About Me

header ads

ဟော်မုဇ်ရေလက်ကြား May 05

❝ ဟော်မုဇ်ရေလက်ကြားမှာ အီရန်စက်သေနတ်တပ်လှေ ၆ စီးကို အမေရိကန်စစ်ရဟတ်ယာဉ်တွေက ပစ်ခတ်နှစ်မြှုပ် ❞

အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန် ထိပ်တန်းတပ်မှူးက မနေ့က တနင်္လာနေ့မှာ ပြောကြားရာမှာ ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်သွယ်ရေးသင်္ဘောတွေကို ခြိမ်းခြောက်နေတဲ့ အီရန်
စက်တပ်လှေ ၆ စီးကို အမေရိကန်ရဲ့ AH-64 Apache နဲ့ MH-60 Seahawk ရဟတ်ယာဉ်တွေက အပြတ်ရှင်းခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်စစ်တပ်ဟာ ရေတပ်နဲ့ တခြားသင်္ဘောတွေကို ခြိမ်းခြောက်နေတဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကိုလည်း ခုခံကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အမေရိကန်ဘက်က ထိပ်တန်းတပ်မှူးတစ်ယောက်ရဲ့ ပြောကြားချက်အရ သင်္ဘောတွေ ဘေးကင်းကင်းနဲ့ ဖြတ်သန်းသွားလာနိုင်ဖို့ ရေလက်ကြားထဲမှာ ကာကွယ်ရေးလမ်းကြောင်းတစ်ခုကို ဖော်ဆောင်ထားတယ်လို့ ဆိုပါတယ်။

အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားပြီး ဟော်မုဇ်ရေလက်ကြားအတွင်း လမ်းကြောင်းရှင်းလင်းရေးတွေ ဆက်တိုက်လုပ်ဆောင်နေချိန်မှာ အီရန်ဘက်ကလည်း အမေရိကန်စစ်သင်္ဘောတွေနဲ့ ကုန်သွယ်ရေးသင်္ဘောတွေအပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်လာခဲ့ပါတယ်။ 

ဒီလိုလုပ်ဆောင်ချက်တွေနဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကြောင့် လက်ရှိထိခိုက်လွယ်နေတဲ့ အပစ်အခတ်ရပ်စဲရေးကို ခြိမ်းခြောက်သလို ဖြစ်နေပါတယ်။

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ရဲ့ အကြီးအကဲဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Brad Cooper က အီရန်ဟာ အမေရိကန်ရဲ့ အကာအကွယ်ပေးမှုအောက်မှာ ရှိနေတဲ့ သင်္ဘောတွေနဲ့ အမေရိကန် စစ်သင်္ဘောတွေဆီကို ခရုစ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လှေငယ်တွေသုံးပြီး တိုက်ခိုက်ခဲ့ကြောင်း တနင်္လာနေ့မှာ ပြောပြခဲ့ပါတယ်။ 

အမေရိကန်တပ်ဖွဲ့တွေက ဒီခြိမ်းခြောက်မှုတွေကို ပြန်လည်နှိမ်နင်းနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

"ကျနော်တို့ဆီမှာ ရေလက်ကြားတဝိုက်မှာ အားပြင်းတဲ့ စစ်လက်နက်ပစ္စည်းအမြောက်အမြား စုထားပါတယ်။ 

အဲဒီထဲမှာ AH-64 Apache နဲ့ MH-60 Seahawk ရဟတ်ယာဉ်တွေလည်း ပါဝင်ပြီး ဒီနေ့မနက်တင် ကုန်သွယ်ရေးသင်္ဘောတွေကို ခြိမ်းခြောက်နေတဲ့ အီရန်လှေငယ် ၆ စီးကို အပြတ်ရှင်းဖို့ အဲဒီရဟတ်ယာဉ်တွေကို အသုံးပြုခဲ့တာပါ" လို့ ရေတပ်ဗိုလ်ချုပ်ကြီးက သတင်းထောက်တွေနဲ့ စကားပြောရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အခုတိုက်ခိုက်မှုမှာ ပါဝင်တဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ လှေအရေအတွက် နည်းပါးသွားတာဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည် သိသိသာသာ ကျဆင်းသွားတာကို ပြသနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

