About Me

header ads

အမေရိကန် လော်ဘီ - Mratt Kyaw Thu


 

 စစ်ဝတ်စုံချွတ် မြန်မာအစိုးရက သူတို့ရဲ့ ပုံရိပ်ကောင်းလာအောင် လုပ်ပေးဖို့ ဒေါ်နယ်ထရမ့်ရဲ့ မဟာမိတ် နာမည်ကြီး အမေရိကန် လော်ဘီတယောက်ကို ငှားရမ်းလိုက်ပါတယ်။ သူ့နာမည်ကတော့ ရော်ဂျာစတုန်းပါ။

(ဒီဆောင်းပါးကို YouTube မှာ တင်ထားပြီးသားဖြစ်ပါတယ် https://youtu.be/8wpDBf-M2AI)

စစ်အုပ်စုဟာ အမေရိကန်အပါအဝင် နိုင်ငံတကာမှာ နာမည်ကောင်းရဖို့ကြိုးပမ်းနေတာ ကြာလှပါပြီ။ ပြီးခဲ့တဲ့နှစ်က အမေရိကန် လော်ဘီကုမ္ပဏီတခုဖြစ်တဲ့ DCI Group ကို ငှားရမ်းခဲ့ဖူးပါသေးတယ်။ ခု ရော်ဂျာစတုန်းက အဲ့ဒီ DCI ကုမ္ပဏီနဲ့အတူ အလုပ်တွဲလုပ်မှာ ဖြစ်ပါတယ်။
❍

ရော်ဂျာစတုန်းအကြောင်းပြောမယ်ဆိုရင် အမေရိကန်သမိုင်းကြောင်းကို နည်းနည်းပြန်တူးဆွဖို့ လိုပါလိမ့်မယ်။ သိပ်အဝေးကြီးတော့ မဟုတ်ပါဘူး။ ၁၉၇၂ ခုနှစ် သမ္မတ ရစ်ချတ်နစ်ဆင်ခေတ်ကို ပြန်ကြည့်ရမှာပါ။

အဲ့ဒီတုန်းက ဂျော့ချ်ဝါရှင်တန် တက္ကသိုလ်က အင်မတန်လည်တဲ့ လူငယ်ကျောင်းသား ရော်ဂျာစတုန်းက အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်မှာ သူက နစ်ဆင် ပြန်လည်အရွေးခံရဖို့အတွက် ပြိုင်ဘက်သမ္မတလောင်းတွေရဲ့ မဲဆွယ်ရေးအဖွဲ့တွေကို ထောက်လှမ်းရေးလုပ်ဖို့ လူသစ် စုဆောင်းခံရပါတယ်။

ဒီမိုကရက်တစ်ပါတီက ဂျော့ချ်မက်ဂါဗန်း (George McGovern) နဲ့ ဟူးဘတ်ဟမ်းဖရေး (Hubert Humphrey) တို့ရဲ့ မဲဆွယ်ရေးအဖွဲ့တွေထဲကို သူ့လူယုံတွေ လွှတ်ပြီး သတင်းနှိုက်ခိုင်းခဲ့တယ်။ နောက်ပြီး နစ်ဆင်ရဲ့ ရစ်ပတ်ဘလစ်ကန်ပါတီတွင်း ပြိုင်ဘက်ဆီကိုလည်း နာမည်အတုနဲ့ လက်ဝဲအုပ်စုတစ်ခုရဲ့ နာမည်နဲ့ အလှူငွေ ထည့်ခိုင်းခဲ့ပါတယ်။ ပြီးတော့မှ အဲဒီအလှူငွေဖြတ်ပိုင်းကို သတင်းဌာနတွေဆီ ပို့ပြီး အဲဒီပြိုင်ဘက်ဟာ ဆိုရှယ်လစ်တစ်ယောက် ဖြစ်နေသယောင် ပုံဖော်ဖန်တီးခဲ့တာပါ။

