About Me

header ads

ပလောင်သမိုင်း အပိုင်း (၁၄)

 


ပလောင်သမိုင်း အပိုင်း (၁၄)

နမ့်ဆန်မြို့နှင့် တောင်ပိုင်စော်ဘွားသမိုင်း - (၂)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အဆမ်(အဆာမ်/အလုမ်)တို့ အုပ်စုသည် လွယ်မုတ်မိန်းတောင်မှ တောင်အရပ်ဒေသသို့ လူသူအင်အား တစ်ထောင်ကျော်ရှိ အခြွေအရံများနှင့်တကွ မယ်တော်လွေးအီထိကညာနှင့်အတူ ထွက်ခွါလာပြီး တောင်ကျော် (ရူပို့)အရပ်ဒေသသို့ ရောက်ရှိလာရာ သောက်သုံးရေမထွက်သဖြင့် ဆက်လက်ထွက်ခွာရင်း နောင်တွင် တည်မည့် မဟာမြတ်မုနိဘုရားကုန်းပေါ်သို့ ရောက်လာစဉ် မိမိတို့တွင်ပါလာသော ကြက်ဖဖြူတစ်ကောင်က စကားဝါ (မိုက်တွန့်စမ်) ပင်ပေါ်တက်၍ အတောင်သုံးကြိမ်ခတ်ပြီး တွန်ခဲ့၏။ နောင်တွင် မိုက်တွန့်စမ်ကို အစွယ်ပြု၍ လွယ်တွန့်စမ်တောင်ဟု ခေါ်ဆို၏။

ဤနိမိတ်ကိုယူကာ “ဝမ်းဆန့်”နေ့တွင် မြို့သစ်နန်းသစ် တည်ထောင်သောကြောင့် (လွယ်လုံသယ် ဝမ်းဆန့်၊ မိန်းမန်စမ့်ကျန်နိုင်) ဟူသော ရှမ်းအလင်္ကာဖြင့် ယနေ့တိုင်ပြောဆိုမှတ်သားပြု၏။ အဓိပ္ပာယ်မှာ နမ့်ဆန်မြို့ကို ဝမ်းဆန့်နေ့တွင် တည်ထောင်သောကြောင့် ယနေ့ထက်တိုင် မြို့တည်တံ့နေခြင်းကို ဆိုလိုသည်။

နမ့်ဆန်မြို့သည် ရှေးခေတ်က မိုက်တွန့်စမ်တောင်၌ တည်ရှိသောကြောင့် ဝိန်းလွယ်တွန့်စမ်ဟုလည်း ခေါ်ဆိုသည်။ စော်ဘွားကြီး ခွန်ခမ်းအွမ်း(ခ)ခွန်ကျန်လက်ထက် ကောဇာသက္ကရာဇ် ၁၂၂၇ ခုနှစ် တပေါင်းလဆန်း (၁)ရက်နေ့တွင် ဘုရားကြီးရွာမှ ယခုလက်ရှိနမ့်ဆန်မြို့သို့ ပြောင်းရွေ့၍ မြို့သစ်နန်းသစ် တည်ထောင်ခဲ့သည်။ ဤတွင် စတုတ္ထသားတော်ဖြစ်သော အယိုင်(အယာည်/အယျေ့)တို့အုပ်စု၏ မိုးကောင်းအရပ်ဒေသသို့ ထွက်ခွာပြီး မြို့သစ်နန်းသစ်တည်ထောင်သော သမိုင်းပုံပြင်ကို ရေးဖွဲ့ပြောဆိုခြင်းကိုမူ မတွေ့ရပြန်ချေ။

မိုးမိတ်မြို့နှင့် စယ်ကောဝ်မိန်းကွမ်းတို့၏ ပတ်သတ်မှုကို ယခုလို နောက်တစ်မျိုး တွေ့ရပါသည်။ စယ်ကောဝ်မိန်းကွမ်းစော်ဘွားကြီး စဝ်ကောဖ နတ်ရွာစံပြီးနောက် သားတော်နှစ်ပါးဖြစ်သည့် စဝ်စမ်ဖနှင့် စဝ်ကမ်ဖတို့က ဆက်လက်၍ အုပ်ချုပ်ခဲ့သည်။ အင်းဝဘုရင်ထံ အခွန်တော် မဆက်သနိုင်သဖြင့် ခရစ်နှစ် ၁၃၀၀-၁၃၄၃ ခုနှစ်အတွင်း အင်းဝဘုရင်က စယ်ကောဝ်မိန်းကွမ်းကို စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ညီတော်နှစ်ပါးတို့မှာ မိုးမိတ်အရပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

