About Me

header ads

ကံတရားသည် မမြင်နိုင်သော လက်ဆောင်

 ကံတရားသည် မမြင်နိုင်သော ကောင်းကျိုးဆိုးကျိုးများကို မထင်မှတ်ပဲ
လက်ဆောင်ပေးတတ်၏။

ငယ်ငယ်တုန်းကတော့ ကံတရားကို မယုံကြည်။ ဖြစ်ပျက်သမျှတွေဟာ မတော်တဆ
တိုက်ဆိုင်မှုဟု ထင်ခဲ့မိ၏။ နည်းနည်းအသက်ကြီးလာတော့ ကံဆိုတာအလုပ်ပဲ။
ကိုယ်ကြိုးစားရင် ဘာမဆိုဖြစ်နိုင်သည်ဟု ယုံမှတ်ခဲ့ပြန်၏။

ယခုအသက်အရွယ်ရောက်တော့ ကံတရားဟာ အတိတ်ကကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်
အကုသိုလ်တွေနဲ့ တိုက်ရိုက်အချိုးကျမှန်း နားလည်လာခဲ့သည်။

ကိုယ်ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်ခဲ့တာတွေ ကိုယ်ဘာမှမလုပ်ဘဲ
ဘုန်းကြီးအမှုရွာပတ်ဆိုသလို ပြဿနာဖြစ်ခဲ့တာတွေ။ ကောင်းမှုတစ်ခုနေ့စဥ်ပြုနေရင်းနဲ့ တရားရုံးရောက်အမှုတွေဖြစ်ခဲ့ရတာတွေ အမှတ်မထင်ကြုံတွေ့လိုက်ရသောအခါ အတိတ်ဘဝကဝဋ်ကြွေးတွေ ရေစက်တွေ မမျှော်လင့်ဘဲ ဆုံတွေ့ပြီးအိမ်
ထောင်ကျခဲ့တာတွေဟာ မတော်တဆတိုက်ဆိုင်မှု မဟုတ်မှန်း သိမြင်နားလည် ယုံကြည်လက်ခံ ခဲ့ရတယ်။

အထူးသဖြင့်တော့ ကံမယုံဘဲ တောင်ပြောမြောက်ပြော ပြောခဲ့ဖူးတဲ့ ကိုယ်ကိုယ်တိုင်
မမျှော်လင့်ဘဲ အခကြေးငွေယူပြီး ဗေဒင်ဟောဖြစ်တဲ့အထိ ကြုံရတဲ့အခါ ကံကြမ္မာ
ကို အသေအချာယုံကြည် ခဲ့မိတယ်။

အတိတ်ဘဝတစ်ခုခုက ချစ်သူ ရန်သူ ဆွေမျိုးမိဘတွေနဲ့ ဒီဘဝပြန်ဆုံကြရတဲ့အခါ အတိတ်ဘဝကဝဋ်ကြွေးတွေပြန်ပေးဆပ်ကြရတာမျိုးလည်း ကြုံရတတ်ပါတယ်။

မယုံသူများလည်းရှိကြမှာပါ။ ကိုယ်တွေ့မကြုံသမျှတော့ ယုံရခက်ပါတယ်။

ကိုယ်ကတော့ အကြွင်းမဲ့ယုံကြည်သူဖြစ်တဲ့အတွက်
တတ်နိုင်သမျှ သူများကိုဒုက္ခပေးတဲ့သူမဖြစ်အောင်ကြိုးစားနေထိုင်ပါတယ်။
ကိုယ့်ကြောင့်သူတစ်ပါးဒုက္ခဆင်းရဲမရောက်အောင် သတိနဲ့ပြုမူဆောင်ရွက်ပါတယ်။
ကောင်းမှုတစ်ခုနေ့စဥ်ပြုပြီး သူတစ်ပါးကိုပေးကမ်း လှူဒါန်းကူညီနိုင်သူဖြစ်အောင်
ကြိုးစားပါတယ်။

ကိုယ်စိုက်တဲ့အသီးကိုယ်ပြန်ရိတ်သိမ်းရတယ်။ ကိုယ်ပြုတဲ့ကံ ကိုယ်ထံပြန်လာတယ်ဆိုတာ အသေအချာယုံနေလို့ပေါ့။

လူတွေမမျှော်လင့်ထားတဲ့ သဘာဝဘေးအန္တရာယ် ကံကြမ္မာဆိုးတွေကျရောက်လာရင်
ဘာမှမတတ်နိုင်ဘဲလည်စင်းခံကြရတာ မြင်ဖူးကြုံဖူးကြမှာပါ။

အဲ့ဒီအခါမှာ ကိုယ်ယုံကြည်ကိုးကွယ်တဲ့ဘုရားမှတစ်ပါး အားကိုးစရာမရှိအခြားမရှိပါ။

ဖြစ်တော့မှ ဘုရားတမဲ့အစား မကြုံတွေ့ခင်ကတည်း ယုံကြည်အားကိုး တန်ဖိုးထား
ကိုးကွယ်သင့်တယ်လို့မထင်ဘူးလား။

အားလုံးဟာ ကိုယ့်အတိတ်ကံ ပစ္စုပ္ပန်ကံအသီးသီးရှိနေကြပြီးမို့ ပြောစရာတော့
မလိုတော့ဘူးထင်ပါတယ်။

အလုံးစုံသောသတ္တဝါမှန်သမျှ ကိုယ်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်စုံကြလို့
ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ 

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ  

Post a Comment

0 Comments