ဒုတိယဂါဇာ(သို့မဟုတ်) Greater Israel ၏ကနဦးခြေလှမ်းလား?
လက်ရှိအချိန်မှာ အစ္စရေးတပ်မတော် IDF ဟာ အိမ်နီးချင်းလက်ဘနွန်နိုင်ငံရဲ့တောင်ပိုင်းဒေသကို အကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။အထူးသဖြင့်လက်ဘနွန်တောင်ပိုင်းမှာခြေကုပ်ယူထားတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)ရဲ့ဩဇာခံ Hezbollah လက်နက်ကိုင်တပ်တွေကို ခန့်မှန်းချေအင်အား၅သောင်းမှ၇သောင်းအကြားအထိပါဝင်ပြီး တပ်မ၅ ခုနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
နိုင်ငံတကာ မီဒီယာတွေမှာတော့ ဂါဇာနဲ့လက်ဘနွန်အကြောင်းတွေကို သိပ်ဖော်ပြတာမတွေ့ရပဲ အီရန်၏ရေလတ်ကြားအဖွင့်အပိတ်ကိစ္စကိုသာဦးစားပေးဖော်ပြနေကြပါတယ်။လက်ရှိမှာတိုက်ပွဲတွေကြောင့် လက်ဘနွန်ပြည်သူပေါင်း၁.၂သန်းခန့်ဟာစစ်ဘေးရှောင်နေရပြီး ၎င်းတို့အနက်လူပေါင်း၈၂၂,၀၀၀ ကျော် သည် တရားဝင် စစ်ဘေးရှောင်အဖြစ် မှတ်ပုံတင်ထားပြီးဖြစ်ကာ ထိုအထဲတွင် ကလေးငယ်ပေါင်း ၃ သိန်း နီးပါး ပါဝင်နေပါတယ်။
၂၀၂၆ မတ်လမှာ စစ်ပွဲအရှိန်မြင့်လာပြီးနောက်ပိုင်း လက်ဘနွန်တောင်ပိုင်းက မြို့တွေဖြစ်တဲ့ Bint Jbeil,
အဲဒီဒေသက လူအများစုဟာ မြောက်ဘက်နဲ့ ဘေရွတ်မြို့ (Beirut) ဘက်ကို အလုံးအရင်းနဲ့ တိမ်းရှောင်နေကြရပါတယ်။
သို့သော်လက်ရှိမှာနိုင်ငံတကာစစ်ဖက်နဲ့ပထဝီနိုင်ငံရေးကျွမ်းကျင်သူတွေက အစ္စရေးစစ်တပ်အနေနဲ့လက်ဘနွန်ကိုတိုက်ခိုက်နေတဲ့ပုံစံဟာ ရည်ရွယ်ချက်ရှိရှိသေချာအစီအစဉ်ဆွဲပြီးလုပ်ဆောင်နေတာလို့ ပြောကြပါတယ်။အစ္စရေးဟာ မြေပြင်တပ်တွေ မဝင်ခင်မှာ ဟစ်ဇ်ဘိုလာရဲ့ ခေါင်းဆောင်မှု ယန္တရားတစ်ခုလုံးကို အဆင့်ဆင့် အရင်ဖျက်ဆီးခဲ့ပါတယ်။ပထမဆုံးအချက်အနေနဲ့၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် နေ့ကမ္ဘာ့ထောက်လှမ်းရေးသမိုင်းမှာ အလွန်တုန်လှုပ်စရာကောင်းတဲ့ တိုက်ခိုက်မှုတစ်ခုကိုအစ္စရေးထောက်လှမ်းရေးတွေကလုပ်ပြခဲ့ပါတယ်။