နောင်တော်စဝ်စမ်ဖသည် ထိုအရပ်တွင် သံလက်ကို ကိုင်ကာ အဓိဠာန်ပြု၍ နန်းသစ်မြို့သစ်ကို တည်ထောင်လေသည်။ ထိုမြို့ကို နောင်အခါ မိန်းမစ် (မိုးမိတ်)ဟု ခေါ်ဆိုလာကြ၏။ သံလက်(ခ)ဓားမြှောင်ကို ရှမ်းလူမျိုးက “မစ်”ဟုခေါ်ဆိုခြင်း ဖြစ်၏။ ညီတော်စဝ်ကမ်ဖက မြစ်ကမ်းနဘေး မြေပြန့်တစ်နေရာတွင် မောင်းတစ်လုံးမြုပ်၍ အဓိဠာန်ပြုကာ မြို့သစ်နန်းသစ် တည်ပြန်လေသည်။ ထိုမြို့ကို နမ့်မောင်းမြို့ဟု ခေါ်သည်။ စစ်ပြေငြိမ်းသည့် နောက်ပိုင်းတွင် ညီတော်စဝ်ကမ်ဖက တောင်ပိုင်နယ်ကို ပြန်သွားကြောင်း၊ တူတော်ရာစဝ်နော်ဖသည်လည်း နမ့်တရွေးမြစ်ဘေးအနီးတွင် မြို့သစ်တည်ရာ နမ့်တရွေးမြို့ဟု ခေါ်ကြောင်း ဖော်ပြထားသည်။

စစ်‌ပြေငြိမ်းပြီးသည့် နောက်ပိုင်းတွင် ပြည်သူများက မိမိနေရပ်ဖြစ်သော စယ်ကောဝ်မိန်းကွမ်း ဒေသအပြင် မိုးကုတ်နှင့်တရုတ်ပြည်သို့ထွက်သွားကြသည်။ စယ်ကောဝ်မိန်းကွမ်းတွင် လူဦးရေပြန်လည်များပြားလာသည်နှင့်အတူ ဗုဒ္ဓ ဿာသနာတော်လည်း ထွန်းကားလာခဲ့ကြောင်း၊ နောက်ပိုင်းတွင် ကချင်လူမျိုးတို့ အင်အား အလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ပြန်သဖြင့် ဒုတိယအကြိမ်မြို့ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

မိုးမိတ်မြို့နှင့် ပတ်သက်၍ ရှမ်းသမိုင်းထဲတွင် “ကျိုင်းဟုံအစ သာကီယ၊ မိုးမိတ်အစ ကျိုင်းဟုံက”ဟု မိုးမိတ်နယ်ရှိ ရှမ်း၊ ဗမာအမျိုးသားတို့ အစဉ်ဆိုရိုးရှိကြသည့်အတိုင်း “ဂန္ဓာရတိုင်း ခေါ် ကျိုင်းဟုံမြို့”ကို စိုးစံခဲ့ကြသော မင်းတို့ကား သကျသာကီဝင်မင်းမျိုးတို့မှ ဆက်နွယ်ပေါက်ဖွားလာသည်ဟု ဆိုသည်။ ကျိုင်းဟုံမြို့မှတစ်ဖန် မိုးမိတ်သို့ ပြောင်းရွှေ့လာကြသည်။ ရှမ်းလူမျိုးတို့ အစစွာ တည်ထောင်သည်ဟူသော ကျိုင်းဟုံမြို့သည် ယခုမိုးမိတ်နယ်၊ မဘိမ်းနှင့် မြစ်ဆုံကြား၊ ရွှေလီမြစ် အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။

