About Me

header ads

Ultra Long Range ဝေဟင်ပစ်ဒုံး



Ultra Long Range ဝေဟင်ပစ်ဒုံးအတွက် ပြိုင်ဆိုင်မှုများဆက်ပြီးရှိနေမည်။
 
အမေရိကန်လေတပ်ဟာ ယခုနှစ်စစ်အသုံးစရိတ်၌ AIM-260 အမျိုးအစား တာဝေးဝေဟင်မှ ဝေဟင်ပစ်ဒုံးများကို တိုးမြင့်ထုတ်လုပ်ဖို့စီစဉ်နေပါတယ်။ ယခုနှစ် 2026 ဘဏ္ဌာရေးနှစ်၌ AIM-260 စီမံကိန်းကို ကန်ဒေါ်လာ 897သန်းဖြင့် လျာထားရာမှာ လာမည့် 2027 ၌ ဒေါ်လာ 2.9 ဘီလီယံ အဖြစ်တိုးမြင့်ထားကြောင်း မကြာသေးမှီက ထုတ်ပြန်ခဲ့သည့်စာရွက်စာတမ်းများအရ သိခဲ့ရပါတယ်။ 
 
ထိုသို့ ထုတ်လုပ်မှုကို တိုးမြင့်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြိုင်ဖက် တရုတ်လေတပ်၏ PL-17 စီမံကိန်းဖြစ်ပါတယ်။ PL-17 ဟာလည်း AIM-260 လိုပင် တာဝေးဝေဟင်မှ ဝေဟင်ပစ်ဒုံးဖြစ်ပြီး ထိုစီမံကိန်းကို 2010‌နှောင်းပိုင်းကတည်းက စတင်ခဲ့ကြောင်းယူဆရပါတယ်။ 
 
ထိုစဉ်က တရုတ်လေတပ်၌ အသံထက် 4ဆ ကျော်မြန်သည့်အလျင်ဖြင့် အကွာအဝေး 100km အထိရောက်ရှိနိုင်သည့် PL-12 အမျိုးအစား တာလတ်ဝေဟင်မှဝေဟင်ပစ်ဒုံးများသာ အဝေးဆုံးရောက်ရှိနိုင်သည့် ဒုံးများဖြစ်‌နေခဲ့ပါတယ်။ ထိုစဉ်မှာ တရုတ်လေတပ်၏ပညာရှင်များဟာ PL-15 နှင့် PL-17 လို တာဝေးဒုံးများကို ထုတ်လုပ်ရန် စီမံကိန်းများချမှတ်ကာ တိတ်တဆိတ် လုပ်ဆောင်ခဲ့ပါတယ်။ 
 
PL-15 ဟာ Long Range ဖြစ်ပြီး PL-17 ဟာ Ultra Long Range ဖြစ်ပါတယ်။ သို့သော် PL-15 ကို တရုတ်စစ်တပ်မှ 2005 ခုနှစ်နှောင်းပိုင်း၌ စတင်ဖန်တီးနိုင်ခဲ့တာကြောင့် 2011 ၌ ပထမဆုံး ပစ်ခတ်စမ်းသပ်ခဲ့ကာ 2015 တွင် ပြည်တွင်း မီဒီယာ၌ ပွဲဦးထွက်လာနိုင်ခဲ့ပါတယ်။ ထိုမှစ၍ လေတပ်၌ PL-15 ကို အဆင့်မြင့်ဆုံး Missile အဖြစ် စတင်အသုံးပြုလာခဲ့ပါတယ်။ 
 
ထို PL-15 မှာတင် တရုတ်ဟာ ကျေနပ်မနေခဲ့ဘဲ 2016 ၌ PL-17 ကို J-16 ၌ စတင်တပ်ဆင်ကာ စမ်းသပ်ခဲ့သည်ကို ဓာတ်ပုံနှစ်ပုံ၌ မြင်တွေ့ခဲ့ရပါတယ်။ အမေရိကန်နှင့် အနောက်နိုင်ငံများဟာ ထို ဒုံး၏နာမည်အသေးစိတ်ကို မသိရတာကြောင့် PL-XX ဟူ၍ အမည်တပ်ထားခဲ့ပါတယ်။ ထိုဓာတ်ပုံနှစ်ပုံ၌ မြင်ရသည့် ဒုံးဟာ တောင်ပံများမပါတာကြောင့် တရုတ်လေတပ်သုံး ယခင်မျိုးဆက်များနှင့်မတူဘဲ သီးခြားကြီးဖြစ်နေတာကြောင့် သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ 
 