စက်တင်ဘာ(၁၇)ရက်နေ့ မှာလက်ဘနွန်နိုင်ငံတစ်ဝန်းနဲ့ ဆီးရီးယားနိုင်ငံရဲ့ဒေသအချို့မှာဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေ ကိုင်ဆောင်ထားတဲ့ ပေဂျာ ထောင်ပေါင်းများစွာ ဟာတစ်ပြိုင်နက် ပေါက်ကွဲခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ လူပေါင်း ၄,၀၀၀ နီးပါး ဒဏ်ရာရခဲ့ပြီး ဒါဇင်နဲ့ချီသေဆုံးခဲ့ပါတယ်။စက်တင်ဘာ(၁၈)ရက် ဒုတိယနေ့မှာတော့ပေဂျာတွေ ပေါက်ကွဲပြီး နောက်တစ်နေ့မှာပဲ ဟစ်ဇ်ဘိုလာတွေ အသုံးပြုနေတဲ့ ဝေါ်ကီတော်ကီ တွေ ထပ်မံပေါက်ကွဲခဲ့ပါတယ်။ ထိုပေါက်ကွဲမှုကြောင့်လည်း လူ ၂၅ဦးကျဆုံးခဲ့ပြီး ၆၀၀ကျော်ဟာအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာရဲ့ ဆက်သွယ်ရေးကွန်ရက်တစ်ခုလုံး ပြိုလဲသွားရုံတင်မကဘဲ အဖွဲ့ဝင်အချင်းချင်းကြား ယုံကြည်မှုပါ ပျက်ပြားသွားစေခဲ့ပါတယ်။ ထိုအပြင် မကျဆုံးခဲ့တဲ့ဟစ်ဇ်ဘိုလာရဲ့အရေးကြီးတပ်မှုးနဲ့ခေါင်းဆောင်တွေကိုလည်း အစ္စရေးအထူးတပ်တွေက ဆေးရုံတွေထဲအထိ ဝင်ရှင်းခဲ့ပါတယ်။
ထိုတိုက်ခိုက်မှုပြီးချိန်မှာဟာဆန် နာဆရယ်လာ (Nasrallah) ကနေစပြီး ဟစ်ဇ်ဘိုလာတပ်ရဲ့ အဓိက စစ်ဆင်မှုကွပ်ကဲရေးဗိုလ်ချုပ်တွေကို ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ အသုတ်လိုက် လုပ်ကြံခဲ့ပါတယ်။ဒုတိယအချက်ကတော့ ဟစ်ဇ်ဘိုလာတွေရဲ့လက်နက်တိုက်တွေမြေအောက်ဥမင်တွေနဲ့ဒုံးကျည်ပစ်စင်တွေကိုလိုက်လံတိုက်ခိုက်ပါတယ်။အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းတင်မကဘဲ ဆီးရီးယားနဲ့ လက်ဘနွန်နယ်စပ်က လမ်းကြောင်းတွေကိုလည်း ဗုံးကြဲနေပါတယ်။ ဒါဟာ အီရန်ကနေ ဟစ်ဇ်ဘိုလာဆီ စီးဆင်းနေတဲ့ လက်နက်ထောက်ပံ့ရေးလမ်းကြောင်းကို ရေရှည်အတွက် ဖြတ်တောက်ဖို့ စနစ်တကျ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ စစ်ဖက်လေ့လာသူတွေကဆိုပါတယ်။
နောက်ဆုံးတစ်ခုကတော့ အစ္စရေးနယ်စပ်ကနေမိုင်၂၀လောက်အထိကွာဝေးတဲ့LiTaniမြစ်အထိကို သိမ်းပိုက်ပြီးBuffer Zone တည်ဆောက်နေတာပါ။သူတို့ရဲ့တရားဝင်ထုတ်ပြန်ချက်မှာတော့ဒါဟာ ဟစ်ဇ်ဘိုလာရဲ့ဒုံးကျည်တွေ အစ္စရေးမြောက်ပိုင်းက မြို့တွေကို မရောက်နိုင်တော့အောင် မဟာဗျူဟာအရ ကာကွယ်နေတာလို့ဆိုပါတယ်။ဒီအချက်ကတစ်စိတ်တစ်ပိုင်းတော့မှန်ပါတယ်။
