဘရစ် တက္ကသိုလ်ကနေ ...ဝတ်လုံဘွဲ့ကို
၁၉၂၃ ခုနှစ် ရယူနိုင်ခဲ့သလို....အဘိဓမ္မာ ပါရဂူဘွဲ့ (ပီအိပ်ချ်ဒီ) ကို
ပြင်သစ်နိုင်ငံ ၊ ဘော်ဒိုး တက္ကသိုလ်ကနေ ၁၉၂၄ မှာ ရရှိခဲ့ပါတယ်...။

နောက်ပြီး ဒေါက်တာ ဘမော်ဟာ
အင်္ဂလိပ်စကားကို အင်္ဂလိပ်လူမျိုးအစစ်ကဲ့သို့ ပြောနိုင်ပြီး
ဘာသာစကား (၆) မျိုးအထိ တတ်ကျွမ်းသူပါ...။

၁၉၂၄ ခုနှစ်မှာတော့ ... ဒေါက်တာဘမော်ဟာ
ဗမာပြည်ပြန်လာခဲ့ပြီး ဝတ်လုံတော်ရ (ရှေ့နေ) အဖြစ် လုပ်ကိုင်ရင်း
နိုင်ငံရေးထဲကို တဖြေးဖြေးချင်း ဝင်ရောက်ခဲ့ပါတယ်...။

၁၉၃၀ ခုနှစ် ၊ ဆရာစံရဲ့ တောင်သူလယ်သမား ပုန်ကန်မှုအရေးမှာ
ရှေ့နေလိုက်ရင်း .... နာမည်ကြီးလာတဲ့ ဒေါက်တာဘမော်ဟာ
ဆင်းရဲသား တစ်ယောက်ကို လယ် (၅) ဧကစီ ပိုင်ရမယ်ဆိုတဲ့
ဆင်းရဲသား လက်ဝဲဝါဒကို ပထမဆုံး ဖော်ထုတ်ခဲ့ပါတယ်...။

ဥပမာ - ဝံသာနု ဆင်းရဲသားဝါဒ စည်းမျဥ်းတွေချမှတ်ပြီး
"ဝံသာနုဆင်းရဲသားအဖွဲ့" ကို ထောင်ပါတယ်။ အဆိုပါ အစုအဖွဲ့ကနေ
ဆင်းရဲသားပြည်သူတွေရဲ့ ထောက်ခံမှုကိုရယူပြီး နိုင်ငံရေးလှုပ်ရှားမှု
စပြီးလှုပ်ရှားပါတယ်..။

၁၉၃၂ ခုနှစ် မြန်မာပြည် ခွဲရေး ၊ တွဲရေး (အိန္ဒိယပြည်နဲ့ ခွဲရေးတွဲရေး)
ပြသာနာပေါ်တဲ့အခါ....ဒေါက်တာဘမော်က တွဲရေးဘက်ကနေ ရပ်တည်ပြီး
ဦးဘဖေတို့က ခွဲရေးဘက်ကနေ ပြိုင်ဆိုင်ကြပါတယ်...။

နောက်မှာ ဗြိတိသျှအစိုးရက မြန်မာပြည်ကို
အိန္ဒိယကနေ ခွဲထုတ်လိုက်ပေမယ့်လည်း... ဒေါက်တာဘမော် ရဲ့
နိုင်ငံရေးကွက်ကျော်မြင်တတ်မှုကြောင့်... ဦးဘဖေကို ကျော်ပြီး
ပထမဆုံး နန်းရင်းဝန်ဖြစ်လာခဲ့ပါတယ်...။

သို့သော်လည်း... ဒေါက်တာ ဘမော်ရဲ့ အစိုးရဟာ
သက်တမ်း (၂) နှစ်မပြည့်ခင်မှာပဲ..မန္တလေး အာဇာနည် အရေးအခင်းကြောင့်
ပြုတ်ချသွားခဲ့ရပါတယ်..။

၁၉၃၉ ခုနှစ်... ဥရောပမှာ ဂျာမနီ တန်ခိုးထွားလာပြီး
ဗြိတိသျှတို့ အကြပ်ရိုက်နေမှုကို အခွင့်ကောင်းယူပြီးတော့
တချိန်က သူ့ကို ဆန္ဒပြခဲ့ကြတဲ့ ...သခင်ခေါင်းဆောင်တွေနဲ့
ပူးပေါင်းလိုက်ပြီး "ဗမာ့ထွက်ရပ်ဂိုဏ်း" ကို ဖွဲ့ပါတယ်...။