ရစ်ချတ်နစ်ဆင်က ရွေးကောက်ပွဲနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဝါးတားဂိတ် အရှုပ်တော်ပုံကြောင့် နစ်ဆင်ရဲ့ သမ္မတသက်တမ်း ပြိုလဲသွားတဲ့အခါမှာ ရော်ဂျာစတုန်းက အဲဒီအမှုမှာ သက်သေထွက်ဆိုရတဲ့ အငယ်ဆုံးပုဂ္ဂိုလ်အဖြစ် လူသိများသွားခဲ့ပါသေးတယ်။ ရာဇဝတ်မှုကျူးလွန်ကြောင်း သက်သေမခိုင်လုံလို့ လွတ်မြောက်ခဲ့ပေမဲ့ အဲဒီကြားနာပွဲကနေ သူ့နောက်ကို ကပ်ပါလာတဲ့ “နာမည်ဆိုး” ကတော့ တစ်သက်လုံး ဖျောက်ဖျက်လို့ မရတော့ပါဘူး။

ရော်ဂျာစတုန်းက သူ့ကိုယ်သူတော့ ‘စည်းရုံးလှုံ့ဆော်ရေး ကိုယ်စားလှယ်’ လို့ သုံးနှုန်းပါတယ်။ ဒါပေမဲ့ လူတွေကတော့ သူ့ကို မီးမွှေးတဲ့လူ၊ လူလည်ပတ်ကား၊ ငါးမွှေထိုး ဆိုတာမျိုး ပြစ်ပြစ်နှစ်နှစ်ဝေဖန်ကြပါတယ်။

ဝေဖန်တာတွေကို သူက သိပ်ဂရုစိုက်ပုံ မရပါဘူး။ ဂရုမစိုက်တဲ့အပြင် သူ့ ကျောပြင်မှာ ရစ်ချက်နစ်ဆင်ရဲ့ မျက်နှာကို တက်တူးတောင် ထိုးခဲ့ပါသေးတယ်။
❍

လော်ဘီသမားနဲ့ အာဏာရှင်ဖောက်သည်တွေ

ဝါးတားဂိတ် အရှုပ်တော်ပုံပြီးတဲ့နောက် သူ နာမည်ပျက်သွားပေမဲ့လည်း နိုင်ငံရေးလောကနေ မထွက်သွားခဲ့ပါဘူး။ အဲဒီအစား ဝါရှင်တန်မြို့ရဲ့ အချက်အခြာနေရာတခုမှာ အင်ပါယာတစ်ခုကို တည်ဆောက်နေခဲ့ပါတယ်။

၁၉၈၀ ပြည့်နှစ်မှာ နောက်ပိုင်းမှာ ဝါရှင်တန်ရဲ့ သြဇာအရှိဆုံးနဲ့ အငြင်းပွားစရာ အကောင်းဆုံးဖြစ်လာမဲ့ လော်ဘီကုမ္ပဏီတစ်ခုကို အကျိုးတူ စတင်တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ ပါတနာတွေထဲမှာ ချားလ်စ်ဘလက်နဲ့ ပေါလ်မာနာဖို့ဒ်တို့ ပါဝင်ပါတယ်။ ဒီထဲက မာနာဖို့ဒ် ဆိုတဲ့လူဟာ နောက်ပိုင်း ၂၀၁၆ ခုနှစ်မှာ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး၊ အဲဒီနောက်မှာ ပြဿနာတွေတက်လို့ ဖက်ဒရယ်ပြစ်မှုနဲ့ ထောင်ဒဏ် ချမှတ်ခံရသူပါ။

ဒီကုမ္ပဏီက အလုပ်လုပ်ပေးတဲ့ ဖောက်သည်တွေဟာ အငြင်းပွားစရာလူတွေချည်းပါပဲ။ သူတို့ ကိုယ်စားပြုပေးခဲ့သူတွေထဲမှာ ဖိလစ်ပိုင်ရဲ့ အာဏာရှင်ခေါင်းဆောင် ဖာဒီနန် မားကို့စ် နဲ့ ခြစားမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ ပြယုဂ်ဖြစ်ခဲ့တဲ့ ဇိုင်ယာ (ခု ကွန်ဂို) နိုင်ငံက အာဏာရှင် မိုဘူတူ ဆဲဆဲစီကို တို့ ပါဝင်ပါတယ်။

