ပလောင်သမိုင်း အပိုင်း (၁၅)
နမ့်ဆန်မြို့နှင့် တောင်ပိုင်စော်ဘွားသမိုင်း - ( နောက်ဆုံးပိုင်း )
နမ့်ဆန်မြို့ကို
မြို့သစ်တည်ရန် တောခုတ် ရှင်းလင်းစဉ် မြေငလျင် အပြင်းအထန်
လှုပ်ခတ်သောကြောင့် ချောင်းရေ၊ မြစ်ရေနှင့် ရေတွင်းရေ ကန်များအားလုံး
တုန်လှုပ်လာသဖြင့် ၎င်းရေလှုပ်ခတ်မှုကို အစွဲပြု၍ အုမ်းရောက်ရ်
(အိမ့်ကဗိုင်း/အိမ့်ယယု)ဟု ခေါ်တွင်လာခဲ့ကြောင်း တွေ့ရသည်။
ရှမ်းယွန်းဗုဒ္ဓဘာသာစာပေ လွှမ်းမိုးသောခေတ်ကို ဖြတ်သန်းလာ၍
ရှမ်းဘာသာစကားဖြင့် “နမ့်ဆန်”ဟု အမည်ခေါ်တွင်လာခဲ့ခြင်းဖြစ်သည်။
အဓိပ္ပာယ်မှာ ရေတုန်မြို့ သို့မဟုတ် ရေလှုပ်မြို့ဟု အဓိပ္ပာယ်ရသည်။
နမ့်ဆန်နယ်တစ်ဝိုက်သည် တောင်ကုန်း တောင်တန်းများ ပေါများခြင်း၊
ထုထည်ကြီးမားသော တောင်တန်းများ ပေါများခြင်းတို့ကြောင့် ရှမ်းလူမျိုးများက
နမ့်ဆန်နယ်ကို လွယ်လုံ(တောင်ကြီး) ဟုလည်း ခေါ်ဆိုကြသည်။
အထက်ပါ
သမိုင်းကြောင်း နှစ်ခုအရ ကတူး(ခ)ဆမ်လုံတအန်းမျိုးနွယ်စုတို့သည်
တခြားတအန်းမျိုးနွယ်စုများတို့နှင့်အတူ ယောနကတိုင်းဒေသ၊ တာလိဖုအိုင်း၊
ကျေး(ခ) ကောသမ္ဗီပြည်မှတစ်ဆင့် မဲခေါင်မြစ်ဝှမ်း၊ ထိုင်းနိုင်ငံ၊
သုဝဏ္ဏဘူမိ သထုံ၊ မြန်မာနိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်း
မြေပြန့်အရပ်ဒေသတို့ကနေ ယခုလက်ရှိ နေထိုင်ရာ အရပ်ဒေသသို့ ဆင့်ကဲဆင့်ကဲ
လိုက်ပါ ဆင်းသက်လာခြင်း မရှိနိုင်ဟု ထောက်ပြနေသကဲ့သို့ တွေ့နေရသည်။
အများအားဖြင့်
တအန်းသမိုင်း၏ တစ်စိတ်တစ်ဒေသကို ရှမ်းဝေါဟာရ လွှမ်းမိုးရခြင်း
အကြောင်းရင်းက တအန်းစာပေ ပျောက်ကွယ်သည့်နောက်ပိုင်းနှင့်အတူ နန်ချောင်
(နန်စော/နန်ချို/နန်ကျောင်/နန်စဝ်) ရှမ်းအင်ပါယာလည်း ပြိုကွဲကာ
ရွှေလီမြစ်ဝှမ်း (မိန်းမောဝ်လွင်ပြင်)၊ နမ့်ခမ်း၊ သိန္နီ (ချေဲမ်းဝီး)၊
မိုးမိတ်၊ မိုးကောင်း၊ သီပေါ (အုမ်းပေါဝ်း)တို့ အပါအဝင်
တအန်းတို့နေထိုင်သော အရပ်ဒေသကို ရှမ်းလူမျိုးများ အလုံးအရင်းနှင့်
ဝင်ရောက်လာပြီးနောက် အေဒီ (၁၅)ရာစုမှစ၍ ယွန်းဗုဒ္ဓဘာသာစာပေသည် သိန္နီနယ်မှ
တစ်ဆင့် တအန်းဒေသသို့ ပြန်လည်ထွန်းကား ဝင်ရောက်လာသည်။
ဗုဒ္ဓဘာသာကျမ်းဂန်နှင့် တအန်းလူမျိုးသမိုင်းကို အဆိုပါ ရှမ်းယွန်းစာပေဖြင့်