"အရင်ကဆိုရင် လှေအစီးရေ ၂၀ ကနေ ၄၀ လောက်အထိ အုပ်စုလိုက် ထွက်လာတတ်တာပါ။ ဒီနေ့တော့ ၆ စီးပဲ တွေ့ရပြီး ကျနော်တို့ ချက်ချင်းပဲ အပြတ်ရှင်းနိုင်ခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ စွမ်းဆောင်ရည် ကျဆင်းသွားတဲ့ ပြယုဂ်တစ်ခုလို့ ကျနော်ထင်ပါတယ်။ အကုန်လုံး ပျောက်ကွယ်သွားတာမျိုးတော့ မဟုတ်ပေမဲ့ တော်တော်လေးကို အားနည်းသွားပါပြီ" လို့ ဗိုလ်ချုပ်ကြီးက ဆိုပါတယ်။

လက်ရှိ ဟော်မုဇ်ရေလက်ကြားတဝိုက်မှာ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ တခြားအမေရိကန် လေယာဉ်တွေထဲမှာ A-10 Warthog တိုက်ခိုက်ရေးလေယာဉ်တွေ၊ F-15 Eagle နဲ့ F-35 Lightning II လိုမျိုး ကိုယ်ပျောက်တိုက်လေယာဉ်တွေ၊ KC-135 Stratotanker လိုမျိုး ဝေဟင်ဆီဖြည့်လေယာဉ်တွေနဲ့ RC-135 လိုမျိုး ကင်းထောက်လေယာဉ်တွေ ပါဝင်နေပါတယ်။ 

ဒါ့အပြင် ရေတပ်မှာလေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်စုနဲ့ မရိန်းတပ်ဖွဲ့ ဖြန့်ကြက်မှုတစ်ခုလည်း အဲဒီဒေသမှာ ရှိနေပါတယ်။ 

"အီရန်ရဲ့ဒုံးကျည်တွေက အမေရိကန်ရေတပ်စစ်သင်္ဘောတွေရော ကုန်သွယ်ရေးသင်္ဘောတွေကိုပါ ပစ်မှတ်ထားတာဖြစ်ပေမဲ့ အဓိကကတော့ ကုန်သွယ်ရေးသင်္ဘောတွေကို ပစ်မှတ်ထားတာပါ။ 

ကုန်သွယ်ရေးသင်္ဘောတွေဆီကို ဒရုန်းတွေနဲ့ လွှတ်ပြီး တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ ပြီးတော့ လှေငယ်တွေကလည်း ကုန်သွယ်ရေးသင်္ဘောတွေကိုပဲ ဦးတည်တာဖြစ်ပြီး အားလုံးကို Apache နဲ့ Seahawk ရဟတ်ယာဉ်တွေက နှစ်မြှုပ်ပစ်ခဲ့တာပါ" လို့ Cooper က ရှင်းပြပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ ပိတ်မိနေတဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို လမ်းပြပေးနေပြီး ရေမြှုပ်မိုင်းတွေအပါအဝင် ခြိမ်းခြောက်မှုအမျိုးမျိုးရှိနေတဲ့ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်အောင် ကူညီပေးနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ သင်္ဘောတစ်စီးချင်းစီကို လိုက်ပါစောင့်ရှောက်ပေးနေတာမျိုးတော့ မဟုတ်ပါဘူး။

အခုလို အမေရိကန်ဘက်က အီရန်ရဲ့စက်သေနတ်တပ်လှေငယ်တွေကို နှိမ်နင်းပြလိုက်ခြင်းဟာ ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်ဘက်က ကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်ဖို့ အားတိုးပြီး လုပ်ဆောင်နေတယ်ဆိုတာကို ပြလိုက်တာလည်း ဖြစ်ပါတယ်။

အီရန်ဘက်က ထပ်တိုးပြီး တိုက်ခိုက်လာမလားဆိုတာကို ကြည့်ရပါမယ်။

𝑹𝒊𝒄𝒉𝒂𝒓𝒅 𝑴𝒚𝒐 𝑻𝒉𝒂𝒏𝒕
5-May-2026
#RichardMyoThant

Post a Comment

0 Comments