ဝေဖန်သူတွေကတော့ ဒီကုမ္ပဏီကို ‘ညှဉ်းပန်းနှိပ်စက်သူများ၏ လော်ဘီအဖွဲ့’ လို့တောင် နာမည်ပေးခဲ့ကြပါတယ်။ ရော်ဂျာစတုန်းအတွက်တော့ လူမကြိုက်တဲ့ ဖောက်သည်တွေကို ကိုယ်စားပြုပေးရတာဟာ တောင်းပန်နေရမယ့်ကိစ္စ မဟုတ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကိုက သူ့ရဲ့ ရည်ရွယ်ချက် ဖြစ်နေလို့ပါ။

အာဏာရှင်တွေ၊ အာဏာရှင်ဆန်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို အဓိက ဦးတည်ပြီး သူက စီးပွားရေးလုပ်တာပါပဲ။

ဒီလော်ဘီကုမ္ပဏီကတစ်ဆင့်ပဲ ၁၉၈၀ ပြည့်လွန်နှစ်တွေ အစောပိုင်းမှာ ဒေါ်နယ်ထရမ့်နဲ့ ဆုံတွေ့ခဲ့တာပါ။ ထရမ့်ဟာ အဲဒီကုမ္ပဏီရဲ့ ပထမဆုံး အဓိကဖောက်သည်ကြီး ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ဆယ်စုနှစ်တွေအတွင်းမှာတော့ သူတို့နှစ်ဦးဟာ စီးပွားရေးမှာတင်မကဘဲ နိုင်ငံရေး ရည်မှန်းချက်တွေမှာပါ ခွဲမရအောင် ရင်းနှီးတဲ့သူတွေ ဖြစ်လာခဲ့ကြပါတယ်။
❍

ထရမ့်ကို နားချသူ (သို့မဟုတ်) ကြိုးကိုင်သူ

၂၀၁၅ ခုနှစ်မှာ ဒေါ်နယ်ထရမ့်က သမ္မတလောင်း အမည်စာရင်း တင်သွင်းခဲ့ချိန်မှာ ရော်ဂျာစတုန်းက အနားမှာ ရှိနေခဲ့ပါတယ်။ ထရမ့်ကို သမ္မတဝင်ပြိုင်ဖို့ တိုက်တွန်းခဲ့တဲ့အထဲ ရော်ဂျာစတုန်းလည်း တယောက်အပါဝင်ဖြစ်ပါတယ်။ ထရမ့်ရဲ့ အလားအလာကို နစ်ဆင်ကိုယ်တိုင်က အစောကြီးကတည်းက ကြိုတင်မြင်ခဲ့တယ်ဆိုတဲ့ သူ့ပြောစကားက နာမည်ကြီးပါတယ်။

ထရမ့်မဲဆွယ်ရေးအဖွဲ့မှာ ပါခဲ့ပေမဲ့ နောက်ပိုင်း ပြဿနာတွေတက်ပြီး ထွက်ခဲ့ရပါတယ်။ သူ့ကို အလုပ်ဖြုတ်လိုက်တာလို့ ဆိုကြပေမဲ့ သူကိုယ်တိုင်ကတော့ နှုတ်ထွက်ခဲ့တာပါတဲ့။ အဲ့ဒီနောက် ဝီကီလိခ် (WikiLeaks) ပြဿနာ တက်တော့တာပါပဲ။ ၂၀၁၆ ခုနှစ် ဟီလာရီကလင်နဲ့ ထရမ့်တို့ ပြိုင်ကြတဲ့နှစ် ဖြစ်ပါတယ်။

