About Me

header ads

PSLO နှင့် KIO ထာဝရမဟာမိတ်စာချုပ်

 


PSLO နှင့် KIO ထာဝရမဟာမိတ်စာချုပ်
ချုပ်ဆိုခြင်း
အမှတ် (၃၆) - ပလောင်သမိုင်း
စာရေးသူ - မိုင်းအိုက်ကော်
ထုတ်ဝေသည့်ခုနှစ် - မတ်လ ၊ ၂၀၁၇
ပြန်လည်မျှဝေသူ - ကိုဆိုင်းတူး ( ၉/၆/၂၀၂၄ )
 
ဤထာဝရမဟာမိတ် ဖြစ်ပေါ်ရခြင်း၏ လက်တလော အကြောင်းရင်းက လူမျိုးမုန်းတီးရေးဖြင့် ၁၉၆၂ခုနှစ် ဇွန်လအတွင်း “ဒူဝါဘန်မာဇော်ဖန်” ဦးဆောင်သော KIO/KIA တပ်ဖွဲ့တို့က ဒေသခံ ကချင်နှင့်ပူးပေါင်း၍ ရွှေလီမြစ်အနောက်ဘက်ခြမ်း နမ့်ခမ်းမြို့နယ်၊ မကောက်၊ တာလီ၊ အောကား၊ ဆောရမ်၊ နောပူး၊(ဖာမုန်)၊ မန်တက်၊ မန်ကောင်း (အထက်ဂျုံးဂေါင်း)၊ စယ်လုံ (အောက်ဂျုံးဂေါင်း)၊ အထက်နှင့် အောက်မန်လွယ်အစရှိသော ကျေးရွာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့်အပြင် ပစ္စည်းများ လုယက်ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးသော အရေးအခင်းကို အကြောင်းပြုပြီး PSLO/PSLA ဥက္ကဋ္ဌ တားခွန်သောင်းနှင့် KIO/KIA ဥက္ကဋ္ဌ ဦးလထော်ဇော်ဆိုင်းတို့နှစ်ဦး ၁၉၆၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် တွေ့ဆုံပြီး သွေးသစ္စာပြုခဲ့ရာမှ စတင်သန္ဓေ တည်လာခဲ့ခြင်း ဖြစ်ပါသည်။
 
ထိုတွေ့ဆုံမှု ရလဒ်သည် ၁၉၆၃ ခုနှစ်အတွင်းတွင် KIO/KIA နယ်မြေ အင်ဘာပါတပ်စခန်း၌ ပထမဦးဆုံး အခြေခံစစ်သင်တန်းကို အယောက် (၃၀) ဖြင့် လာရောက် သင်ယူပြီးချိန်မှစ၍ KIO/KIAနှင့် PNF တပ်ဖွဲ့တို့၏ မဟာမိတ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထင်ထင်ရှားရှား တွေ့မြင်လာရသည်။ ထိုသင်တန်းသားများတွင် PSLO/PSLA တပ်ဖွဲ့ ဥက္ကဋ္ဌဟောင်း တားခေးဆငိုက် (ဦးကျော်လှ) လည်း သင်တန်းသားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
 
ထိုထာဝရမဟာမိတ်စာချုပ် ချုပ်ဆိုသည့် အစည်းအဝေးကို KIO ဗဟိုဌာနချုပ်၊ ပါကျူ(ပါဂျောင်)၌ ကျင်းပပြီး KIO တပ်ဖွဲ့မှ ဥက္ကဋ္ဌ ဦးမရန်ဘရန်ဆိုင်း၊ ဗဟိုကော်မတီဝင် ဦးလမုန်တူးကျိုင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မလိဇွပ်ဇော်မိုင်၊ အထွေထွေ အတွင်းရေးမှူး ဦးလညော်ဇောင်းခရား၊ ဗဟိုကော်မ တီဝင် ဦးလမာလရိန်း၊ PSLO တပ်ဖွဲ့မှ ဥက္ကဋ္ဌ တားခွန်သောင်းနှင့် အထွေထွေအတွင်းရေး မှူး တားအုန်းခိုင်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
 