ခွန်ဟော်ခမ်းကျိုင်ဟုံ (ကျိုင်းဟုံရွှေနန်းရှင်)တွင် သားတော်ငါးပါး ရှိလေသည်။ သာသနာတော် သက္ကရာဇ် ၅၈ ခုနှစ်သို့ ရောက်သောအခါ မိမိဩဇာပျံ့နှံ့ရာ နယ်မြေအတွင်း၌ သားတော်ကြီး ဆေဟုံဖအား “မိုးမိတ် ခေါ် မိန်းမစ်”(ဓားမြှောင်မြို့)၊ သားတော်ဆေဟိုင်းဖအား “မိုးကောင်း ခေါ် မိန်းကောင်း” (အိုးစည်မြို့)၊ သားတော်ဆေအွန်ဖအား “မိုးညှင် ခေါ် မိန်းယန်း”(ဗျိုင်းမြို့)၊ သားတော်ဆေဟိုကပ်အား “မိုးလှိုင်း”၊ သားတော်ဆေဟိုကျင်အား “မိုးဝန်း”၊ ညီတော်အမတ်ကြီး စောခမ်းရွက်အား “ကောင်းစင်”၊ စောခမ်းရွက်၏သား ခွန်မွန်လုံအား “ကောင်းတုံ” မြို့တို့ကို အသီးသီး တည်ထောင်၍ အုပ်စိုးစေတော်မူကြောင်း ရေးသားဖော်ပြထားသည်။

သမိုင်းထဲမှ အစောဆုံး ရှမ်းအင်ပါယာသည် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှ ပြောင်းရွှေ့လာပြီး အေဒီ ၆၃၉ ခုနှစ်တွင် ထူထောင်သော နန်ချောင်နိုင်ငံတော် တစ်ခုတည်းသော တွေ့ရှိရ၍ အထက်ပါ မိုးမိတ်မြို့ကို ထူထောင်သည့် သာသနာသက္ကရာဇ် ၅၈ခုနှစ် (ဘီစီ-၅၀၀)အရဆိုလျှင် တွေးတော ဆင်ခြင်စရာဖြစ်နေသည်။ မည်သို့ပင်ဆိုစေ အထက်ပါ ကျိုင်းဟုံမြို့ကို တအန်းလူမျိုးက “ဒွယ်ဝေါင်း” သို့မဟုတ် “ဒွယ်ရောင်း”ဟု ခေါ်ပြီး ရူခန့်တအန်းမျိုးနွယ်စုတို့က ရှမ်းလူမျိုးတို့ထက် စော၍နေ ထိုင်ခဲ့ကြောင်း ရူမိုင်းသမိုင်းတွင် ဖော်ပြထားသည်။

နမ့်ဆန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၏ မြို့နယ်ဖြစ်စဉ်မှတ်တမ်းထဲတွင် နမ့်ဆန်မြို့ အကြောင်းကို အောက်ပါအတိုင်း ရေးထားပြန်ကြောင်း တွေ့ရပြန်ပါသည်။

တအန်းလူမျိုးတို့သည် မွန်ဂိုကုန်းပြင်မြင့်ဒေသမှ လမ်းကြောင်းသုံး‌ကြောင်းဖြင့် ဆင်းသက်လာရာ လမ်းကြောင်းတစ်ခုဖြစ်သော ဧရာဝတီ မြစ်ကြောင်းအတိုင်း ဗန်းမော်မှတစ်ဆင့် အရှေ့ဘက်သို့ တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ် (အေဲမ်းတမာဝ်း) လွင်ပြင်ဒေသ စယ်လန့်မြို့ပြနိုင်ငံ ထူထောင်၍ မင်းပြုနေကြကုန်၏။ ထို့နောက် စယ်လန့်မြို့ပြနိုင်ငံ ပျက်စီးပြီး (၁)စဖလောင်း၊ (၂)ဝမ်မိန်း၊ (၃)စခေးနှင့် (၄) စလန်စသော လေးအိမ်ထောင်စုဖြင့် စယ်လန့်နယ်မှတစ်ဆင့် ရေကြည်ရာ မြက်နုရာ ရှာကြရင်း နမ္မတူမြစ်အတိုင်း စုန်ဆင်းလာခဲ့ရာ ပန်တောင်းအရပ်၊ မန်ငိုင်းအရပ်နှင့် နမ့်လင်းအရပ်တို့ ဖြတ်သန်းလာကြပြီး လွယ်ပြယ်မိန်းအလယ်ဗဟို ယခုပန်မော်ခန် (ဒယ်အိုးကဲ့သို့ ချှိုင်းဝှမ်း)ဒေသသို့ ရောက်သောအခါ ခေတ္တနားနေစဉ် ခွန်ကောနောဝေါင်း ဉီးဆောင်သော တအန်းအမျိုးသားများ (၃၀၀)ခန့်ထပ်မံ ရောက်ရှိလာသည်။ ပန်မော်ခန်မှ တစ်ဆင့် တောင်ကျော်အရပ်ကို ဖြတ်ကျော်၍ပါလာသော ကြက်ဖက မိုက်တွန်စံတောင်ပေါ်ရှိ မိုက်တွန့်စမ်ပင်ပေါ်သို့ ပျံတက၍ တွန်နေသည်။

