ဗိုလ်ဘုန်းမြင့် (ခေါ်) သခင်တင်အေးကို
၁၉၂၀ ခုနှစ် ၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ
သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် ၊ ကွမ်းခြံရွာမှာ
မွေးပါတယ်... ။
မိဘတွေကတော့ ဦးဘ နဲ့ ဒေါ်ရွှေခဲ ဖြစ်ပြီး
ဗမာလူမျိုးတွေပဲ ဖြစ်ပါတယ်..။
ငယ်စဥ်က လက်ပံတန်းမြို့ ဆရာကြီး ဦးစိန်ရဲ့
မြန်မာ အထက်တန်းကျောင်းမှာ နဝမတန်းအောင်မြင်တဲ့အထိ
ပညာသင်ကြားခဲ့ပါတယ်...။
ပြီးတော့ မင်းလှမြို့ ၊ နော်မန်ကျောင်းမှာ
အလယ်တန်းဆရာဖြစ်သင်တန်း တက်ရောက်ခဲ့ရာ
ထူးချွန်စွာ အောင်မြင်ခဲဲဲတဲ့အတွက် ရွှေတံဆိပ် ချီးမြှင့်ခံခဲ့ရပါတယ်....။
အဲဒီနောက်မှာ မင်းလှမြို့နယ် ကျောင်းသားသမဂ္ဂ ဥက္ကဌအဖြစ်လည်း
ဆောင်ရွက်ခဲ့ပြီး.... တို့ဗမာအစည်းအရုံးထဲ ဝင်ရောက်လာတဲ့အခါမှာတော့
သခင်တင်အေး ဆိုပြီး ဖြစ်လာခဲ့ပါတယ်...။
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့
ရဲဘော်သုံးကျိပ်အဖွဲ့တွေ... ဂျပန်ပြည်ကို
လျှို့ဝှက် စစ်ပညာသင်သွားကြတဲ့အခါ... သခင်တင်အေး လည်း
မြန်မာမျိုးချစ်လူငယ်အဖြစ် ရဲဘော်သုံးကျိပ် ဒုတိယအသုတ်မှာ
ပါဝင်ခဲ့ပါတယ်...။
ဟိုနန်ကျွန်း နဲ့ ထိုင်ဝမ်ကျွန်းတွေမှာ
စစ်ပညာကို သင်ကြားပြီးနောက်... ထိုင်းနိုင်ငံ ၊ ဘန်ကောက်မှာ
ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ဖွဲ့စည်းတဲ့အခါမှာတော့
သခင်တင်အေး ဟာ .... "ဗိုလ်ဘုန်းမြင့်" ဆိုတဲ့
ဗိုလ်အမည်ကို ခံယူခဲ့ပါတယ်...။
ဗမာ့လွတ်လပ်ရေးတပ်မတော် နဲ့ ဂျပန်စစ်တပ်တို့
မြန်မာပြည်တွင်းကို ချီတက်ဖို့ စစ်ကြောင်းတွေ သတ်မှတ်တဲ့အခါ
ဗိုလ်ဘုန်းမြင့်က ... အမှတ် (၅၅) ဂျပန်တပ်မ ရဲ့
ဆက်သွယ်ရေး အရာရှိအဖြစ် တာဝန်ယူခဲ့ရပါတယ်..။
မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက်
ဗမာ့လွတ်လပ်ရေးတပ်မတော် ကို ဗမာ့ကာကွယ်ရေးတပ်မတော် အဖြစ်
ပြောင်းလဲဖွဲ့စည်းတဲ့အခါ.... ဗိုလ်ဘုန်းမြင့်ဟာ ဗိုလ်ကြီးအဆင့်နဲ့
တပ်မတော်ထဲမှာ ဆက်ပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်...။
ဖက်ဆစ် တော်လှန်ရေး စတင်တဲ့အခါမှာလည်း
ဗိုလ်ဘုန်းမြင့်ဟာ တိုင်း ၇ ( သရက် ၊ အောင်လံ ၊ မင်းဘူး ၊ မကွေး ) မှာ
တာဝန်ကျပြီး.... ဗမာ့မျိုးချစ်တပ်မတော် တပ်ရင်း (၁၀၃) ရဲ့
တပ်ရင်းမှူးအဖြစ် ဦးဆောင် တိုက်ပွဲဝင်ပါတယ်..။
ဗိုလ်ဘုန်းမြင့်ရဲ့ နာမည်ကြီး တိုက်ပွဲကတော့
ဂျပန် စစ်တပ်ရဲ့ မင်းလှ လေယာဥ်ကွင်းကို
ရဲဘော် (၃) ဦးထဲနဲ့... ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တဲ့
တိုက်ပွဲပဲ ဖြစ်ပါတယ်...။
အဆိုပါ တိုက်ပွဲအတွင်းမှာ
ဂျပန်တွေရဲ့ လက်နက်ခဲယမ်း မြောက်များစွာကို
ဖျက်ဆီးနိုင်ခဲ့ပါတယ်.. ။
လွတ်လပ်ရေးရပြီးနောက်.... ၁၉၅၀ ခုနှစ်လောက်မှာတော့
ဗိုလ်ဘုန်းမြင့်ဟာ တပ်ကနေ တရားဝင်ထွက်ခဲ့ပြီး
ပါတီနိုင်ငံရေးထဲကို ဝင်ရောက်ခဲ့ပါတယ်...။
ဗမာပြည် အလုပ်သမား ၊ လယ်သမား ပါတီ ရဲ့
သာယာဝတီခရိုင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး
၁၉၅၂ ခုနှစ် ပထမအကြိမ် ပါလီမန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာ
အုတ်ဖို မဲဆန္ဒနယ်ရဲ့ အမတ်လောင်းအဖြစ် အရွေးခံခဲ့ရပါတယ်...။
၁၉၅၆ ခုနှစ် ဒုတိယအကြိမ်
ပါလီမန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာ
ပမညတ အမတ်လောင်းအဖြစ် မိုးညို မြို့နယ်ကနေ ဝင်အရွေးခံရာမှာတော့
ရှုံးနိမ့်ခဲ့ပါတယ်...။
၁၉၅၈ ခုနှစ် ဖဆပလအဖွဲ့ကြီးရဲ့ အကွဲအပြဲကြောင့်
ဗိုလ်ဘုန်းမြင့်ဟာ နိုင်ငံရေးကို စိတ်ကုန်ပြီး
ပါတီနိုင်ငံရေးကနေ အပြီးတိုင် အနားယူသွားခဲ့ပါတယ်...။
ဗိုလ်ဘုန်းမြင့်ရဲ့.... တိုင်းပြည်နဲ့ လူမျိုး လွတ်လပ်ရေးအတွက်
ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကြောင့် ...
၁၉၅၉ ခုနှစ်မှာ လွတ်လပ်ရေး မော်ကွန်းဝင် (ပထမအဆင့်) နဲ့
၁၉၈၀ ပြည့်နှစ်မှာ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) တွေကို
နိုင်ငံတော်ကနေ ချီးမြှင့်ခဲ့ပါတယ်..။
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဘုန်းမြင့်ဟာ
၁၉၈၉ ခုနှစ် ၊ ဇူလိုင် ၂၈ ရက်နေ့ အသက် (၆၉) နှစ်အရွယ်မှာပဲ
လက်ပံတန်းမြို့မှာ ကွယ်လွန်ခဲ့ပါတယ်....။


0 Comments