ဤအစည်းအဝေးကို ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်မှ (၁၄) ရက်နေ့အထိ နိုင်ငံရေး၊စစ်ရေး မဟာမိတ်နှင့် တပ်ပေါင်းစုရေးရာ ကိစ္စများအပါအဝင် အဓိကမှာ ထာဝရမဟာမိတ်စာချုပ် ချုပ်ဆိုနိုင်ရေးကိစ္စကို ဆွေးနွေးညှိနှိုင်းကြကာ အစည်းအဝေး နောက်ဆုံးရက်ဖြစ်သည် ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ချစ်ကြည်ရင်းနှီးစွာဖြင့် ကချင်လူမျိုးနှင့် တအန်းလူမျိုးတို့အတွက် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲသော ဤသမိုင်းဝင် ထာဝရမဟာမိတ်စာချုပ်ကို ဖြူစင်သန့်ရှင်းသော စိတ်ဓာတ်နှင့် သဘောထာကြီးမားသော စိတ်ဓာတ်တို့ကို ရှေ့ထားကြကာ နှစ်ဦးနှစ်ဖက်သော ခေါင်းဆောင်ကြီးတို့သည် သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။
ထာဝရမဟာမိတ်စာချုပ်ထဲတွင် ပါဝင်သော အချက်အလက် အပြည့်အမှာ အောက်ပါအတိုင်း ဖြစ်သည်။
 
(၁) ကျွန်ုပ်တို့၏ အမြင်ခံယူချက်၊ အတွေးအခေါ်နှင့် ယုံကြည်ချက်✍️✍️
၁။ ကချင်လူမျိုးနှင့် တအန်းလူမျိုးတို့သည် နီးကပ်စွာ အတူယှဉ်တွဲနေထိုင်ကာ အေးအတူပူအပူအမျှ အတူတကွ လုပ်ကိုင်စားသောက်ပြီး၊ အတူဆင်းသက်လာကြသောလူမျိုးများ ဖြစ်ကြသည်။
 
၂။ ကချင်လူမျိုးနှင့် တအန်းလူမျိုးတို့သည် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ကို အလွန်မြတ်နိုးသောလူမျိုးများဖြစ်ကြသည်။
 
၃။ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့တို့သည် ခံယူသည့်နိုင်ငံရေးအတွေးအခေါ်များ တူညီသည်သာမက မှန်ကန်သော မိမိလူမျိုးများ၏ ကိုယ်စားပြုပြီ၊တိုးတက်သော တော်လှန်ရေးအဖွဲ့အစည်း ဖြစ်သည်။
 
၄။ကချင်ပြည်သည် လွတ်လပ်ရေးရရှိပြီးသား ပြည်နယ်ဖြစ်ကြောင်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့မှ ထောက်ခံ အသိအမှတ်ပြုသည်။ ထိုနည်းတူ တအန်းပြည်နယ်သည်လည်း လွတ်မြောက်ရေး ရရှိပြီးသား ပြည်နယ်ဖြစ်ကြောင်းနှင့် မိမိကံကြမ္မာကို မိမိဘာသာဖန်တီးသည့် အခွင့်အရေးနှင့် ပြည့်စုံသော ပြည်နယ်ဖြစ်ကြောင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ ထောက်ခံအသိမှတ်ပြုသည်။
 
(၂) နှစ်ဖွဲ့အချင်းချင်းကြား ဆက်ဆံရေးနှင့် ဆက်သွယ်ရေးကိစ္စ👈👈
၁။ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့တို့အကြား တန်းတူရည်တူဟူသော မူပေါ်တွင် အခြေခံပြီး ဆက်ဆံသွားပါမည်။
 
