About Me

header ads

ပလောင်သမိုင်း အပိုင်း (၂၁)

 ပလောင်သမိုင်း အပိုင်း (၂၁)

တအန်းလူမျိုးတို့၏ နောက်ဆုံးပဒေသရာဇ်စော်ဘွားနှင့် စော်ကန်(စဝ်ကန့်)များ

ကချင်လူမျိုးတို့၏တိုက်ခိုက်မှုကြောင့် တအန်းလူမျိုးတို့၏ နေမင်းနိုင်ငံတော်ပဒေသရာဇ်မြို့ပြနိုင်ငံ ပြိုကွဲသွားသော်လည်း ပဒေသရာဇ်စော်ဘွားများ၏ မင်းဆွေမင်းမျိုးများက ရောက်ရာအရပ်ဒေသတွင် မိမိမျိုးနွယ်စု အလိုက်သင့်လျှော်သော နယ်ပိုင်(ဝါ) စော်ကန် (စဝ်ကန့်/ကညား/စော်ဘွား) အုပ်ချုပ်ရေးစနစ်ဖြင့် ဆက်လက်အုပ်ချုပ် နေသေးကြောင်း တွေ့ရှိရပြန်သည်။

သာဓကအားဖြင့် နမ့်ခမ်းမြို့နယ်တွင် မန်စပ်စဝ်ကန့်၊ ဆာလူစဝ်ကန့်နှင့် အွယ်လောစဝ်ကန့်၊ မူဆယ်မြို့နယ်တွင် နမ့်ကတ်စဝ်ကန့်နှင့် မန်ဟန်စဝ်ကန့်၊ ကွတ်ခိုင်မြို့နယ်တွင် ဟိုမောစဝ်ကန့်၊ လွယ်ပေါင်း(မိုင်းယုလေး)စဝ်ကန့်၊ အီမိန်းဟိုဂျန်းစဝ်ကန့်၊ ကောင်းခမ်း (ကောင်းနိမ်) စဝ်ကန့်၊ မန်တုန်မြို့နယ်တွင် ဆိုင်းလိန်စဝ်ကန့်၊ မန်ကောဝ်စဝ်ကန့်၊ ရိုလိုင်းစဝ်ကန့်၊ စယ်ကောဝ် (ရူကွမ်း) စဝ်ကန့်နှင့် ရူကော(မန်တုန်) စဝ်ကန့်၊ မိုးမိတ်မြို့နယ်တွင် ရေပုံး(ရူဟော့) စဝ်ကန့်၊ နမ့်ဆန်မြို့နယ်တွင် ဟိုခင် (ရူခန့်) စဝ်ကန့်၊ နမ့်လင်း (ရူပို့) စဝ်ကန့်၊ အနောက်ကင်း (ပလေး) စဝ်ကန့်တို့ကို တွေ့ရသည်။

စဝ်ကန့်(စဝ်ကာင်း)၊ စဝ်နှင့် ကညားဟူသော ဝေါဟာရသည် ပိုင်ရှင်နှင့် အရှင်သခင်ဟု အဓိပ္ပာယ်ရပြီး ကန့်၊ ကျေးနှင့် စယ်တို့သည် တိုင်းပြည် သို့မဟုတ် နယ်ပယ်ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် စဝ်ကန့် (တားကညား)သည် နယ်ပိုင်၊ စော်ဘွား၊ ဒူဝါတို့နှင့် အဓိပ္ပာယ်အတူတူပင် ဖြစ်သည်။

ကချင်လူမျိုး၏ နှောင့်ယှက်တိုက်ခိုက်မှုမှ အနည်းဆုံးခံရသော စော်ဘွားမှာ နမ့်ဆန်တောင်ပိုင်စော်ဘွား တစ်ဉီးတည်းသာရှိသည်။ စော်ဘွားစနစ်မှာ (၃၂)ဉီးသော ရှမ်းပြည်နယ်စော်ဘွားများနှင့်အတူ တော်လှန်ရေးကောင်စီ စစ်အစိုးရလက်ထက်က စော်ဘွားများ အာဏာစွန့်သည်အထိ တည်တံ့လာခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို အင်္ဂလိပ်အစိုးရ ဝင်ရောက်မအုပ်ချုပ်မီကာလအထိ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်နှင့် နမ္မတူတို့သည် ကျေးရွာအဆင့်၌သာ ရှိကြပြီး တအန်းစဝ်ကန့်များ၏ လက်အောက်တွင်ရှိနေသေးသည်။

၁၉၀၀ ခုနှစ် ပတ်ဝန်းကျင်ခန့်က တရုတ်ပြည်၊ ယူနန်နယ်မှ ပြောင်းရွှေ့လာကြသော ခိုလှုံလီရှော (ခ) တရုတ်သေး (ရှဲက်ဟန်ရင်) လူမျိုးများလည်း နမ့်ခမ်း-နမ့်ဖတ်ကာအကြားရှိ တောင်ကြောပေါ်တွင် ခိုလှုံနေထိုင်ခွင့်ရရန် ဆာလူစဝ်ကန့်နှင့် မန်စပ်စဝ်ကန့်ထံမှ တောင်းခံ၍ နေထိုင်ရကြောင်းသိရသည်။ ယခုထက်တိုင် ခိုလှုံလီရှော လူမျိုးအချင်းချင်းကြားတွင် ပန်းဆေးဒေသကို မန်စပ် (ဂျုံဂျ) စဝ်ကန့်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သောကြောင့် “မန်ဂျပ်”ဟု ခေါ်ဆိုနေကြဆဲဖြစ်သည်။

သို့သော် အင်္ဂလ်ပ်ကိုလိုနီ အစိုးရ၏ အုပ်ချုပ်မှုအောက်သို့ လုံးလုံးလျားလျား စတင်ရောက်သည့် နောက်ပိုင်းတွင် ရူကော(မန်တုန်)စဝ်ကန့်၊ ရူကွမ်း (စယ်ကောဝ်) စဝ်ကန့်၊ ရူလိုင်းစဝ်ကန့်၊ မန်ကောဝ်စဝ်ကန့်၊ ဆိုင်းလိန်စဝ်ကန့်နှင့် ရူဟော့(ရေပုံး) စဝ်ကန့်တို့ကို မိုးမိတ်စော်ဘွား၏ လက်အောက်ခံအဖြစ်လည်းကောင်း၊ မန်စပ်စဝ်ကန့်၊ ဆာလူစဝ်ကန့်၊ အွယ်လောစဝ်ကန့်၊ မန့်ဟန်စဝ်ကန့်၊ နမ့်ကတ်စဝ်ကန့်၊ ဟိုမောစဝ်ကန့်၊ လွယ်ပေါင်းစဝ်ကန့်(မန်ယုလေး)၊ အီးမိန်းဟိုဂျန်းစဝ်ကန့်နှင့် ကောင်းခမ်း (ကောင်းနိမ်)စဝ်ကန့်တို့ကို သိန္နီစော်ဘွား၏ လက်အောက်ခံအဖြစ်လည်းကောင်း၊ ဟိုခင် (ရူခန့်)စဝ်ကန့်၊ နမ့်လင်း (ရူပို့) စဝ်ကန့်၊ အနောက်ကင်း(ပလေး/ရူဆစ်) စဝ်ကန့်တို့ကို နမ့်ဆန်တောင်ပိုင်စော်ဘွား၏ လက်အောက်ခံအဖြစ်လည်းကောင်း အသီးသီးသွတ်သွင်းခြင်း ခံကြရသည်။

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ

Post a Comment

0 Comments