၂၀၀၆ ခုနှစ် ဝန်ကြီးချုပ် အီဟွတ်အိုမတ်လက်ထက်တုန်းက အစ္စရေးက လက်ဘနွန်ကိုဒုတိယအကြိမ်မြောက်ဝင်တိုက်ရာမှာ ဟဇ်ဘိုလာတို့ဟာရော့ကဒ်ဒုံးကျည်များကို အစ္စရေးမြောက်ပိုင်းနေပြည်သူများထံဘူဖေးကဲ့တည့်ခင်းဧည်ခံကျွေးမွေးသဖြင့် မြောက်ပိုင်းတစ်ခုလုံးတောင်ပိုင်းကို ပြေးခဲ့ရဖူးပါတယ်။
အကျိုးဆက်ကတော့ ဝန်ကြီးချုပ် အီဟွတ်အိုမတ်စစ်ပွဲကိုင်တွယ်တာညံ့သဖြင့် ရာထူးကဆင်းပေးလိုက်ရပါတယ်။(ဝန်ကြီးချုပ်အီဟွတ်အိုမတ် ဟာ ဆီရီးယားတို့ရဲ့နျူဓာတ်ပေါင်းဖိုစီမံကိန်းကိုဖျက်ဆီးခဲ့သူပါ)
စာကိုပြန်ဆက်ရမယ်ဆို ထိုအကြောင်းပြချက်ဟာ တစ်စိတ်တစ်ဒေသ ဖြစ်ပြီး အစ္စရေးတို့ဟာ သူတို့ရဲ့ အိမ်မက်ဖြစ်တဲ့ Greater Israel ကိုတည်ထောင်ဖို့အတွက် ကနဦးခြေလှမ်းချနေတာလို့နိုင်ငံတကာအရေးစောင့်ကြည့်သူတွေကစွပ်စွဲကြပါတယ်။
ပြီးခဲ့တဲ့မတ်လ ၂၃ရက်နေ့တုန်းကအစ္စရေးဘဏ္ဍာရေးဝန်ကြီးဘီဇာလယ် စမော့ထရစ် (Bezalel Smotrich) က အစ္စရေးရေဒီယိုအစီအစဉ်တစ်ခုနဲ့ ပါတီတွင်းအစည်းအဝေးတွေမှာ အစ္စရေးရဲ့နယ်စပ်အသစ်ဟာ Litani မြစ်ပဲလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ထို့အပြင် အစ္စရေးနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးကို အစ္စရေးအနေနဲ့ အရှေ့အလယ်ပိုင်းကဒေသတော်တော်များများကိုသိမ်းပိုက်သင့်လားဟုမေးမြန်းရာမှာ အကုန်လုံးကိုသိမ်းလိုက်ရင်တောင်အဆင်ပြေပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ထိုအဖြေကို အိမ်ဖြူတော်ဖက်ကလည်းတစ်စုံတစ်ရာကန့်ကွက်ခဲ့တာမျိုးမတွေ့ရပါဘူး။
ဆိုတော့ Greater Israel ဆိုတာဘာလဲဆိုရင်တော့ ၎င်းကို ဘရူးဘာသာဖြင့် Eretz Yisrael Hashlema လို့ခေါ်ဆိုပြီး အစ္စရေးနိုင်ငံ၏ နယ်နိမိတ်ကို ကျမ်းစာလာသမိုင်းဝင် နယ်မြေများ အထိချဲ့ထွင်သတ်မှတ်လိုတဲ့နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ အယူအဆတစ်ခုဖြစ်ပါတယ်။ဘာသာရေးရှုထောင့်အရ "Greater Israel" ဆိုသည်မှာ ဘုရားသခင်က အေဘရာဟမ်နှင့် သူ၏သားမြေးများကို ပေးသနားခဲ့သည့် "ကတိထားရာနယ်မြေ" ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။
