About Me

header ads

ရှုမောင် ခေါ် ဗိုလ်နေဝင်း

 

 ရှုမောင် ခေါ် ဗိုလ်နေဝင်းကို
၁၉၁၁ ခုနှစ် ၊ မေလ (၂၄) ရက်နေ့မှာ
ပဲခူးတိုင်းအနောက်ခြမ်း ၊ ပေါင်းတလည်မြို့မှာ မွေးဖွားခဲ့ပါတယ်..။

ဖခင်ဖြစ်သူ ဦးဖိုးခ ဟာ တရုတ်လူမျိုးဖြစ်ပြီး
မိခင် ဒေါ်မိလေးကတော့ (မွန်/ဗမာ မသဲကွဲ) အမျိုးသမီးဖြစ်တာကြောင့်
ဗိုလ်နေဝင်းဟာ တရုတ်ကပြားတစ်ဦးပဲ ဖြစ်ပါတယ်...။

၁၉၂၉ ခုနှစ်မှာ အထက်တန်းအောင်မြင်ပြီး
အဲဒီနှစ်မှာပဲ ရန်ကုန်တက္ကသိုလ်မှာ ဇီဝဗေဒဘာသာရပ် အထူးပြု နဲ့
တက်ရောက်ခဲ့ပါတယ်...။

တက္ကသိုလ်ကျောင်းသားဘဝမှာ
ဗိုလ်နေဝင်းဟာ ရုပ်ရှင်ရုံ ၊ မြင်းပွဲ စတဲ့ အပျော်အပါးတွေနဲ့သာ
အချိန်ကုန်နေပြီး.... ကျောင်းသားသပိတ်တွေ နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သခင်အောင်ဆန်း ၊ သခင်နုတို့လို ရှေ့တန်းကနေ ပါဝင်ခဲ့တာမျိုးမရှိခဲ့ပါဘူး....

၁၉၃၁ ခုနှစ်မှာတော့ ညဘက် တက္ကသိုလ်အဆောင်ပြန်တာ
နောက်ကျတာနဲ့ပက်သက်ပြီး အဆောင်မှူးနဲ့ စကားများရာကနေ
ကျောင်းအုပ်ကြီးက သိရှိသွားတာကြောင့် .... ကျောင်းထုတ်ခံခဲ့ရပါတယ်..။

အဲဒီနောက် ဗိုလ်နေဝင်းဟာ
စာတိုက် နဲ့ ကြေးနန်းဌာနမှာ စာရေးဝင်လုပ်ခဲ့ပါတယ်...။
နောက်ပြီး သူဟာ လောင်းကစား နဲ့ မိန်းမပွေရှုပ်သူဖြစ်တာကြောင့်
အမြဲတမ်း ပိုက်ဆံပြတ်နေတတ်ပြီး.... တခါတရံမှာ ပိုက်ဆံရဖို့
ပုလိပ်သတင်းပေးတောင် လုပ်ခဲ့ဖူးတယ်လို့ အချို့မှတ်တမ်းတွေမှာ
ဖော်ပြကြပါတယ်...။

ဒီနေရာမှာ ဗိုလ်နေဝင်းရဲ့
စိုင်ကော်လို့ ခြုံပေါ်ရောက်ရတဲ့ အဖြစ်ကတော့
ဂျပန်ကို လျှို့ဝှက် စစ်ပညာသင်သွားဖို့ ရွေးချယ်ခံထားရတဲ့
သခင်ညီ (နေဝင်းရဲ့ ဦးလေး) ဟာ ...သွားခါနီးမှာ အလွန်အမင်း
နေမကောင်းဖြစ်တာကြောင့် သခင်ညီအစား ဗိုလ်နေဝင်းဖြစ်လာမယ့်
မောင်ရှုမောင်က အစားထိုး လိုက်သွားခဲ့တာလို့ ကိုကိုမောင်ကြီး (ဦးချစ်လှိုင်) ရေးသားတဲ့ "တရံရောအခါများက" စာအုပ်မှာ ရေးသားထားပါတယ်...။

ဒါကြောင့် ဘာနိုင်ငံရေးလှုပ်ရှားမှုမှ မည်မည်ရရ မရှိခဲ့တဲ့
ဗိုလ်နေဝင်းဟာ.... ဂျပန်သွားဖို့ သဘော်ပေါ်ရောက်မှသာ
"သခင် ရှုမောင်" ဆိုပြီး သခင်နာမည်ခံခဲ့တာဟာ ဖြစ်နိုင်တယ်လို့
ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ သမီး ...လှကျော်ဇောက ရေးပါတယ်...။

ရဲဘော်သုံးကျိပ်ဝင်ဖြစ်လာတဲ့အခါမှာတော့
"သခင်ရှုမောင်" အမည်ကနေ "ဗိုလ်နေဝင်း" ဆိုတဲ့ အမည်ကို
ခံယူခဲ့ပါတယ်...။