Ultra Long Range ဒုံးများ၏ သဘောတရားကို တစ်ချက်လေးရှင်းပြလိုပါတယ်။ ၎င်းဟာ သာမရိုးကျ ရန်သူ့ တိုက်လေယာဉ်များကိုပစ်မှတ်ထားတာမျိုးမဟုတ်ပေ။ ၎င်း၏ ‌ဒီဇိုင်းပင်လျှင် သာမန် တာဝေးဒုံးများလောက် တောင်ပံများမများပြားပေ။ သို့သော် ၎င်း၌ လောင်စာအပိုင်း Booster Section မှာရှည်လျားစွာပါရှိနေပါတယ်။ အကြောင်းမှာ ၎င်း၏ ပစ်မှတ်ဟာ Maneuver များများစားစားမလုပ်နိုင်သည့် လေယာဉ်ကြီးတွေဖြစ်ပါတယ်။
အထူးသဖြင့် လေတပ်၌ အရေးပါသော အခန်းကဏ္ဌများ၌ ခရီးသည်တင် လေယာဉ်လို အရွယ်အစားကြီးသော လေယာဉ်များရှိကြပါတယ်။ 
 
၎င်းတို့မှာ
၁။ လေကြောင်းကြိုတင်သတိပေးရေးလေယာဉ် (AEW&C) ၊
၂။ ဆီဖြည့်လေယာဉ် (Tanker) ၊ နှင့်
၃။ ဗုံးကြဲလေယာဉ် (Bomber) တို့ဖြစ်ကြပါတယ်။ 
 
ထိုလေယာဉ်အသီးသီးဟာ ရန်သူ့‌ပိုင်နက်ကို ထိုးဖောက်ရာ၌ အရေးပါလှပြီး အကွာအဝေးတစ်ခုမှ စစ်ဆင်လေ့ရှိပါတယ်။ ထိုကြောင့် သာမရိုးကျ တိုက်လေယာဉ်များအနေဖြင့် ၎င်းတို့ကို လိုက်လံချေမှုန်းရန် အချိန်များစွာပေးရပါတယ်။ အထူးသဖြင့် ယခင်အသုံးပြုနေသည့် AIM-120 နှင့် PL-15 လို ဒုံးများဟာ တာလတ်နှင့် ‌တာဝေး ဗားရှင်းများဖြစ်ကြသော်လည်း ၎င်းတို့လက်လှမ်းမှီသည့်အကွာအဝေးဟာ ရန်သူ့ လေယာဉ်ကြီးများစစ်ဆင်သည့်အကွာအဝေးနှင့်ယှဉ်ပါက Gap နည်းနည်းလေးရှိပါတယ်။ (တရုတ်ကတော့ အဘယ်ကြောင့်မှန်းမသိ ပိုဝေးဝေးပစ်ချင်ပုံရပါတယ်။)
 
ဗုံးကြဲလေယာဉ်များဟာ စစ်‌ဆင်ရေးအများစု၌ ရန်သူ့ဝေဟင်ပိုင်နက်သို့ တိုက်ရိုက်ထိုးဖောက်လာတတ်သော်လည်း တိုက်လေယာဉ်အခြံအရံဖြင့်လာတာကြောင့် ၎င်း၏ အခြံအရံများဖြင့် ရန်သူ့ကြားဖြတ်တိုက်လေယာဉ်များကို ထိပ်တိုက်‌ရင်ဆိုင်စေခြင်းဖြင့် လမ်းကြောင်းလွှဲပေးထားခဲ့ကာ ၎င်းမှာ ကိုယ်လွတ်ရုန်း၍ မိခင် လေတပ်စခန်းသို့ ပြန်သွားလေ့ရှိပါတယ်။ AWACS နှင့် Tanker ကြီးများဟာ အများအားဖြင့် မိမိဝေဟင်ပိုင်နက်မှနေ၍သာ စစ်ဆင်လေ့ရှိပါတယ်။ 
 
