PSLO နှင့် SSPP တို့ တွေ့ဆုံခြင်
၁၉၈၄ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် PSLO နှင့် SSPP တို့၏ ပဏာမ ညှိနှိုင်းဆွေးနွေးပွဲကို နမ့်ဆန်မြို့နယ်၊ မန်မိုင်မိန်းကွမ်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မန်လုံးကျေးရွာ၌ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးကောင်စီ (PSLC) ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးအိုက်မုန်းမှ ဦးဆောင်ပြီး SSPP/SSA တပ်ဖွဲ့ဘက်တွင် တပ်မဟာ (၃) နိုင်ငံရေးမှူး ဗိုလ်မှူးစိုင်းနောင့်မှ ဦးဆောင်ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် အဖွဲ့အစည်းနှစ်ရပ်၏ ဗဟိုအဆင့် သဘောတူညီချက်အပေါ် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ရေး၊ တပ်ပေါင်းစုရေးရာ၊ နယ်မြေဒေသ ထိန်းညှိရေး၊ ဆက်သွယ်ရေး၊ ပူးတွဲစစ်ဆင်ရေးကိစ္စများကို လုပ်ငန်းစဉ်များ ချမှတ်ရန် သဘောတူညီမှု ရရှိခဲ့သည်။ ဤညှိနှိုင်းဆွေးနွေးပွဲမှ PSLO-SSPP တို့၏ ပထမဦးဆုံးသော ပူးတွဲစစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့သည်။
၁၉၈၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် နမ့်ဆန်မြို့နယ်၊ ဟူမန်းကျေးရွာအုပ်စု၊ ဟူမန်းကျေးရွာ၌ ကျင်းပပြုလုပ်သော ပလောင်ပြည်နယ်လွတ်မြောက်ရေးကောင်စီ (PSLC) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့၏ အစည်းအဝေးတွင် PSLC ဖက်မှ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးအိုက်မုန်း ဦးဆောင်ပြီး SSPPဖက်မှ တပ်မဟာ (၃) နိုင်ငံရေးမှူး ဗိုလ်မှူးပန်ဖ ဦးဆောင်ဆွေးနွေးခဲ့သည်။
ထိုအစည်းအဝေးကို PSLC အတွင်းရေးမှူး တားစံမောင်မှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ကြီးညီလုံ၊ ဒုတိယ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီးကျော်ရင်၊ အထွေထွေရုံးအရာရှိ ဗိုလ်ကြီးအိုက်လိတ်၊ ဗိုလ်အိုက်ထဒ်၊ ဒုဗိုလ်အောင်ရွှေနှင့် ဒုဗိုလ်အောင်လွင်တို့ ပါဝင်တက်ရောက်ကြသည်။
ဤအစည်းအဝေးတွင် အဓိကဆွေးနွေးရာမှာ ၁၉၈၃ ခုနှစ်၊မေလ (၁၄) ရက်နေ့တွင် ကျင်းပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက်ကို အခြေခံ၍ ၁၉၈၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှစပြီး လက်တွေ့အကောင်အထည်ဖော်သွားမည်ဟု သဘောတူသည့်အပြင် အောက်ပါ နိုင်ငံရေးလမ်းညွှန်ချက်နှင့် စစ်ဆင်ရေးစီမံချက်များကိုလည်း ရေးဆွဲချမှတ်နိုင်ခဲ့သည်။
၁။ ဘုံရန်သူကို ပူးတွဲစစ်ဆင်ရေးဖြင့် ချေမှုန်းသွားခြင်း
(က) ပူးတွဲစစ်ဆင်ရေးသည် နှစ်ပါတီနစ်တပ်တို့၏ သွေးစည်းညီညွတ်ရေးအင်အားကို ပိုမိုတည်တံ့ ခိုင်မြဲစေရမည်။
(ခ) ပူးတွဲစစ်ဆင်ရေးသည် နောင်တချိန်တွင် အရှိန်အဟုန် မြင့်မားလာမည့် တပ်ပေါင်းစု အသွင်၏ အနှစ်သာရ ဖြစ်စေရမည်။
၂။ ပူတွဲ စစ်ဆင်ရေး စီမံချက်များ
(က) စစ်ကော်မရှင်များကို စည်းကမ်းချက် (၉) ချက်ပါသော စည်းကမ်းချက်ဖြင့် ဖွဲ့စည်းပြီး ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ ဧပြီလ (၁၅) ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သည်။
ဆက်လက်၍ ၁၉၈၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် နမ့်ဆန်မြို့နယ်၊ ဟူမန်းကျေးရွာ အုပ်စု ဟူမန်းကျေးရွာ၌ပင်ယခင် ၁၉၈၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်သော သုံးပွင့်ဆိုင် ငါ့ဆပိတ်အစည်းအဝေးဆုံးဖြတ်ချက်ကို ထပ်လောင်း၍ အတည်ပြုဖြည့်စွက်သော အစည်းအဝေးကို PSLC အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးအိုက်မှန်း ဦးဆောင်ပြီး SSPP အဖွဲ့မှ တပ်မဟာ (၃) နိုင်ငံရေးမှူး ဗိုလ်မှူးပန်ဖ ဦးဆောင်ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် အောက်ပါအတိုင်း ထပ်မံဖြည့်စွက်၍ အတည်ပြုခဲ့သည် -
၁။ တပ်ဖွဲ့တစ်ဖွဲ့၏ ထိန်းချုပ်ထားသည့် နယ်မြေအတွင်းမှ ပြစ်မှုကျူးလွန်သော တရားခံများက အခြားတပ်ဖွဲ့တစ်ဖွဲ့၏ ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်းသို့ ဝင်ရောက်ခိုလှုံသည်ဟုသတင်း ရရှိပါက သက်ဆိုင်ရာမှ အရေးယူထားပေးရန်။
၂။ တပ်ဖွဲ့တစ်ဖွဲ့ နယ်မြေအတွင်းမှ ခွင့်ပြန်ဝန်ထမ်းများ၊ တာဝန်အရ သွားလာသည့်ဝန်ထမ်းများ မိမိ၏မိခင်ဌာန ခွင့်ပြုချက်လက်မှတ် ပါရမည့်အပြင် သက်ဆိုင်ရာ ဒေသခံရုံးသို့ အကြောင်းကြားရန်။
၃။ တပ်ဖွဲ့နှစ်ဖွဲ့၏နယ်ခြားရှိ ကျေးရွာပြည်သူလူထုများက တစ်စုံတစ်ခုသော ပြဿနာပေါ်ပေါက် လာပါက သက်ဆိုင်ရာ နယ်မြေမှူးများမှ ပူးပေါင်းညှိနှိုင်းပြီး ဖြေရှင်းသွာရန်။
၄။ တပ်ဖွဲ့စ်ဖွဲ့၏နယ်မြေအတွင်းတွင် စည်းရုံးရေးကိုသော်လည်းကောင်း၊ လူထု၏အသက်အိုးအိမ်နှင့် ပစ္စည်းကိုသော်လည်းကောင်း မထိခိုက်စေဘဲ ရန်သူကို တိုက်ခိုက်နိုင်မည့် တိုက်ကွင်းတိုက်ကွက်ကောင်း ရှိပါက လျှပ်တစ်ပြက် ဝင်ရောက်တိုက်ခိုက်ခွင့် ပြုကြရန်နှင့် သက်ဆိုင်ရာ သို့လည်း အသိပေးအကြောင်းကြားရန် ဟူသော အချက်များ ထပ်မံဖြည့်စွက်သည်။


0 Comments