ရေးသားမှတ်တမ်းတင်ထားခြင်းသည်လည်း လွှမ်းမိုးမှုကို ဖြစ်စေနိုင်သော
အကြောင်းရင်းတစ်ခု ဖြစ်ပါ၏။
နမ့်ဆန်
(တောင်ပိုင်) စော်ဘွားများ၏သမိုင်းသည် ကုန်းဘောင်ခေတ်ဉီး ခရစ်နှစ် ၁၇၅၀
ခုနှစ် ဉီးအောင်ဇေယျ (ခ)အလောင်းဘုရား မင်းလက်ထက်မှစတင်၍
မှတ်တမ်းတင်လာကြောင်း တွေ့ရသည်။ ထိုအချိန်မှစ၍ စော်ဘွားများ၏ ခေတ်အလိုက်
အမည်းစာရင်းများမှာ (၁) ဒဒွေးဖ၊ (၂) ဖခွန်မြ၊ (၃) ဖခွန်ဆိုင်၊ (၄)
ဖဒွေးတော်၊ (၅) ဖလွယ်လျို၊ (၆) ဖခွန်ကျိန်မိန်း၊ (၇) ဖခွန်ဆေ၊ (၈)
ခွန်တန်မိန်း၊ (၉) မင်းတုန်းမင်းလက်ထက်တွင် သီဟပဗ္ဗတရာဇာဘွဲ့ခံ
ဖကန်ခွန်ဆိုင်ရဲ (ခေါ်) ခွန်ဆာ၊ (၁၀) ခွန်ကျန် (၁၂၂၇)၊ (၁၁) အောင်ဆာ၊ (၁၂)
ခွန်ကွန်း၊ (၁၃) ခွန်ခမ်းမိန်း၊ (၁၄) ခွန်ခမ်းတန်မိန်း (၁၂၅၀)၊ (၁၅)
ခွန်ဆင်အွမ် (ကျက်သရေဆောင်ရွှေစလွယ်ရမင်း)၊ (၁၆) ခွန်ပန်းစိန်
(မဟာသရေစည်သူ/ ၁၂၈၉)တို့ ဖြစ်ကြပါသည်။
နမ့်ဆန်(တောင်ပိုင်) စော်ဘွားများ၏သမိုင်းသည် သက်တမ်းအားဖြင့် နှစ်ပေါင်း(၂၆၅) နှစ်ရှိပြီ ဖြစ်ကြောင်း တွေ့ရသည်။
အထက်ပါ
စော်ဘွားများ အမည်စာရင်းထဲတွင် ပါဝင်ခြင်း မတွေ့ရသည် စော်ဘွားကြီး
ခွန်ဆေဒွယ်ဟုန်မှာ မိုးမိတ်မြို့နယ်နှင့် မန်တုန်မြို့နယ်ကြား
ကိုးတောင်အရပ်၌ ကောဇာသက္ကရာဇ် ၁၁၄၀ (၁၇၇၈) ခုနှစ်တွင် နယ်မြေချဲ့ထွင်လာသော
ကချင်လူမျိုးတို့၏ လက်ချက်ဖြင့် စော်ဘွားကြီး နတ်ရွာစံခဲ့ရသည်။
ရန်သူလက်မှ
လွတ်မြောက်ရန် စော်ဘွားကြီး၏ ကြင်ယာတော် မဟာဒေဝီကလည်း သုံးနှစ်သားအရွယ်
သားတော်လေး တစ်ပါးနှင့်အတူ ကိုယ်ဝန် အရင့်အမာဖြင့် မိုးမိတ်နယ်သို့
ထွက်ပြေးတိမ်းရှောင် ခိုလှုံခဲ့သည်။ မိုးမိတ်နယ် လွယ်မောင်းအရပ်တွင်
ရှမ်းလူမျိုးကဲ့သို့ လျှို့ဝှက်စွာ နေထိုင်ရင်း သားတော်လေးတစ်ပါး
ဖွားမြင်ခဲ့လေသည်။ နယ်မြေအေးချမ်းသည့် နောက်ပိုင်းတွင် နမ့်ဆန်နယ်သူနယ်သား
တအန်းလူမျိုးများက လိုက်လံစုံစမ်းပြီး ရှာဖွေတွေ့ရှိသောအခါ စော်ဘွားကြီး
အရိုက်အရာ ပြန်လည်တင်မြှောက်ရန် သွားရောက်ပင့်ဆောင်လာခဲ့သည်။
ဤနေရာမှာ
သားတော်နှစ်ပါးထဲမှ နောင်တော်ကြီးသည်သာလျှင် စော်ဘွားကြီးအရာကို ဆက်ခံရမည်
ဖြစ်သော်လည်း ညီတော်စီးသော မြင်းတော်က နောင်တော်စီးသော မြင်းတော်ကို