ထိုနိမိတ်ကို ဟူ၍ ဝိန်းမိုက်တွန့်စမ် (ခ)စကားဝါမြို့ကို တည်ထောင်ထားသော ပဉ္စမသားတော် အငိုခွန်ကောနောဝေါင်းအား အထောက်အကူ ဖြစ်စေသည်ဟု ရေးသားထားသည်။

အငိုခွန်ကောနောဝေါင်းတို့ညီအစ်ကို ငါးယောက်ရှိလေရာ (၁)အအိုင်-ဆဲမ်ဝီ(သိန်းနီ)၊ (၂)အယီ- မိန်းကောင်း (မိုးကောင်း)၊ (၃) အဆမ်-အာဝါး (အင်းဝ)၊ (၄) အယိုင်-မိန်းဝုန်း (ယူနန်)နှင့် (၅) အငို- မိန်းလွယ် (တအန်း/လွယ်လုံနမ့်ဆန်) တို့ဖြစ်ကြောင်း ဖော်ပြထားသည်။ ဝိန်းတွန့်စမ်မြို့မှ ယခုနမ့်ဆန်မြို့သို့ ပြောင်းရွှေ့တည်ထောင်သော အချိန်ကာလသည် ကောဇာသက္ကရာဇ် ၁၂၂၈ ခုနှစ်၊ တေင်သလင်းလပြည့်ကျော် (၁၄)ရက်၊ သောကြာနေ့ဖြစ်ကြောင်း တွေ့ရပြန်သည်။ နမ့်ဆန်မြို့ကို တည်ထောင်သော သက်တမ်းသည် နှစ်ပေါင်း (၁၃၉)နှစ် သို့မဟုတ် (၁၄၀)နှစ်ဖြစ်ကြောင်း အကြမ်းအားဖြင့် တွေ့ရှိရသည်။

အထက်ပါ ရေးသားဖော်ပြထားသောသမိုင်း ကြောင်း နှစ်ခုသည် ခုနှစ်သက္ကရာဇ် ကွဲလွဲမှုရှိခြင်း၊ ရှမ်းအခေါ်အဝေါ်များ လွှမ်းမိုးထားခြင်း၊ သိန္နီ၊ မိုးမိတ်၊ မိုးကောင်း စသည့်မြို့များသည် ယခုအခါတွင် ရှမ်းမြို့များ ဖြစ်နေခြင်းနှင့် နမ့်ဆန်မြို့တောင်ပိုင် စော်ဘွားရှိရာ တောင်ပိုင်နယ်သို့ စယ်ကောဝ်မိန်းကွမ်း စော်ဘွားကြီး “စဝ်ကမ်ဖ”က စယ်ကောဝ်ကို ပြန်သွားခြင်း မဖော်ပြဘဲ နမ့်ဆန်ဒေသသို့ ပြန်သွားပြီး တောင်ပိုင်စော်ဘွားအဖြစ် ပြန်လည်စိုးစံနေဟန်ကို ရေးသားထားသောကိစ္စသည် မရှင်းလင်းပေ။

အခြားတစ်ဖက်မှာ ယခု နမ္မတူမြို့နယ် မန်စံကျေးရွာတောင်ဖက် ပန်လုံနှင့် သီပေါ(အုမ်းပေါဝ်း) ဒေသတွင် နမ့်ဆန်စော်ဘွားများ၏ ပထမနန်းစိုက်ရာ ဒေသဖြစ်ကြောင်း ရေးသားဖော်ပြသော သမိုင်းအထောက်အထားကိုလည်း တွေ့ရပြန်သည်။

( တတိယပိုင်းကို ဆက်လက်တင်ပြမည် )

ရှမ်းမြောက်ဒေသနှင့် EAOs သမိုင်းလေ့လာစုစည်းနေသူ
MMSL Tsa Lum
12/5/2026

Crd to မိုင်းအိုက်ကော် ( မူရင်းစာရေးသူ ) 

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ။ 

Post a Comment

0 Comments