၂။ တစ်ဖွဲ့၏အကျိုးသက်ရောက်မှုနှင့် အကျိုးစီးပွားရေးတိုးတက်ရာ တိုးတက်ကြောင်းကို တစ်ဖွဲ့ကထောက်ပံ့ကူညီသွားသည့်အပြင် ကချင်ပြည်တွင် မှီတင်းနေထိုင်ကြသော တအန်းလူမျိုး၏အကျိုးစီးပွားကိုသော်လည်းကောင်း တအန်းပြည်နယ်တွင် မှီတင်းနေထိုင်ကြသော ကချင်လူမျိုးတို့၏ အကျိုးစီးပွားကိုသော်လည်းကောင်း တရားသဖြင့် လုပ်ကိုင်စားသောက်ရေးကို ခွဲခြားခြင်း မရှိဘဲ လုံခြုံမှု ပေးပြီး အုပ်ချုပ်ကွပ်ကဲသွားကြရန် ဖြစ်သည်။
 
၃။ တပ်ဖွဲ့နှစ်ဖွဲ့ကြားတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချင်း ချင်းရိုင်းပင်းကူညီ ထောက်ပံ့သွားကြရန်ဖြစ်သည်။
 
၄။ လိုအပ်လာသည့်အခါ အချင်းချင်းညှိနှိုင်းပြီး တိုက်ပွဲဝင်သွားကြရန်နှင့် ရန်သူ့သတင်းကိုအပြန် အလှန် ဖလှယ်ကြရန်သာမက တစ်ဖွဲ့၏ဧရိယာအတွင်းတွင် တစ်ဖွဲ့က ဝင်ရောက်ခိုလှုံနိုင်ခွင့်နှင့် ဖြတ်သန်းသွားလာခွင့် ရှိကြပြီး ၎င်းသက်ဆိုင်ရာ နယ်မြေတာဝန်ခံအား အကြောင်းကြား၍ ဆောင်ရွက်သွားကြရန် ဖြစ်သည်။
 
၅။ အဖွဲ့အစည်းနှစ်ခုကြား ဖြစ်ပေါ်လာသည့်ပြဿနာများကို မိတ်ဖက်ပဋိပက္ခနည်းဖြင့် ဖြေရှင်းသွားကြရန် ဖြစ်သည်။
 
၆။ အခြားသောတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆက်ဆံသွားရာတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့အချင်းချင်း တွေ့ဆုံဆွေးနွေးပြီးမှ လက်တွဲလုပ်ဆောင်သွားရန်တို့ ဖြစ်သည်။
 
အထက်တွင် ဖော်ပြပါသည့်အချက်အလက်များအပေါ် အခြေခံပြီး ကချင်လူမျိုးနှင့် တအန်းလူမျိုးတို့၏အကြားတွင် ပတ်သက်၍သော်လည်း ကောင်း၊ ပါတီတစ်ခုနှင့်တစ်ခု ပေါင်းသင်းဆက်ဆံ ဆက်သွယ်ရာတွင်သော်လည်းကောင်း စည်းလုံးညီညွတ်စွာဖြင့် တည်မြဲသော ခိုင်မြဲသော ထာဝရမဟာမိတ်ကို ကမ္ဘာတည်သရွေ့တည်တံ့သွားနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားရန် ဟူသော ခံယူချက် သဘောထားတူညီကြပြီး အောက်တွင် PSLO ဥက္ကဋ္ဌ တားခွန်သောင်းနှင့် KIO ဥက္ကဋ္ဌ ဦးမရန်ဘရန်ဆိုင်းတို့ လက်မှတ်ထိုးထားကြသည်။
( ဆက်လက်တင်ပြမည် )
 
မိုင်းအိုက်ကော် ( စာရေးသူ )
ရှုထောင့်စုံမှ သမိုင်းလေ့လာနေသူ
ကိုဆိုင်းတူး ( မူဆယ် )

Post a Comment

0 Comments