About Me

header ads

လွတ်လပ်ရေးမော်ကွန်းဝင် သခင်မမြရီ

 ဒေါ်မြရီ ကို ... ၁၉၁၈ ခုနှစ် ၊ ဧပြီ ၁၁ ရက်နေ့
ကျောက်ဆည်မြို့ ၊ စျေးတန်းရပ်မှာ
မွေးပါတယ်..။

မိဘတွေကတော့ ဦးစံသိန်း နဲ့ ဒေါ်ဇုံတို့ဖြစ်ပြီး
မွေးချင်း (၃) ယောက်ထဲမှာ အကြီးဆုံးဖြစ်ပါတယ်...။

ဒေါ်မြရီ အသက် (၂၀) ...ကျောင်းဆရာမ လုပ်နေစဥ်
စျေးတန်းရပ်မှာ တို့ဗမာအစည်းအရုံးထောင်တဲ့အခါ
အသင်းဝင်ခဲ့ပေမယ့်... ဝန်ထမ်းဖြစ်နေတဲ့အတွက်
သခင်အမည်တော့ မခံခဲ့ပါဘူး...။

ပြီးတော့ ဒေါ်မြရီဟာ "နဂါးနီ စာအုပ်အသင်း" ဝင်လည်း ဖြစ်ပြီး
"မြဝတ်ရည်" ကလောင်အမည်နဲ့ စာတွေလည်းရေးပါတယ်...။

ဖက်ဆစ်တော်လှန်ရေးလုပ်ငန်းတွေကို
လျှို့ဝှက်လုပ်ဆောင်ကြတဲ့အခါ ... ဒေါ်မြရီဟာ
ဗမာ့ကာကွယ်ရေးတပ်မတော်ရဲ့.... ကျောက်ဆည်ခရိုင်
ရိက္ခာတာဝန်ခံ နဲ့ စစ်သားစုဆောင်းရေး တာဝန်ကို ယူပါတယ်..။

ဒါပေမယ့်... ဂျပန်တပ်က ရိပ်မိသွားတဲ့အတွက်
ဒေါ်မြရီဟာ ကျောက်ဆည်မှာ လုပ်ရှားမရတော့ဘဲ
သခင်တင်မြ နဲ့ အတူ မန္တလေး ၊ အမရပူရ ၊ စစ်ကိုင်း တဝိုက်ကို သွားပြီးတော့ ဖက်ဆစ်တော်လှန်ရေး လျှို့ဝှက် သင်တန်းတွေဆက်ပေးခဲ့ပါတယ်...။

သည်လို သွားလာလှုပ်ရှားနေချိန်မှာ
ဒေါ်မြရီဟာ "အဆိပ် ပုလင်း နဲ့ ဓားမြှောင် တစ်ချောင်း" ကို
ကိုယ်နှင့်မကွာ အမြဲဆောင်ထားခဲ့တယ်လို့ ဆိုပါတယ်..။
မတော်တဆ ဂျပန်တွေလက်ထဲ ဖမ်းမိသွားခဲ့ရင်
အစော်ကားမခံဘဲ... ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဒါမှမဟုတ်
ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ...။

အဲဒီအချိန်... ဒေါ်မြရီရဲ့ ငယ်ရည်စား သခင်တင်ရွှေကတော့
ဖက်ဆစ်တော်လှန်ရေးအတွက်.... မဟာမိတ်တပ်တွေနဲ့ ဆက်သွယ်ဖို့
သခင်သိန်းဖေ ( သိန်းဖေမြင့်) နဲ့ အိန္ဒိယကို ရောက်နေချိန်လည်း
ဖြစ်ပါတယ်...။

လေထီးသင်တန်း နဲ့ စစ်သင်တန်းတွေပေးဖို့အတွက်
မဟာမိတ်တပ်က လက်ခံတဲ့အခါ ... သခင်တင်ရွှေက လူငယ်ရဲဘော်တွေကို
ပြန်ခေါ်ဖို့ ဗမာပြည်ကို ပြန်လာခဲ့ပါတယ်...။

သခင်တင်ရွှေ ဗမာပြည်ပြန်ရောက်တဲ့အခါ
သခင်တင်မြက ဒေါ်မြရီကို .....ကျောက်ဆည်ကနေ ရန်ကုန်ကို
ခေါ်လာခဲ့ပေးပါတယ်...။

ရန်ကုန်ရောက်တဲ့အခါ ဒေါ်မြရီက
သူ့မှာ ပါလာတဲ့ လက်ကောက်ကို... သခင်နု ဇနီးထံမှာ ဂျပန်ငွေ ၄၀၀ နဲ့
ရောင်းချပြီး... လိုအပ်တာတွေ ဝယ်ပါတယ်...။