ဝီကီလိခ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးသူတွေက သူ့ကို ‘ထရမ့်မဲဆွယ်ရေးအဖွဲ့နဲ့ ဝီကီလိခ် ကြားက တရားမဝင်တဲ့ လျှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်း’ လို့ သတ်မှတ်ခဲ့ကြပါတယ်။ အဲ့ဒီတုန်းက ဟီလာရီ ကလင်တန်ရဲ့ အီးမေးတွေအပါအဝင် ဒီမိုကရက်တွေရဲ့ အီးမေးတွေကို ဝီကီလိခ်က ထုတ်ဖော်ခဲ့ပါတယ်။

ဟီလာရင် ကလင်တန်ရှုံးပြီး ဒေါ်နယ်ထရမ့် နိုင်သွားရတဲ့ အကြောင်းရင်းထဲမှာ ဒီ ပေါက်ကြားမှုကလည်း တခုအပါအဝင်ပါပဲ။

ဒီကိစ္စကြောင့်ပဲ FBI က ရာဇဝတ်သားဖမ်းသလို မိုးမလင်းခင် ဝေလီဝေလင်း အချိန်မှာ သူ့ကို လာဖမ်းခဲ့တာပါ။ အေဂျင့် ၂၉ ယောက် — တချို့ဆိုရင် စစ်ဆင်ရေးဝတ်စုံတွေဝတ်၊ M4 ရိုင်ဖယ်တွေ ကိုင်ဆောင်ပြီး သူ့ရဲ့ အိမ်ကို ဝိုင်းခဲ့ကြပါတယ်။ CNN သတင်းဌာနဟာလည်း တစ်နည်းနည်းနဲ့ ကြိုတင်သတင်းရရှိထားပုံရပြီး (ဒါဟာ အခုထိ အငြင်းပွားစရာ ဖြစ်နေတုန်းပါပဲ) အဲဒီဖမ်းဆီးခန်းကို ရိုက်ကူးဖို့ အဆင်သင့် ရောက်နေခဲ့ပါတယ်။

ဒီကိစ္စကို ရောဘတ်မူလာက ဦးဆောင်ပြီး စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။ အစိုးရရှေ့နေတွေကတော့ ရော်ဂျာစတုန်းဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ လွှတ်တော်မှာ အကုန်လုံးကို လိမ်ညာခဲ့ပြီး၊ ဇာတ်လမ်းဆင်ထားတဲ့အတိုင်း ဖြစ်နေအောင် သက်သေတစ်ယောက်ကိုပါ ခြိမ်းခြောက်ခဲ့တယ်လို့ စွဲချက်တင်ခဲ့ပါတယ်။

တစ်ပတ်ကြာ တရားခွင်ကြားနာစစ်ဆေးပြီးတဲ့နောက်မှာတော့ ဂျူရီလူကြီးတွေက စွဲချက် ၇ ခုလုံးမှာ ပြစ်မှုကျူးလွန်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ သူ့ကို ဖက်ဒရယ်ပြစ်ဒဏ် ၃ နှစ် ၄ လ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ ထောင်ထဲမှာ တစ်ရက်ကလေးတောင် မနေခဲ့ရပါဘူး။

ပထမဆုံးအနေနဲ့ သမ္မတထရမ့်က သူ့ရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၀ ဒီဇင်ဘာမှာတော့ အပြည့်အဝ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ ထရမ့်ရဲ့ အိမ်ဖြူတော်ကဆိုရင် ရော်ဂျာစတုန်းဟာ 'ရုရှားအရှုပ်တော်ပုံ လုပ်ကြံမှုကြီးရဲ့ သားကောင်’ လို့ ပြောခဲ့ပါတယ်။

ဇာတ်လမ်းက ဒီမှာတင် ပြီးသွားနိုင်ပေမဲ့ မပြီးခဲ့ပါဘူး။
❍

ဇန်နဝါရီ ၆ ရက် အရိပ်မည်း

စတုန်းရဲ့ နောက်ကို နှစ်နဲ့ချီပြီး လိုက်လံရိုက်ကူးခဲ့တဲ့ ဒိန်းမတ် မှတ်တမ်းတင်ရုပ်ရှင်အဖွဲ့ဟာ ရော်ဂျာစတုန်းပြောစကားတခုကို ရခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် တစ်ရက်အလို — မဲရေတွက်မှုတွေ မလုပ်ရသေးခင်မှာတင် — စတုန်းက သူ့ရဲ့ လက်ထောက်တွေကို ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်ဖို့ စိတ်မဝင်စားကြောင်း ပြောနေတာကို အဲ့ဒီဗီဒီယိုထဲမှာ တွေ့ရပါတယ်။