ထိုကြောင့် ၎င်းတို့ကိုလိုက်လံချေမှုန်းရန်အတွက် မိမိဘက်မှ တိုက်လေယာဉ်များစေလွှတ်ပါက အချိန်ကုန် ငွေကုန်သလို အခပ်မသင့်ဘဲ ရန်သူ့လေကာဇုန်အတွင်းရောက်သွားပါက လူ့အသက်ပါရင်းရမည့် အနေအထားဖြစ်ပါတယ်။ ထိုကြောင့် ယခုလို Ultra Long Range ဒုံးများကို လေတပ်များမှ ပိုင်ဆိုင်နိုင်ရန်ကြိုးစားနေကြတာဖြစ်ပါတယ်။ 
 
၎င်း၏ အားသာချက်မှာ အကွာအဝေး ၂၅၀km အထက်ကိုရောက်ရှိနိုင်ကြတာဖြစ်ပါတယ်။ ထိုအချက်ဟာ သာမန်ပြည်သူအဖို့ မည်မျှပင်ဝေးသည့် ပမာဏမဟုတ်သော်လည်း လေတပ်၏ တိုက်လေယာဉ်များအဖို့ တိုက်ပွဲအောင်နိုင်စွမ်းကို အတော်လေးအဆုံးအဖြတ်ပေးနိုင်တာဖြစ်ပါတယ်။ ထို နေရာ၌ ဖြည့်စွက်ပြောရမည့်အကြောင်းအရာတချို့ရှိနေပါတယ်။ 
 
လက်ရှိ အမေရိကန်လေတပ်နှင့် ရေတပ်သုံး နောက်ဆုံးထွက် ဗားရှင်းဖြစ်သည့် AIM-120 ဟာ အဝေးဆုံး 180km သာရောက်ရှိတာဖြစ်ပါတယ်။ US လေတပ်နှင့် ရေတပ်လို ကမ္ဘာ့အင်အားအကြီးဆုံးလေတပ်များအဖို့ တိုက်လေယာဉ်အရေအတွက်အလွန်များသဖြင့် အုပ်တစ်အုပ်နှင့် တစ်အုပ်ကြား ကွာဟမှုကို လျှော့ချထားနိုင်တာကြောင့် AIM-120D ဟာ လုံလောက်သည့်ပမာဏဖြစ်နေဆဲဖြစ်ပါတယ်။ 
 
တရုတ်လေတပ်ဘက်မှမူ ယခုမှသာ တိုက်လေယာဉ်အုပ်ကို တိုးချဲ့နေရဆဲဖြစ်တာကြောင့် Gap ကွာခြားချက်အနည်းငယ်ပိုများပါတယ်။ ထိုကွက်လပ်ကိုဖြည့်ဆည်းနိုင်ဖို့ တရုတ်လေတပ်ဟာ AIM-120 နှင့် တူညီသည့် PL-12 တာလတ် တင်မဟုတ်ဘဲ 300km အထိရောက်နိုင်သည့် PL-15 တာဝေးဒုံးကို တပ်တော်ဝင်နိုင်အောင်ကြိုးပမ်းခဲ့ရကာ တွင်ကျယ်စွာသုံးနေတာဖြစ်ပါတယ်။ 
 
PL-15 ဟာ လက်တွေ့စစ်မြေပြင်၌ ပါကစ္စတန်လေတပ်၏ J-10CE ဖြင့် အိန္ဒိယလေတပ်၏ Rafale တိုက်လေယာဉ်ကိုပစ်ချရာ၌ အသုံးတော်ခံထားပြီးဖြစ်တာကြောင့် လက်တွေ့ Combat proven ကို AIM-260 ထက် စောလျင်စွာရရှိထားတာဖြစ်ပါတယ်။ 
 