အဲဒီနောက် သခင်စိုးတို့ရှိရာ ကျိုက်လတ်မြို့နယ်ဘက်ကို
သမ္ဗာန်တစ်စင်းငှားပြီး လူမသိအောင်သွားကြရပါတယ်..။

ကျိုက်လတ်မြို့နယ် ၊ ညောင်ချောင်းရွာရောက်တော့မှ
၂ နှစ်တာမျှ ခွဲခွာနေရတဲ့ သမီးရည်းစားနှစ်ယောက် ပြန်ဆုံကြရပြီး
သခင်စိုးကပဲ လူကြီးအရာကနေပြီးတော့ ... သခင်တင်ရွှေ နဲ့ ဒေါ်မြရီကို
မင်္ဂလာဆောင်ပေးလိုက်ပါတယ်...။

ညားကာစ လင်မယားနှစ်ယောက်ရဲ့
ပျားရည်ဆမ်းခရီးကတော့.... မဟာမိတ်တပ်ဆီမှာ
လေထီး နဲ့ စစ်သင်တန်းတက်ဖို့အတွက် ...ရခိုင်ရိုးမကို ခြေလျင်ဖြတ်ပြီး
ဂွမြို့နားက မန်ကျည်းစင်ကို ...ချိန်းဆိုထားတဲ့ ရက်ထက်
(၄) ရက်ခန့် စောရောက်အောင်... ခရီးပြင်းနှင်ရခြင်းပဲ
ဖြစ်ပါတယ်...။

လမ်းခရီးက ဂျပန်ဂိတ်တွေကို ဖြတ်သန်းရာမှာ သုံးတဲ့
သခင်တင်ရွှေ နဲ့ ဒေါ်မြရီတို့ရဲ့ နာမည်ဝှက်တွေကတော့
"ကိုဖိုးရုံ" နဲ့ "မခင်စီ" တို့ပဲ ဖြစ်ပါတယ်..။

ပြီးတော့ ခရီးစဥ်မှာ ဦးညိုထွန်းက ရခိုင်တိုင်း မဟာဗမာအဖွဲ့ မင်းကြီး ၊
ကိုဖိုးရုံတို့ လင်မယားက စာရေး နဲ့ လမ်းပြအဖြစ် ၊ ကိုကျော်ရင်က
မင်းကြီးရဲ့ ရုံးအုပ်အဖြစ် ဟန်ဆောင်ပြီးတော့ ထွက်ခဲ့ကြတာပါ...။

ဂွမြို့နယ်ရောက်တော့မှ
သတ်မှတ်ထားတဲ့ အစီအစဥ်အတိုင်း ရခိုင်ကမ်းရိုးတန်းကို
လျှို့ဝှက်ဆိုက်ကပ်လာတဲ့... ဗြိတိသျှ ရေငုပ်သင်္ဘော တစ်စီးနဲ့
အိန္ဒိယကို ထွက်ခွာခဲ့ကြပါတယ်...။

သူတို့ အိန္ဒိယရောက်ပြီဆိုတာကို
ဂျပန်လက်အောက်မှာ လျှို့ဝှက်လုပ်ရှားနေတဲ့...
ရန်ကုန်က တော်လှန်ရေးခေါင်းဆောင်တွေ သိရအောင်
အောလ် အိန္ဒိယ ရေဒီယို ကနေ "ဖိုးရုံတို့ မိဂဒါဝုန် ရောက်ပြီ" ဆိုတဲ့
စကားဝှက်နဲ့ လွှင့်ပေးခဲ့ပါတယ်...။

ဒေါ်မြရီ တို့နဲ့အတူ မဟာမိတ်တပ်မှာ
စစ်သင်တန်းယူကြသူတွေထဲမှာ... နောင် သမ္မတ ဖြစ်လာမယ့်
မန်းဝင်းမောင် ၊ ဖဆပလ ဝန်ကြီးဖြစ်လာမယ့် ဦးညိုထွန်း ၊
တောခို ကွန်မြူနစ်ခေါင်းဆောင်တွေ ဖြစ်လာကြမယ့်
ဗိုလ်မှူးချစ်ကောင်း နဲ့ လေထီး ဦးအုန်းမောင် စတဲ့
တော်လှန်ရေးခေါင်းဆောင်တွေလည်း ပါပါတယ်...။

နောက်ပြီး ဗမာပြည်ပြန်အလာ အိန္ဒိယမှာ လေယာဥ်ပျက်ကျပြီး
ကွယ်လွန်သွားတဲ့ ကျောင်းသားခေါင်းဆောင် သခင်ဗိုလ်တို့လည်း
ပါပါတယ်...။