သူက နောက်ပိုင်းမှာ “Stop the Steal” (မဲခိုးမှုကို ရပ်တန့်ကြ) လို့ လူသိများလာမဲ့ လှုပ်ရှားမှုကြီးရဲ့ အဓိက လက်သည်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ရွေးကောက်ပွဲရလဒ်တွေ အတည်မပြုရသေးခင်မှာတင် ရလဒ်ကို ကန့်ကွက်ဖို့ ကြိုးပမ်းတဲ့ လှုပ်ရှားမှုပါ။

ဇန်နဝါရီလ ၅ ရက်နေ့က မဲဆွယ်ပွဲတွေမှာ သူ့ကို ဝန်းရံထားတဲ့ Oath Keepers လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့အတူ တွေ့ခဲ့ရပြီး၊ အဲဒီအဖွဲ့က သူ့ကို ကိုယ်ရေးကိုယ်တာ လုံခြုံရေး ပေးခဲ့တာ ဖြစ်ပါတယ်။ Oath Keepers ဆိုတာ လက်ယာစွန်း အမျိုးသားရေးဝါဒီ လက်နက်ကိုင် လက်မရွံ့အုပ်စုဖြစ်ပါတယ်။

ဒါ့အပြင် Proud Boys အဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့လည်း လျှို့ဝှက်ကုဒ်သုံးထားတဲ့ Group Chat တွေကတစ်ဆင့် အဆက်အသွယ် ရှိနေခဲ့တာ ပေါက်ကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် မနက်ပိုင်းမှာ ရော်ဂျာစတုန်းကို ဝါရှင်တန်က ဝီလာ့ဒ်ဟိုတယ်မှာ Oath Keepers အဖွဲ့ဝင်တွေနဲ့အတူ တွေ့ခဲ့ရပါတယ်။ ဇန်နဝါရီ ၆ ရက်နေ့ဆိုတာ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲရှုံးပြီး ဒေါသတချောင်းချောင်းထွက်နေတဲ့အချိန် အမေရိကန် အမျိုးသားရေးဝါဒီတွေက ဒေါသဖြစ်နေတဲ့လူအုပ်ကြီးအနေနဲ့ လွှတ်တော်အဆောက်အဦးကို ဝင်စီးခဲ့ကြတဲ့ နေ့ပါပဲ။

အဲ့ဒီ လွှတ်တော်အဆောက်အအုံ စီးနင်းမှုမှာ ပါဝင်ခဲ့သူတချို့ကို နောက်ပိုင်းမှာ ‘နိုင်ငံတော်ပုန်ကန်ရန် ကြံစည်မှု’ စွဲချက်တွေနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ အဲ့ဒီလူတွေထဲမှာ ရော်ဂျာစတုန်းကို လုံခြုံရေးပေးခဲ့တဲ့လူတွေ ပါဝင်ပါတယ်။

ရော်ဂျာစတုန်းကိုယ်တိုင်ကတော့ ဇန်နဝါရီ ၆ ရက် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ တရားအစွဲ မခံခဲ့ရပါဘူး။ သူဟာ “Stop the Steal” လူစုလူဝေးပွဲကို တက်ရောက်ခဲ့ပေမဲ့ အကြမ်းဖက်မှု ဒါမှမဟုတ် တရားမဝင်တဲ့ လုပ်ရပ်တွေလုပ်ဖို့ တိုက်တွန်းရာမှာ မပါဝင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဇန်နဝါရီ ၆ ရက် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးတဲ့ လွှတ်တော်အထူးကော်မတီက သူ့ကို ဆင့်ခေါ်ခဲ့ပေမဲ့ Fifth Amendment ကို အသုံးချပြီး ထွက်ဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။
❍