ထို‌ကြောင့် လက်ရှိ တရုတ်လေတပ်ဟာ PL-15 ကြောင့် US နှင့်ယှဉ်ပါကတာဝေးပိုပစ်နိုင်သော်လည်း တိုက်လေယာဉ်အရေအတွက်နှင့် အတွေ့အကြုံပိုင်း၌ US ကိုမှီဖို့မဖြစ်နိုင်သေးပါ။ ထို့အပြင် အမေရိကန်၌ တာဝေး‌ဗုံးကြဲလေယာဉ်အုပ်၊ AWACS နှင့် Tanker အုပ်ကြီးများဟာ ပိုမိုအင်အားတောင့်တင်းတာကြောင့် တရုတ်အနေဖြင့် PL-17 ကိုထုတ်မှကိုမရမည့်အနေအထားဖြစ်ပါတယ်။ အကွာအဝေး 500km အထိရောက်နိုင်သည့် PL-17 ဟာ တရုတ်လေတပ်၏ စစ်ဆင်နိုင်စွမ်းကို နောက်တစ်ဆင့်သို့ရောက်အောင်တွန်းပို့နိုင်ခဲ့ပါတယ်။
 
US ဟာလည်း တရုတ်ကိုယှဉ်နိုင်ဖို့ AIM-260 နှင့် AIM-174 ကို ထုတ်လုပ်ခဲ့ရပါတယ်။ AIM-260 ဟာ လေတပ်အတွက် အဓိကသုံးရမည့် ဗားရှင်းဖြစ်ပြီး အကွာအဝေး 200km ကျော်အထိရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ၎င်းဟာ Joint Advanced Tactical Missile ဖြစ်တာကြောင့် ရေတပ်၏ F/A-18 Super Hornet များအပြင် လေတပ်၏ F-22 နှင့် F-35 လိုကိုယ်ပျောက်တိုက်လေယာဉ်များအထိပါ စံပြုဒုံးလက်နက်အဖြစ် တပ်ဆင်ပစ်ခတ်နိုင်မှာဖြစ်ပါတယ်။ 
 
၎င်းဟာ PL-15 ၏ ပြိုင်ဖက်ဖြစ်လာပြီး Role အရ အကုန်နီးပါးတူညီပါတယ်။ အထူးသဖြင့် ရန်သူ့တိုက်လေယာဉ်ရော မဟာဗျူဟာကျသည့် လေယာဉ်ကြီးများအထိ ခြိမ်းခြောက်မှုပေးနိုင်‌ပါတယ်။ သတင်းများ၏အဆိုအရ AIM-260 တပ်ဆင်ထားသည့် တိုက်လေယာဉ်ဟာ AIM-120 တပ်ထားသည်ထက် ၎င်း၏ တိုက်နိုင်စွမ်း ဧရိယာအဝန်းဝိုင်းကို နှစ်ဆအထိ တိုးမြင့်နိုင်ကြောင်းသိရပါတယ်။ 
 
ထို AIM-260 ၌ dual-pulse rocket motor ကို တပ်ဆင်ထားတာကြောင့် အများဆုံး အသံထက် 5ဆမြန်သည့်အလျင်ဖြင့် သွားလာနိုင်သလို စွမ်းအင်ကို ပေါက်ကွဲအားမြင့်စွာ လောင်ကျွမ်းကာ အလျင် အလွန်မြန်သည့်ပမာဏဖြစ်သော Mach 5 ၌ အချိန်ကြာမြင့်စွာထိန်းထားနိုင်ပါတယ်။ ထိုအချက်ဟာ Maneuver လွန်စွာကောင်းသည့် တိုက်လေယာဉ်များကို ချေမှုန်းရာ၌ ထိရောက်သည့် အားသာချက်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ 
 
AIM-260 ဟာ Range နှင့် Speed ၌ တင်မဟုတ်ဘဲ Protection ပိုင်း၌ အထူးအဆင့်မြင့်ထားပါတယ်။ အထူးသဖြင့် EW စနစ်ဖြင့် Jam လုပ်ခြင်းကို ကာကွယ်နိုင်သဖြင့် AWACS၊ လေကာစနစ်များနှင့် EW ယာဉ်များ၏ ကြားဖြတ်နိုင်ခြင်းကို ကာကွယ်ထားတာကြောင့်ကြားဖြတ်ရ အလွန်ခက်ခဲနိုင်ပါတယ်။ 
 
