
မိခင်များနေ့ (Mother’s Day) ဖြစ်ပေါ်လာပုံ
နိဒါန်း
ကမ္ဘာပေါ်မှာရှိတဲ့ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့အဖြစ် နှစ်စဉ် မေလရဲ့ ဒုတိယပတ် တနင်္ဂနွေနေ့ ကို အပြည်ပြည်ဆိုင်ရာ မိခင်များနေ့အဖြစ် သတ်မှတ်ကျင်းပကြပါတယ်။
မြန်မာနိုင်ငံမှာတော့ ခရစ်ယာန်ဘာသာဝင်တွေက အဆိုပါနေ့မှာ ကျင်းပလေ့ရှိပြီး၊ တချို့ကတော့ ၁၉၉၅ ခုနှစ်က စာရေးဆရာကြီး ဦးသုခ ကြိုးပမ်းတင်သွင်းခဲ့တဲ့ ပြာသိုလပြည့်နေ့ (မြန်မာ့အမေများနေ့) ကို အစဉ်အလာမပျက် ကျင်းပကြတာ တွေ့ရပါတယ်။
၁။မိခင်များနေ့အစပျိုးပေးခဲ့တဲ့ဂျူလီယာဝါ့ဒ်ဟိုး
မိခင်များနေ့ကို အစပြုဖော်ထုတ်ပေးခဲ့သူကတော့ အမေရိကန်စာရေးဆရာမ ဂျူလီယာဝါ့ဒ်ဟိုး (Julia Ward Howe) ဖြစ်ပါတယ်။ ၁၈၇၂ ခုနှစ်မှာ စတင်လှုပ်ရှားခဲ့တာဖြစ်ပြီး သူမရဲ့ ရည်ရွယ်ချက်ကတော့ စစ်ပွဲတွေကြောင့် သားသမီးတွေ ဆုံးရှုံးရတဲ့ မိခင်တွေရဲ့ သောကကို အခြေခံထားတာပါ။ "စစ်ပွဲကို အလိုမရှိ၊ ငြိမ်းချမ်းရေးကိုသာ လိုလားသည်" ဆိုတဲ့ ကြွေးကြော်သံနဲ့ Mothers' Peace Day အဖြစ် ဇွန်လမှာ စတင်ကျင်းပဖို့ နှိုးဆော်ခဲ့ပါတယ်။
၂။မိခင်များ နေ့ဖြစ်လာအောင်ကြိုးစားခဲ့တဲ့အန်နာဂျာဗစ်
ယနေ့ကျွန်ုပ်တို့ သိရှိကျင်းပနေတဲ့ မေလမိခင်များနေ့ ဖြစ်မြောက်အောင် အဓိက ကြိုးပမ်းခဲ့သူကတော့ အန်နာဂျာဗစ်(Anna Jarvis)ဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်မရှိ၊ သားသမီးမရှိခဲ့ပေမဲ့ မိခင်အပေါ်ထားတဲ့ သူမရဲ့ မေတ္တာတရားကတော့ ကမ္ဘာကို လှုပ်ခတ်စေခဲ့ပါတယ်။
၁၉၀၅ ခုနှစ် မေလမှာ သူမရဲ့မိခင် (ခရစ်ယာန် Sunday School ဆရာမကြီး) ကွယ်လွန်ခဲ့ပါတယ်။ မိခင်ကွယ်လွန်ပြီး ၂ နှစ်အကြာမှာ မိခင်ကို လွမ်းဆွတ်ဂုဏ်ပြုတဲ့အနေနဲ့ ခရစ်ယာန်ဘုရားကျောင်းမှာ အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ပြီး မိခင်များနေ့ သတ်မှတ်ဖို့ စတင်တောင်းဆိုခဲ့ပါတယ်။