DCI အုပ်စုနဲ့ ဖောက်သည်သစ်

၂၀၂၅ ခုနှစ်တုန်းက ရစ်ပတ်ဘလစ်ကန်ပါတီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ဝါရှင်တန်အခြေစိုက် DCI Group လို့ ခေါ်တဲ့ လော်ဘီကုမ္ပဏီဟာ မြန်မာ အာဏာသိမ်း စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ တစ်နှစ်ကို ဒေါ်လာ ၃ သန်းနီးပါးတန်တဲ့ စာချုပ်တစ်ခု ချုပ်ဆိုခဲ့ပါတယ်။

ဒီသဘောတူညီချက်ကို နိုင်ငံခြားကိုယ်စားလှယ်များ မှတ်ပုံတင်ခြင်းဆိုင်ရာ အက်ဥပဒေ (FARA) အရ တရားဝင် တင်ပြခဲ့တာပါ။ ဒါဟာ နိုင်ငံခြားအစိုးရတွေအတွက် အလုပ်လုပ်ပေးသူတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ထုတ်ဖော်ပြောကြားဖို့ လိုအပ်တဲ့ ဖက်ဒရယ်ဥပဒေပါပဲ။ အစိုးရမှတ်တမ်းတွေမှာ ဝင်ကြည့်လို့ရပါတယ်။

DCI အုပ်စုဆိုတာလည်း အငြင်းပွားစရာကုမ္ပဏီတခုပါပဲ။ (DCI Group အကြောင်းကို ဒီမှာ https://mrattkthu.substack.com/p/d68 ဖတ်ရှုနိုင်ပါတယ်) ဒီ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုပါတနာ ဂျပ်စတင် ပီတာဆင်ဟာ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ရဲ့ ဖောက်သည်ဟောင်းဖြစ်တဲ့ အိတ်ဆွန်မိုဘေးလ် (Exxon Mobil) ရေနံကုမ္ပဏီကို ဝေဖန်သူတွေကို ပစ်မှတ်ထားပြီး သတင်းအချက်အလက်တွေ ခိုးယူပေါက်ကြားအောင် လုပ်ဆောင်ရာမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ FBI ရဲ့ စုံစမ်းစစ်ဆေးမှုကိုလည်း ခံခဲ့ရဖူးပါတယ်။ ကုမ္ပဏီဘက်ကတော့ အပြတ်အသတ် ငြင်းဆိုထားပါတယ်။

ဒါဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် DCI အတွက် ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက ရစ်ပတ်ဘလစ်ကန် သမ္မတလောင်း ဂျွန်မက်ကိန်း (John McCain) ရဲ့ အကြီးတန်းလက်ထောက် နှစ်ဦးဟာ အရင်စစ်အစိုးရလက်ထက်က လော်ဘီလုပ်ပေးခဲ့တာတွေ ပေါ်ပေါက်လာပြီးနောက် ရာထူးကနေ နုတ်ထွက်ခဲ့ရဖူးပါတယ်။ အခုတော့ ဒီကုမ္ပဏီဟာ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဒုတိယအကြိမ် အလုပ်ပြန်လုပ်တာပါပဲ။

ဒီတစ်ပတ်အတွင်း နိုင်ငံခြားကိုယ်စားလှယ်များ မှတ်ပုံတင်ခြင်းဆိုင်ရာ အက်ဥပဒေ (FARA) မှာတော့ ရော်ဂျာစတုန်းနာမည်ပါလာခဲ့ပါတယ်။ အဲ့ဒါကတော့ ရော်ဂျာစတုန်းဟာ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနကို ကိုယ်စားပြုဖို့ တရားဝင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ သူဟာ DCI Group AZ LLC ကတစ်ဆင့် အလုပ်လုပ်မှာ ဖြစ်ပါတယ်။