သင်တန်းပြီးဆုံးပြီးနောက်မှာ
သတင်တင်ရွှေတို့နဲ့ အတူ... ကျောက်ဆည်ဘက်မှာ
လေထီးဆင်းဖို့ စီစဥ်ထားပေမယ့်လည်း... နောက်မှ သင်တန်းဆင်းလာတဲ့
ဗန်းမော် ကိုကိုကြီး ကိုပဲ ဒေါ်မြရီအစား လေထီးဆင်းဖို့
မဟာမိတ်တပ်က စီစဥ်ခဲ့ပါတယ်...။

၁၉၄၅ ခုနှစ် ၊ သြဂုတ်လ ၁၅ ရက်နေ့
ဂျပန်တွေ လက်နက်ချပြီး... စစ်ကြီးပြီးဆုံးပြီးနောက်မှာတော့
ဒေါ်မြရီဟာ အမျိုးသမီး ကွန်ဂရက် ဥက္ကဌ တာဝန်ယူပြီး
ကျောက်ဆည်မှာ ပြည့်တန်ဆာ ပပျောက်ရေး လုပ်ငန်းတွေကို
လုပ်ဆောင်ခဲ့ပါတယ်...။

၁၉၄၈ ခုနှစ်မှာ ခင်ပွန်းဖြစ်သူ သခင်တင်ရွှေ တောခိုစဥ်မှာ
ဒေါ်မြရီလည်း ကျောက်ဆည်ခရိုင် ကွန်မြူနစ်ပါတီရဲ့
ခရိုင် ကော်မတီဝင် တာဝန်နဲ့ နိုင်ငံရေးဆက်လုပ်ပြီး
ဖဆပလ အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပါတယ်...။

ဒါပေမယ့်လည်း ...ခင်ပွန်းဖြစ်သူ တောထဲကျဆုံးသွားတဲ့အခါမှာတော့
ဒေါ်မြရီဟာ ဥပဒေဘောင်ထဲဝင်ရောက်လာပြီး
ဝန်ကြီးချုပ် ဦးနု ရဲ့ စီစဥ်ပေးမှုနဲ့ ... ကျောက်ဆည်မြို့မှာ
ကျောင်းဆရာမ လုပ်ကိုင်ရင်း... သား (၂) ယောက် ၊ သမီး (၂) ယောက်နဲ့အတူ စျေးတန်းရပ်မှာပဲ နေထိုင်ခဲ့ပါတယ်...။

အဲဒီနောက်ပိုင်း ဒေါ်မြရီဟာ
နိုင်ငံရေးမှာ အရင်လို မပါဝင်တော့ပေမယ့်
လေထီး ရဲဘော်ဟောင်း ဗိုလ်မှူးချစ်ကောင်းကို
နိုင်ငံတော် ပုန်ကန်မှုနဲ့.... ေ-သဒဏ်ပေးတဲ့အခါမှာတော့
သူငယ်ချင်းဖြစ်သူ သမ္မတ မန်းဝင်းမောင် ကို အကူအညီတောင်းခံပြီး
ဗိုလ်မှူးချစ်ကောင်းကို ေ-သဒဏ်ကနေ လွတ်အောင်
လုပ်ပေးနိုင်ခဲ့ပါတယ်...။

တော်လှန်ရေးမှာ ပါဝင် ကျဆုံးခဲ့ရသူတွေအတွက်
အမှတ်တရအနေနဲ့ ....ကျောက်ဆည်မြို့ ၊ ရွှေသာလျောင်း တောင်ခြေမှာ
သူမကိုယ်တိုင် ကျောက်တိုင်စိုက်ထူပေးခဲ့သလို....
နိုင်ငံတော်ကလည်း ဒေါ်မြရီကို လွတ်လပ်ရေးမော်ကွန်းဝင် ( ဒုတိယအဆင့် ) ချီးမြှင့်ခဲ့ပါတယ်။

၈၈ အရေးအခင်းဖြစ်ပွားစဥ်မှာ
ဒေါ်မြရီဟာ အသက် (၇၀) ဝန်းကျင်ရှိပြီဖြစ်ပေမယ့်လည်း
တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါသေးတယ်..။

ဒီလိုနဲ့ တချိန်က ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲတွေမှာ
ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့တဲ့...
ဗမာ အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်ကြီး ဒေါ်မြရီဟာ
၂၀၁၀ ခုနှစ် ၊ ဒီဇင်ဘာလ (၉) ရက်နေ့မှာ ကျောက်ဆည်မြို့မှာပဲ
ကွယ်လွန်သွားပါတယ်...။

ဒေါ်မြရီ ကွယ်လွန်ချိန်မှာ အသက် (၉၃) နှစ်ရှိနေပြီလည်း
ဖြစ်ပါတယ်....။

#ကျောက်ဆည်သခင်မမြရီ #ဒေါ်မြရီ #ဖက်ဆစ်တော်လှန်ရေး

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ

Post a Comment

0 Comments