ဒီနေရာမှာ ဗိုလ်နေဝင်းရဲ့ အန္တရာယ်ကို
ပထမဆုံးကြိုသိခဲ့တာကတော့ ဗိုလ်ချုပ်အောင်ဆန်းပဲ
ဖြစ်ပါတယ်...။

ဥပမာ - ရဲဘော်သုံးကျိပ်ဟာ
သခင်ဂိုဏ်း နှစ်ဂိုဏ်း (သခင်ကိုယ်တော်မှိုင်းအဖွဲ့ နဲ့ သခင်ဗစိန် ၊ သခင်ထွန်းအုပ်) အတွင်းက လူတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ
ဂိုဏ်းဂဏအစွဲကင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်လွတ်လပ်ရေးကို ရှေ့ရှုပြီး အဆိုပါ အဖွဲ့နှစ်ဖွဲ့ စည်းလုံးညီညွတ်
စေဖို့အတွက် နှစ်ဖက်စလုံးကို သင့်တင့်မျှတစွာ
ဆက်ဆံခဲ့တယ်လို့ဆိုပါတယ်...။

ဗိုလ်နေဝင်းကတော့ သခင်ဗစိန်အဖွဲ့ထဲကပါ။
ဒါပေမယ့် သခင်ဗစိန်အဖွဲ့ရဲ့ ဦးစီးမှုးဖြစ်တဲ့ သခင်ထွန်းအုပ်ဟာ
အုပ်ချုပ်ရေးပညာသင်ယူဖို့ တိုကျိုမှာ ကျန်နေခဲ့သလို
ဒု-ဦးစီးမှူး ဗိုလ်စင်္ကြာကလည်း ခေါင်းဆောင်မလုပ်လိုတဲ့အတွက်
ဗိုလ်နေဝင်းဟာ သခင်ဗစိန်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ သခင်နှစ်ဖွဲ့ ညီညွှတ်ရေးကို
လိုလားတဲ့အတွက်.... ဗိုလ်နေဝင်းကိုလည်း
အလေးပေးဆက်ဆံခဲ့ပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း သတိထားလုပ်ဆောင်ခဲ့တာကတော့
ဗိုလ်နေဝင်းကို ဘယ်လိုနေရာပဲ ပေးပေး....
ဗိုလ်ချုပ် အလွန်ယုံကြည်တဲ့ ဗိုလ်လကျ်ာရဲ့ အထက်မှာတော့
ဗိုလ်နေဝင်းကို ဘယ်တော့မှ မထားခဲ့ပါဘူး...။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်လကျ်ာကို
တပ်မတော်ရဲ့ နံပါတ် (၂) ခေါင်းဆောင်အဖြစ် တသမတ်တည်း
ထားခဲ့ပါတယ်..။

စစ်ပညာသင်ယူပြီးနောက် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မှာ
ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကို ဖွဲ့ဖို့
ရဲဘော်သုံးကျိပ်ဝင်တွေ သွေးသစ္စာသောက်ကြချိန်မှာလည်း
ဗိုလ်နေဝင်း မပါခဲ့ပါဘူး...။

အဲဒီနောက်ပိုင်း ဂျပန်ခေတ်ရောက်တဲ့အခါမှာ
ဗိုလ်နေဝင်းဟာ ရာထူးဌာနန္တရတွေ ခိုင်မြဲလာတဲ့အခါမှာတော့
သူ့ရဲ့ မူရင်းစရိုက်တွေဖြစ်တဲ့ အပျော်အပါးလိုက်စားတတ်တဲ့
စာရိတ္တဟာ ယိုင်းယိမ်လာသလို.... ဂိုဏ်းဂဏဖွဲ့တာတွေပါ
လုပ်လာခဲ့ပါတယ်...။

ဥပမာ - ၁၉၄၂ ခုနှစ်နောက်ပိုင်းမှ တပ်ထဲဝင်လာကြတဲ့
ဗိုလ်အောင်ကြီး ၊ ဗိုလ်မောင်မောင် တို့လို ပညာတတ် လူငယ်စစ်ဗိုလ်တွေကို ဗိုလ်နေဝင်းက တပ်ထဲမှာ ဂိုဏ်းအုပ်စုဆန်ဆန် လက်သပ်မွေးခဲ့ပါတယ်...။

ဖက်ဆစ်တော်လှန်ရေးပြီးတဲ့နောက်
ဗိုလ်ချုပ်အောင်ဆန်း နဲ့ တပ်မတော်ခေါင်းဆောင်တွေ
ရန်ကုန်မှာ စုဝေးမိကြချိန်မှာလည်း... ဗိုလ်ချုပ်အောင်ဆန်းဟာ
ဗိုလ်နေဝင်းအပေါ် အတော်လေး မကျေမနပ်ဖြစ်နေပြီး
တပ်ကထုတ်ပစ်ဖို့အထိ လုပ်ခဲ့တယ်လို့ဆိုပါတယ်... ။