ကမ္ဘာဦးကျမ်းရဲ့ အခန်းကြီး၁၅ အခန်းငယ်၁၈မှာ တော့ "ထိုနေ့၌ ထာဝရဘုရားသည် အာဗြဟံနှင့် ပဋိညာဉ်ပြုတော်မူ၍၊ အဲဂုတ္တုမြစ် (Nile) မှစ၍ ဥဖရတ်မြစ်ကြီး(ယူဖရေးတီး) (Euphrates) တိုင်အောင် ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးပြီ။"ဟုဆိုပါတယ်။ဆိုတော့ထိုနေရာတွေကလက်ရှိဘယ်နယ်မြေတွေပါသလဲဆိုရင်တော့ ဂါဇာ၊(West Bank)၊ဆီးရီးယား၊လက်ဘနွန်၊အီရတ်၊ဂျော်ဒန်၊ဆော်ဒီအာရေဗျတစ်စိတ်တစ်ပိုင်းနဲ့အီဂျစ်အရှေ့ပိုင်းတစ်စိတ်တစ်ပိုင်းနဲ့လက်ရှိမြေထဲပင်လယ်ဒေသတွေအထိပါဝင်ပါတယ်။ Greater Israel နဲ့ပက်သက်ပြီး လက်ရှိဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုအပါအဝင် လက်ယာစွန်းပါတီဝင်များက ဒီအယူအဆကို အခိုင်အမာထောက်ခံကြပါတယ်။သူတို့က West Bank ကို ပါလက်စတိုင်းနိုင်ငံအဖြစ် ပေးရန် ငြင်းဆိုပြီး အစ္စရေး၏ အစိတ်အပိုင်းအဖြစ်သာ မြင်ကြပါတယ်။
လက်ရှိလက်ဘနွန်မှာ အစ္စရေးတို့မျက်စိကျနေတဲ့ လီတာနီမြစ်ဟာ မဟာဗျူဟာအရလည်းအတော်လေးအရေးပါ ပါတယ်။ကန္တာရမှာစိုက်ပျိုးရေးလုပ်ရတဲ့နိုင်ငံဖြစ်တာကြောင့် လယ်ယာတွေအတွက်မြစ်ရေသွင်းစိုက်ပျိုးလို့ရသလို မြစ်ဘေးက မြေဆီလွှာတွေကလည်းစိုက်ပျိုးမြေအသစ်အဖြစ်တိုးချဲ့လို့ရပါတယ်။၁၉၈၀ပြည့်နှစ်တွေကတည်းက အစ္စရေးဟာ လီတာနီမြစ်ရေတွေကိုလှိုင်ခေါင်းအဖြစ်ဖောက်လုပ်တွယ်တန်းခဲ့တယ်လို့ စွပ်စွဲခဲ့ကြပြီး အစ္စရေးကငြင်းဆိုခဲ့ပါတယ်။
၁၉၈၂မှာ အစ္စရေးဟာ လက်ဘနွန်ကို Operation peace of Galilee ဆိုတဲ့အမည်နဲ့စစ်ဆင်ရေး ဆင်နွှဲ့ကာ လက်ဘနွန်နိုင်ငံရဲ့မြို့တော်ဘေရွတ်အထိသိမ်းပိုက်ခဲ့ပြီး ၎င်းတို့ရုပ်သေးအစိုးကကိုတင်မြှောက်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
၎င်းနှစ်မှာပဲ IRGCရဲ့ အကူအညီနဲ့ဟဇ်ဘိုလာကိုမွေးဖွားခဲ့ပါတယ်။အဲဒီကျူးကျော်မှုကို တုံ့ပြန်တိုက်ခိုက်ဖို့အတွက် လက်ဘနွန်ရှိ ရှီအာမွတ်စလင် တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ဟစ်ဇ်ဘိုလာကို ဖွဲ့စည်းခဲ့တာပါ။
ဇ်ဘိုလာကို တည်ထောင်ရာမှာ အီရန်နိုင်ငံရဲ့ တော်လှန်ရေးအစောင့်တပ် (IRGC) က ငွေကြေး၊ လက်နက်နဲ့ စစ်ပညာရပ်ပိုင်းဆိုင်ရာတွေကို အဓိက ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ အီရန်ရဲ့ အစ္စလာမ်မစ်တော်လှန်ရေးဝါဒကို ပြန့်ပွားစေဖို့နဲ့ အစ္စရေးကို တိုက်ခိုက်ဖို့အတွက် မဟာဗျူဟာမြောက် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ဟစ်ဇ်ဘိုလာဟာ အစ္စရေး၏ အသက်သွေးကြောကိုဖြတ်တောက်မည့်ဓား ဟု အထိ သွားလေသူ အီရန်ရဲ့ခေါင်းဆောင်ကြီးအယာတိုလာခါမေနီက ကြွေးကြော်ခဲ့တာပါ။