နစ်ဆင်ရဲ့ ညစ်ပတ်တဲ့ နည်းပရိယာယ်တွေနဲ့ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့သူ။ ဝီကီလိခ် (WikiLeaks) ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ လိမ်ညာခဲ့လို့ ပြစ်မှုထင်ရှားစီရင်ခံခဲ့ရပေမဲ့ ထရမ့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိခဲ့သူ။

သူ့ကိုယ်သူ “လှုံ့ဆော်ရေး အေးဂျင့်” လို့ ခေါ်ဆိုပြီး လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ လျှို့ဝှက်စာပို့ ဆက်သွယ်မှုတွေကြောင့် ဖက်ဒရယ်အစိုးရရဲ့ စောင့်ကြည့်စစ်ဆေးမှုကို ခံခဲ့ရသူ။ အခုတော့ ဒီလူက မြန်မာစစ်ဝတ်စုံချွတ်အစိုးရ အတွက် အလုပ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ သူ့ကို တလ လစာ အမေရိကန်ဒေါ်လာ ငါးသောင်း (၅၀၀၀၀) ပေးမှာ ဖြစ်ပါတယ်။

သူ့ရဲ့ သက်တမ်းတစ်လျှောက်မှာ ရော်ဂျာစတုန်းဟာ တခြားဘယ်သူမှ လက်မတို့ချင်တဲ့ ဖောက်သည်တွေကိုပဲ ကိုယ်စားပြုပေးခဲ့ပါတယ်။ လူတိုင်းဟာ ကိုယ်စားပြုခွင့်ရှိတယ်၊ မကြိုက်တာနဲ့ ကိုယ်စားပြုလို့မရတာနဲ့ မတူဘူးလို့ သူက အမြဲတမ်း တစိုက်မတ်မတ် ပြောခဲ့သူပါ။

အထက်လွှတ်တော်အမတ် တက်ဒ်ခရုဇ် (Ted Cruz) က တစ်ခါက ရော်ဂျာစတုန်းကို ‘ထရမ့်ရဲ့ လက်ပါးစေနဲ့ လူလည်’ လို့ ခေါ်ခဲ့ဖူးပါတယ်။
●

ကိုးကား -

✒︎Time Magazine — “How Roger Stone Connects Richard Nixon to Donald Trump
✒︎NBC Los Angeles — “A ‘Dirty Trickster’ With a Nixon Back Tattoo: What to Know About Roger Stone”
✒︎TheCollector — “Who Is Roger Stone?”
✒︎The Daily Beast — “The Despicable History of Roger
✒︎NPR — “Trump Commutes Sentence of Longtime Friend and Adviser Roger
✒︎CNN — “Trump Commutes Roger Stone’s
✒︎Prisonpedia — “Roger Stone — Obstruction
✒︎CNBC — “Trump Ally Roger Stone Appeals Criminal
✒︎CNN — “’Let’s get right to the violence’: New documentary film footage shows Roger Stone pre-Election Day”
✒︎Washington Post — “The Roger Stone Tapes”
✒︎Rolling Stone — “Revealed: Roger Stone’s Secret Call With Proud Boys Leader in Lead-Up to Jan. 6”
✒︎ABC News — “Video surfaces showing Trump ally Roger Stone flanked by Oath Keepers on morning of Jan. 6”
✒︎Just Security — “EXCLUSIVE: New Video of Roger Stone with Proud Boys Leaders”
✒︎Reuters / AOL News — “Myanmar Signs Deal with Washington Lobbyists to Rebuild US Relations”
✒︎Free Malaysia Today — “Myanmar Signs Deal with Washington Lobbyists to Rebuild US Relations”
✒︎RegTech Times — “Myanmar Turns to Washington Lobbyists in $3 Million Bid”
✒︎Bloomberg Government — “Trump Ally Roger Stone Signs Up to Lobby for Myanmar Ministry”
✒︎Roger Stone FARA Short-Form Registration (Public Record) 

 Link>>>Mratt Kyaw Thu 

Post a Comment

0 Comments