အန်နာဟာ အစိုးရခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေထံ စာရေးသားပေးပို့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတ်မှတ်ဖို့ လှုပ်ရှားခဲ့ပါတယ်။ ရလဒ်အနေနဲ့ ၁၉၁၄ ခုနှစ် မှာ အမေရိကန်သမ္မတ ဝုဒရိုးဝီလ်ဆင် (Woodrow Wilson) က မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို တရားဝင် "မိခင်များနေ့" အဖြစ် လက်မှတ်ရေးထိုး သတ်မှတ်ပေးခဲ့ပါတယ်။
၃။မိခင်များနေသင်္ကေတအဖြူရောင် ကာနေးရှင်း
မိခင်များနေ့ရဲ့ အထိမ်းအမှတ်ပွဲတွေမှာ အန်နာဟာ သူမရဲ့မိခင် အနှစ်သက်ဆုံးဖြစ်တဲ့ အဖြူရောင် ကာနေးရှင်း (Dianthus caryophyllus) ပန်းလေးတွေကို အသုံးပြုခဲ့ပါတယ်။အဖြူရောင်ဟာမိခင်ရဲ့ ချိုမြိန်မှု၊ ရိုးသားမှုနဲ့ ထာဝရတည်တံ့တဲ့ မေတ္တာကို ကိုယ်စားပြုပါတယ်။
(ယခုအခါ မှာတော့ကွယ်လွန်သွားတဲ့ မိခင်များအတွက် အသုံးပြု လေ့ရှိပါတယ်)။သက်ရှိထင်ရှားရှိနေတဲ့ မိခင်တွေကို တော့အနီရောင်နှင်းဆီပန်းတွေနဲ့ဂုဏ်ပြုလေ့ရှိကြပါတယ်။
၄။ ဘာကြောင့် မိခင်များနေ့ကို ကျင်းပကြတာလဲ?
မိခင်တစ်ဦးဟာ မိသားစုတစ်ခုလုံးအတွက် အနစ်နာခံ ပေးဆပ်နေသူဆိုတာသိဖို့၊မိခင် မေတ္တာနဲ့ပေးဆပ်ခြင်းကိုဂုဏ်ပြုဖို့ဖြစ်ပါတယ်။ အန်နာဂျာဗစ်ရဲ့ ရည်ရွယ်ချက်ကတော့-
၁။ မိခင်ကို လွမ်းဆွတ်သတိရခြင်းမှသည် ရှိသမျှ အမေအားလုံးကို အသိအမှတ်ပြုစေရန်။
၂။ မိသားစုအချင်းချင်း ချစ်ခြင်းမေတ္တာတွေ ပိုမိုခိုင်မြဲလာစေရန်။
၃။ အိမ်ထောင်ရှင်မ/မိခင်တစ်ဦးရဲ့ တန်ဖိုးကို လူ့အဖွဲ့အစည်းက ပိုမိုအာရုံစိုက်လာစေရန် ဖြစ်ပါတယ်။
ယနေ့ခရစ်ယာန်အသင်းတော်တွေမှာ"မိခင်များနေ့"ကျင်းပလာကြတာဟာလည်းမိခင်ကိုရိုသေလေးစားကျေးဇူးဆပ်တတ်ဖို့တွန်းအားပေးခြင်းတမျိုးဖြစ်ပါတယ်။
နိဂုံး
အန်နာဂျာဗစ် ကွယ်လွန်ချိန် (၁၉၄၈ ခုနှစ်မှာ) နိုင်ငံပေါင်း ၄၃ နိုင်ငံကမိခင်များနေ့ ကျင်းပလာကြပြီး၊ ယနေ့ အထိမှာတော့ ကမ္ဘာ့နိုင်ငံ ပေါင်း၁၀၀ကျော်ဟာ ဒီမေလဒုတိယအပတ်ကျရောက်တဲ့မိခင်များနေ့ကိုကျင်းပနေကြပြီဘဲဖြစ်ပါတယ်။
မိခင်များနေ့ဆိုတာ ပြက္ခဒိန်ထဲက နေ့ရက်တစ်ရက်ထက် ပိုပါတယ်။ ကျွန်တော်တို့ဘဝကို ပုံဖော်ပေးခဲ့တဲ့၊ အေးမြတဲ့ မေတ္တာရိပ်ကို ပေးခဲ့တဲ့ "အမေ" ကို ကျေးဇူးဆပ်၊ ဂုဏ်ပြုဖို့ သတိပေးလိုက်တဲ့ နေ့လေးတစ်နေ့ပဲ ဖြစ်ပါတော့တယ်။

0 Comments