ကျော်တက်ကာ စော်ဘွားကြီးတင်မြှောက်ရန် စီစဉ်ထားသော ကြိုဆိုရေး
မုခ်ဉီးမပ်ဆီသို့ အရင်ဉီးစွာ ရောက်ရှိလာသဖြင့် ညီတော်က
စော်ဘွားကြီးအရိုက်အရာကို ခံထိုက်သည်ဟုဆိုကာ ညီတော်ကို စော်ဘွားအဖြစ်
တင်မြှောက်လိုက်ကြသည်။ နောင်တော်ကိုမူ အဓိပတိ (နာယက) နေရာထားကာ
တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်လေတော့သည်။
မြင်းတစ်ကောင်တည်းဖြစ်၍
လမ်းမလျှောက်နိုင်သော ညီတော်ကို မြင်းစီးစေလျက် နောင်တော်က မြင်းကြိုးကို
ဆွဲလာသောကြောင့် ထိုကဲ့သို့ ဖြစ်ရခြင်းဟု တစ်ချို့သမိုင်းဆရာများက
ဆိုပါသည်။ စော်ဘွားကြီးကို “စဝ်ဖ” ခေါ် “တားပရမန်း”ဟု ခေါ်ပြီး
စော်ဘွားကြီး၏ နောင်တော်ကို တအန်းလူမျိုးက “စဝ်ပူဖ”ခေါ် တားပလိမ်းဟု ခေါ်၍
မိုးကောင်းကင် အရှင်သခင်ဟု အဓိပ္ပာယ်ရသည်။
ထိုအချိန်မှစ၍
တအန်းစော်ဘွားများနှင့် ရှမ်းစော်ဘွားတို့ မတူသောအချက်မှာ
တအန်းစော်ဘွားကြီးတို့သည် မိမိတို့အပေါ် ဩဇာညောင်းပြီး တိုင်းပြည်ကိုလည်း
မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်သွားနိုင်ရန် လမ်းညွှန်ထိန်းကျောင်းပေးသော
တားပလိန်းကို ခေတ်အဆက်ဆက် တင်မြှောက်ခဲ့ခြင်းပင် ဖြစ်သည်။
တားပလိန်းသည် စော်ဘွားကြီး၏ နောင်တော်ကြီးမှ ပေါက်ဖွားဆင်းသက်လာကြသော
သားစဉ်မျိုးဆက်၏ အသက်ကြီးဆုံးသူကို ရွေးချယ်တင်မြှောက်
ခန့်အပ်တာဝန်ပေးခြင်း ဖြစ်သည်။
မင်းတုန်းမင်းတရားလက်ထက်တွင်
စော်ဘွားခွန်ကျန်က ပုန်ကန်ထကြွသောကြောင့် ရာထူးမှချကာ အောင်ဆာကို
စော်ဘွားခန့်အပ်လေသည်။ စော်ဘွားရာထူးမှ ဖြုတ်ချခံရသော ခွန်ကျန်က
မန္တလေးရတနာပုံ၌ အကျဉ်းကျခံရစဉ် ကွယ်လွန်ခဲ့သည်။ ကောဇာသက္ကရာဇ် ၁၂၃၀
ပြည့်နှစ်ရောက်သော် ခွန်ကွန်းသည် အောင်ဆာကို လုပ်ကြံပြီး စော်ဘွားရာထူးကို
လုယူဆက်ခံကာ ဗမာဘုရက်ကို နှစ်စဉ်ပဏ္ဏာဆက်သ၍ တင့်တယ်စွာ အုပ်ချုပ်နေလေသည်။
ကောဇာသက္ကရာဇ်
၁၂၃၉ ခုနှစ်တွင် ခွန်ကွန်း ကွယ်လွန်ကာ နောင်တော် ခွန်ခမ်းမိန်းက
စော်ဘွားရာထူးကို ဆက်ခံရာ နောင်အခါ မြို့ရွာနယ်ပယ်အရေး မရှုပ်ထွေးစေရန်
ဗမာဘုရင်က စစ်ကဲကြီး ဦးဖဲနှင့် စော်ဘွား၏ ဆွေတော်မျိုးတော်ထဲမှ