ဘာကြောင့်လဲဆိုတော့ ဖက်ဆစ်တော်လှန်ရေးအတွင်းမှာ
ဗိုလ်နေဝင်းဟာ တိုင်း (၂) (မြစ်ဝကျွန်းပေါ်) ရဲ့ တိုင်းမှူးအဖြစ်
တာဝန်ပေးခံခဲ့ရပါတယ်။ တိုင်း (၂) ဟာ ဖက်ဆစ်တော်လှန်ရေးမှာ
အရေးကြီးသလို တိုက်ပွဲတွေ ပြင်းထန်နိုင်တဲ့ စစ်ဒေသတစ်ခုလည်း
ဖြစ်ပါတယ်။

ဖက်ဆစ်တော်လှန်ရေးစတဲ့အခါ
ဗိုလ်လကျ်ာ ၊ ဗိုလ်ဇေယျ စတဲ့ ခေါင်းဆောင်တွေဟာ
တာဝန်ကျရာ ဒေသအသီးသီးကနေ စစ်ဆင်ရေးကို ဦးစီးခဲ့ကြပေမယ့်
ဗိုလ်နေဝင်းကတော့... ရှေ့တန်းစစ်မျက်နှာမှာ စစ်သားတွေကို
ကိုယ်တိုင်ကွပ်ကဲမှုမရှိဘဲ ပုန်းနေခဲ့သလို ၊ တိုင်း (၂) မှာ
သိသာထင်ရှားတဲ့ စစ်ရေးလှုပ်ရှားမှုကြီးတွေလည်း မရှိခဲ့ကြောင်း
ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အထ္ထုပ္ပတိနဲ့ ခေတ်ပြိုင်မှတ်တမ်းတွေမှာ ဖော်ပြကြပါတယ်..။

သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်
ဗိုလ်နေဝင်းကို တပ်က မထုတ်ပယ်ဖြစ် ခဲ့ပါဘူး...။

နောက်ပြီး ဗိုလ်နေဝင်းဟာ
သူ့ရဲ့ တကိုယ်ရည်ကြီးပွားဖို့အတွက်
ဘယ်သူ့ကို ဘယ်အချိန်မှာ ပေါင်းရမယ် ၊ ဘယ်အချိန်မှာ ခွာရမယ်
ဘယ်သူ့ကို ချနင်းရမယ်ဆိုတဲ့ ကောက်ကျစ်စဥ်းလဲတဲ့
အမြင်ထက်သန်သူတစ်ယောက်ပါ...။

လွတ်လပ်ရေးရပြီးနောက်မှာ
KNDO ကိစ္စ တွေနဲ့ ဂုဏ်ထူးဆောင် ဗိုလ်မှူးချုပ် ဦးတင်ထွဋ်
လုပ်ကြံခံရမှုတွေရဲ့ နောက်ကွယ်မှာ ဗိုလ်နေဝင်း ဦးဆောင်တဲ့
ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စုရှိခဲ့ကြောင်း... "ဗိုလ်နေဝင်းရဲ့ တကိုယ်ရေ ကြီးပွားလိုမှု" ဆောင်းပါးမှာ ရေးသားထားပါတယ်...။

( မဆလ ခေတ်မှာ ဗိုလ်နေဝင်းကိုယ်တိုင်က
မိုးကြိုးဦးအုန်းခင်နဲ့ အခြေအတင်ဖြစ်ရာမှာ " ဟေ့... ကိုအုန်းခင်
ဦးတင်ထွဋ် ဘယ်လို ေ-သသွားရသလဲဆိုတာ ခင်ဗျား သိရဲ့လား"
ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့ဖူးတယ်လို့ဆိုပါတယ်...)

ဒီလို ကောက်ကျစ်စဥ်းလဲပြီး
စစ်သားတစ်ပိုင်း နိုင်ငံရေးသမားတစ်ပိုင်း လူတစ်ယောက်ကို
၁၉၅၈ ခုနှစ်မှာ နိုင်ငံရဲ့ အာဏာအရသာကို ခံစားခွင့်ပေးလိုက်တာဟာ
ယနေ့ခေတ် အခင်းအကျင်းအထိကို သက်ရောက်နေစေပါတော့တယ်....။

Ref : "wikipedia" ၊ "ဗိုလ်နေဝင်းရဲ့ တကိုယ်ရေးကြီးပွားလိုမှု"

#နေဝင်း #ရဲဘော်သုံးကျိပ် #အာဏာရှင်

Post a Comment

0 Comments