အဆိုပါ ထွက်ရပ်ဂိုဏ်း အကူအညီကြောင့်ပဲ
သခင်အောင်ဆန်းတို့ ဂျပန်ထောက်လှမ်းရေးနဲ့
ချိတ်ဆက်မိသွားခဲ့ကြတာပါ...။

၁၉၄၀ ပြည့်နှစ် ၊ ဇူလိုင်လ ၁၂ ရက်နေ့
မန္တလေးမြို့မှာ ကျင်းပတဲ့... မြန်မာနိုင်ငံလုံးဆိုင်ရာ ဆင်းရဲသား ဝံသာနုအသင်း အစည်းအဝေးကြီးက ...ဒေါက်တာဘမော်ကို ခေါင်းဆောင်အဖြစ်
တင်မြှောက်လိုက်ပါတယ်..။

ဒေါက်တာဘမော်ကလည်း...
မြန်မာတွေ ကမ္ဘာစစ်မှာ ဗြိတိသျှကို မကူကြဖို့ ၊
မြန်မာ့လွတ်လပ်ရေး ချက်ချင်းပေး စတဲ့ အမိန့် (၇) ချက် ကို
ထုတ်ပြန်ပါတယ်...။

အဆိုပါ အမိန့် (၇) ချက်ကြောင့်ပဲ
ဒေါက်တာဘမော် အဖမ်းခံရပြီး.... မန္တလေးထောင် အဲဒီနောက်
မိုးကုတ်ထောင် မှာ အကျဥ်းချထားခံခဲ့ရပါတယ်..။

ထိုစဥ်ကာလမှာ လွတ်လပ်ရေးအတွက် လှုပ်ရှားတဲ့သူ ဒါမှမဟုတ်
မသင်္ကာသူမှန်သမျှကို... ဗြိတိသျှအစိုးရ ထောင်သွင်းအကျဥ်းချပြီး
ထိန်းသိမ်းနေချိန်လည်း ဖြစ်ပါတယ်..။

အဲဒီနောက် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဂျပန်တပ်တွေ
မြန်မာပြည်ကို ဝင်လာစချိန်မှာပဲ ... ဒေါက်တာဘမော်ဟာ
မြေအောက်လျှို့ဝှက်အဖွဲ့တွေရဲ့ အကူအညီနဲ့ .... မိုးကုတ် ထောင်ကနေ
ရုပ်ဖျက်ပြီး ထွက်ပြေးခဲ့ပါတယ်...။

ဗြိတိသျှ အစိုးရကလည်း
ဒေါက်တာဘမော် ကို တွေ့တဲ့နေရာမှာ ပစ်သ-တ်ဖို့အထိ
အမိန့်ထုတ်ထားခဲ့တာပါ...။

ဗိုလ်ချုပ်အောင်ဆန်းတို့ အရောက်မြန်ခဲ့လို့သာ
ဒေါက်တာဘမော်မှာ အသက်ချမ်းသာရာ ရခဲ့တာပဲ ဖြစ်ပါတယ်..။

အဲဒီနောက် ဒေါက်တာဘမော်ကို အစိုးရဖွဲ့စေကာ
၁၉၄၃ ခုနှစ်မှာ ဂျပန်က မြန်မာကို လွတ်လပ်ရေး (ရွှေရည်စိမ်) ပေးပြီး
ဗမာ့လွတ်လပ်ရေးတပ်မတော် ကို ဗမာ့ကာကွယ်ရေးတပ်မတော် အဖြစ်
ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့အခါမှာတော့.... ရာထူး အင်္ဂါစဥ်အရ
ဒေါက်တာဘမော်ဟာ စစ်သေနာပတိချုပ် ဖြစ်လာပါတယ်..။

နောက်ပြီး ဒေါက်တာဘမော်ဟာ ဂျပန်ခေတ် အစိုးရရဲ့
အကြီးအကဲ အဓိပတိဖြစ်ပေမယ့်.... ဂျပန်အားကိုးနဲ့
သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို နှိပ်ကွပ်ခဲ့တာမျိုးတော့ မလုပ်ခဲ့ပါဘူး...။

ဒါကြောင့် ဖက်ဆစ်လက်အောက်ရောက်တဲ့ အခြားနိုင်ငံတွေလောက်
မြန်မာပြည်က ဖက်ဆစ်ဆန့်ကျင်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ
ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခံရတာမျိုး သိပ်မရှိခဲ့ပါဘူး...။