ဟစ်ဇ်ဘိုလာဟာ "Party of God" (ဘုရားသခင်၏ပါတီ) လို့ အဓိပ္ပာယ်ရပြီး လက်ရှိမှာတော့ အစ္စရေးလက်ချက်နဲ့ အတော်လေးအိုးနင်းခွက်နင်းဖြစ်နေပါတယ်။သိုသော် ဟစ်ဇ်ဘိုလာဟာ စာဖတ်သူတို့ထင်သလို သံပုရာသီးတော့မဟုတ်ပါဘူး။
စတင်ဖွဲ့စည်းချိန်ကဟစ်ဇ်ဘိုလာရဲ့ ပြောက်ကျားစစ်ကြောင့် အစ္စရေးစစ်သားတွေ အသေအပျောက်များလာခဲ့ပြီး ဟစ်ဇ်ဘိုလာတို့ရဲ့ပျောက်ကြားဗျူဟာကလည်းနာမည်ကြီးခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်မှာ အစ္စရေးတပ်တွေ ဆုတ်ခွာသွားတဲ့ မေလ ၂၄ ရက်နေ့ကို လက်ဘနွန်မှာ "Resistance and Liberation Day" (တော်လှန်ရေးနှင့် လွတ်မြောက်ရေးနေ့) အဖြစ် အစိုးရရုံးပိတ်ရက် သတ်မှတ်ပြီး နှစ်စဉ်အောင်ပွဲခံခဲ့ပါတယ်။
လက်ရှိမှာတော့ အစ္စရေးကာကွယ်ရေးဝန်ကြီးက လက်ဘနွန်နိုင်ငံအတွင်းမှာ လုံခြုံရေးဇုံတစ်ခုသတ်မှတ်ပြီး လီတာနီမြစ်အထိနယ်မြေတစ်ခုလုံးကို လုံခြုံရေးအရထိန်းချုပ်ထားမယ်လို့ တရားဝင်ကြေညာထားပါတယ်။
လက်ရှိအစ္စရေးစစ်ဆင်ရေးလုပ်နေတဲ့လက်ဘနွန်နိုင်ငံအတွင်းအကျယ်အဝန်းဟာနိုင်ငံဧရိယာရဲ့ ၁၀%အထိရှိတယ်လို့သိရပါတယ်။နေထိုင်သူသိန်းနဲ့ချီကိုလုံခြုံရေးအာမခံချက်မပေးမချင်းပြန်လာခွင့်မရှိဘူးလို့ကြေညာထားပါတယ်။သူတို့ပြောတဲ့အာမခံချက်ကလည်းဘယ်အချိန်ထိကြာမလဲဆို မသိသေးပါဘူး။လက်ရှိမှာ ဟစ်ဇ်ဘိုလာတို့ကလည်း ၁၉၈၂နဲ့၂၀၀၆တုန်းကလို အခြေအနေမှာရှိမတော့ပါဘူး။သူတို့ကိုအဓိကထောက်ပံ့ပေးနေတဲ့ တီဟီရန်ကိုယ်တိုင်တောင် ရေရာသေချာတဲ့ အခြေအနေမှာရှိမနေပါဘူး။
ဆိုတော့ ဒီစစ်ပွဲကြီးဟာ အရှေ့အလယ်ပိုင်းကို ပုံစံအသစ်ဆီခေါ်ဆောင်သွားနေပြီဖြစ်ပြီး စစ်ပွဲနဲ့အကျိုးပေးလှတဲ့ကျွန်ုပ်တို့မျိုးဆက်ဟာလည်း ရက်စက်မှုတွေ သွေးမြေကျမှုတွေကို မျက်ဝါးထင်ထင်စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့နေရအုံးမှာပဲဖြစ်ပါတယ်။
စာဖတ်သူများကျန်းမာကြပါစေ။


























0 Comments