သို့သော် ရေတပ်၌ Ultra Long range ဗားရှင်းအဖြစ် SM-6 မှ ပြောင်းလဲလာသည့် AIM-174B Gunslinger ကို F/A-18 Super Hornet များ၌ တပ်ဆင်ခြင်းဖြင့် ရေတပ်၏ စစ်ဆင်ရေးပမာဏကို တိုးချဲ့ထားပါတယ်။ ၎င်းဟာ အကွာအဝေး 400km အထိရောက်ရှိနိုင်တာကြောင့် တရုတ်၏ PL-17 နှင့် တန်းတူသွားပါတယ်။ 
 
သို့သော် တာဝေးရောက်နိုင်သည့် အားသာချက်၏ နောက်တွင် Booster ကိုရှည်လျားစွာတပ်ဆင်ရတာကြောင့် ဒုံး၏ အရွယ်အစားနှင့် အလေးချိန် ကြီးမားလာခြင်းဟူသည့် အားနည်းချက်ပါ တွဲပြီးပါလာပါတယ်။ ထိုကြောင့် F/A-18 Super Hornet များ၌ AIM-174B (4)စင်းတပ်လိုက်ပါက ကျန်သည့် လက်နက်များတပ်ဆင်မည့် နေရာမရှိသလောက်နည်းပါးသွားကာ ‌တောင်ပံ၏ ကြံ့ခိုင်မှုကြောင့် ကျန်လက်နက်များတပ်ဆင်နိုင်သည့်အနေအထားလည်းမရှိတော့ပါ။ 
 
အခြားတစ်ဖက်၌ တရုတ်၏ PL-17 ဟာလည်း J-10 လိုဘက်စုံသုံးနှင့် J-20, J-35 လို ကိုယ်ပျောက်တိုက်လေယာဉ်များ၌ တပ်ဆင်နိုင်ဖို့ စိန်ခေါ်မှုတွေရှိပါတယ်။ အထူးသဖြင့် J-10 ၌ လုံးဝတပ်နိုင်ခြင်းမရှိဘဲ J-16 လို ကိုယ်ထည်ကြီးသည့် တိုက်လေယာဉ်များနှင့်သာ အဆင်ပြေပါတယ်။ ထိုသို့အဆင်ပြေသည်တောင်မှ J-16 ၌ Max Takeoff Weight အရ PL-17 ကို သုံးစင်းသာ တပ်ခွင့်ရပါတယ်။ 
 
ထို့အပြင် Internal Weapon Bay များကိုသာ အဓိကအားထားရသည့် ပဉ္စမမျိုးဆက် J-20နှင့် J-35 လို ကိုယ်ပျောက် တိုက်လေယာဉ်များဟာ PL-17 ကိုလက်ခံတပ်ဆင်ဖို့ မဖြစ်နိုင်သေးဘဲရှိ‌နေပါတယ်။ 
 
အထူးသဖြင့် အရွယ်အစားကြီးမားသည့် J-20 ပင် PL-17 ကို Internal Weapon Bay ၌ သယ်လို့မရဘဲ အပြင်ဘက်တောင်ပံ၌သာ ချိတ်ဆွဲရမှာဖြစ်တာကြောင့် RCS ပိုင်း၌ ပိုတိုးလာပြီး ကိုယ်ပျောက်နိုင်စွမ်းမရှိတော့ဘဲဖြစ်နေပါတယ်။ ထိုကြောင့် Ultra Long Range Target များကို စတုတ္ထမျိုးဆက် J-16 မှသာ တာဝန်ယူကာ ချေမှုန်းရမှာဖြစ်ပါတယ်။
 
များမကြာမှီ အနာဂတ်၌ တရုတ်နှင့် အမေရိကန်တို့ဟာ ထိပ်တိုက်ရင်ဆိုင်ရမည့် အရိပ်အယောင်များမြင်လာရတာကြောင့် မည်သည့် ဒုံးဟာ လက်တွေ့ Combat ၌ အနိုင်ရသွားမလဲဆိုတာဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။

Post a Comment

0 Comments