ဥပမာ - မဟာမိတ်တပ်ဖွဲ့က လေထီးအုပ်စုနဲ့အတူ
မြန်မာပြည်ထဲ ဝင်လာစဥ်မှာ... ဂျပန်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံရတဲ့
စတန်လီချိုကို ဒေါက်တာဘမော်ကပဲ ကယ်ဆယ်ပေးခဲ့တာပါ...။

ပြီးတော့ ဂျပန်တွေရဲ့ အုပ်စိုးမှုကို... အညံ့မခံဘဲ
ပြောင်ပြောင်းတင်းတင်း အာခံခဲ့သလို
ဖဆပလ ခေါင်းဆောင်တွေရဲ့... ဖက်ဆစ်တော်လှန်ရေး
လုပ်ငန်းစဥ်တွေကိုလည်း... ဖုံးဖိပေးခဲ့ပါတယ်...။

အဲဒီထဲကမှ ဖြစ်ရပ်တစ်ခုကတော့
နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော် ဆီကနေ ...
တော်လှန်ရေးသတင်းတွေ ပေါက်ကြားတယ်လို့
ဗိုလ်မှူးကြီး ခင်ညိုက စွပ်စွဲတဲ့အခါ... ဒေါက်တာ ဘမော်က
"ငါသာ သစ္စာမရှိရင်... မင်းတို့ ခေါင်းတွေ ပြုတ်ကုန်တာ ကြာပြီ" လို့
တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်...။

၁၉၄၅ ခုနှစ် ၊ ဂျပန်တပ်တွေ မြန်မာပြည်ကနေ ပြန်ဆုတ်တဲ့အခါ
ဒေါက်တာဘမော်ဟာ စစ်ပြေးအစိုးရအဖြစ်နဲ့ ... အင်ဒိုချိုင်းနားအထိ
ဂျပန်တပ်တွေနဲ့အတူ လိုက်ပါသွားခဲ့ရပြီး... အဲဒီနောက်မှာမှ မြန်မာပြည်ကို
ပြန်ရောက်လာခဲ့ရတာပါ...။

ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်... စစ်မထွက်ခင်မှာ
" ချစ်လှစွာသော အဓိပတိကြီး " အစချီတဲ့ မိန့်ခွန်းနဲ့
ဒေါက်တာ ဘမော်ကို နှုတ်ဆက်သွားခဲ့ပေမယ့်လည်း...
စစ်ပြီးနောက်မှာတော့ ပြန်လက်တွဲကြတာမျိုး မရှိတော့ပါဘူး...။

အဲဒီအစား ဒေါက်တာဘမော်ဟာ
ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်ကြတဲ့ ဂဠုန်ဦးစော ၊ သခင်ဗစိန်တို့နဲ့
ပေါင်းပြီးတော့ "စောစိန်မော်" ဆိုတဲ့ အဖွဲ့ ဖွဲ့ကာ....
ဖဆပလ နဲ့ အတိုက်အခံ လှုပ်ရှားခဲ့ပါတယ်...။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတဲ့အခါ
ဒေါက်တာဘမော်ဟာ... ဂျပန်ခေတ်အတွင်းက
သူ့ရဲ့လက်အောက်မှာ နိုင်ငံခြားရေးဝန်ကြီး နဲ့
အတွင်းဝန် လုပ်ခဲ့ကြတဲ့... ဦးနု နဲ့ ဦးကျော်ငြိမ်းတို့ရဲ့ ဖမ်းဆီးခြင်းကို
ခံခဲ့ရပါတယ်...။

ပြီးတော့ ဗိုလ်ချုပ်နေဝင်း လက်ထက်မှာလည်း
သားမက် (ဗိုလ်ရန်နိုင်) အဖမ်းခံရသလို ၊ သမီးဖြစ်သူပါ ထိန်းသိမ်းခံခဲ့ရပါတယ်...။

မြန်မာပြည်ရဲ့ ပထမဆုံး နန်းရင်းဝန်လည်း ဖြစ်ခဲ့သလို
ပထမဆုံး အရပ်သား စစ်သေနာပတိချုပ်လည်း ဖြစ်ခဲ့ဖူးတဲ့
ဒေါက်တာဘမော်ဟာ ... ၁၉၇၇ ခုနှစ် ၊ မေလ ၂၉ ရက်နေ့
အသက် (၈၅) နှစ် အရွယ်မှာပဲ.... ရန်ကုန်မြို့နေအိမ်မှာ
ကွယ်လွန်သွားခဲ့ပါတယ်...။

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ

Post a Comment

0 Comments