“သုဓမ္မာဆရာတော်” တအန်းဘုန်းတော်ကြီးတစ်ပါးကို တွဲဖက်၍ အုပ်ချုပ်စေသည်မှာ
စော်ဘွားကြီး ခွန်ခမ်းမိန်း လက်ထက်သည် ပထမဆုံးအကြိမ် ဖြစ်သည်။
၁၇၂၄
ခုနှစ် ၊တန်ဆောင်မုန်းလပြည့်ကျော် (၇) ရက်နေ့တွင် ဗမာဘုရင်နှင့်
နိုင်ငံတော်တစ်ခုလုံးကို ဗြိတိသျှတို့ သိမ်းယူပြီးနောက် ၁၂၉၄ ခုနှစ်၊
တပေါင်းလ၌ ကာနယ်စလေဒင် (Colonel Sladen)၊ ဆာအာသာဝှိုက် (Sir Arther White)
နှင့် မစ္စတာဘာဇက် (Me Berczet) အစရှိသော ဗြိတိသျှစစ်ဗိုလ်များ
ကွပ်ကဲ၍စော်ဘွား၊ မြို့စားနှင့် ၊ ငွေခွန်တော်မှုတို့အား
ဗြိတိသျှအလံတော်အောက် ဝင်ရောက်သစ္စာတော်ရေသောက်ရန် ရှမ်းပြည်နယ်တောင်ပိုင်း
၊ ညောင်ရွေနယ်၊ မိုင်းသောက်မြို့သို့ လာရောက်၍ ဆင့်ခေါ်လေသည်။
ထိုအခါ
နမ့်ဆန်တောင်ပိုင်နယ် တအန်းစော်ဘွားကြီး ခွန်ခမ်းမိန်းသည် ဗြိတိသျှတို့ကို
သစ္စာမခံသည့်အပြင် ငါ့တို့အရှင် ဗမာဘုရင်နှင့် ထီးနန်းကို
ပြန်လည်တိုက်ခိုက်ယူမည်ဟူသော စိတ်ဓာတ်နှင့် လူသူလက်နက်အင်အားများကို
စုစည်းပြင်ဆင်ကာ နမ့်ဆန်တောင်ပိုင်နယ်သို့ ချီတက်လာခဲ့သော
ဗြိတိသျှအစိုးရစစ်တပ်ကြီးကို ဆီးကြိုးတိုက်ခိုက်ခြင်းဖြင့်
ရှမ်းပြည်နယ်တွင် တိုင်းရင်းသားနယ်ချဲ့ဆန်းကျင်ရေးတိုက်ပွဲကို ပထမဦးဆုံး
ဦးဆောင်ဆင်နွှဲ့ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။
နောက်ပိုင်တွင်
မိုင်းလုံစော်ဘွားကြီးတို့နှင့်အတူ မက္ခရာမင်းသား၏သားတော်
ဗမာ-ရှမ်းသွေးစပ် စဝ်ရန်ပိုင်နှင့် စဝ်ရန်နိုင်မင်းသားတို့ လာရောက်ကြပြီး
လူသူလက်နက်အင်အားများ ပူးပေါင်းကြကာ နယ်ချဲ့ဆန့်ကျင့်ရေးတိုက်ပွဲ
ဆင်နွှဲ့ကြသည်။ သို့သော် နောက်ဆုံးတွင် အရေးမသာ၍ စော်ဘွားကြီးမှာ
တိမ်းရှောင်ခဲ့သည်။
စော်ဘွားကြီး၏
သားတော်ဖြစ်သူ ခွန်ခမ်းတန်မိန်းက အရေးအခင်းကို အင်္ဂလိပ်စစ်တပ်နှင့်
ပြေလည်အောင် ဆောင်ရွက်သောကြောင့် ဗြိတိသျှတို့ကလည်း လိုက်လျှော၍
တိုက်ပွဲရပ်စဲကာ ခွန်းခမ်းတန်မိန်းကို စော်ဘွားရာထူး ခန့်အပ်ပေးသည်။
အာဇာနည်စော်ဘွားကြီး ခွန်ခမ်းမိန်းသည် သာသနာ့ဘောင်သို့ ဝင်ရောက်ပြီး
သာသနာ့တာဝန်ကို အသက်ထက်ဆုံးတိုင် ထမ်းဆောင်သွားခဲ့သည်။
အင်္ဂလိပ်သစ္စာခံ ဖြစ်သွားသည့် နောက်ပိုင်းတွင် စဝ်ရန်နိုင်နှင့်
စဝ်ရန်ပိုင်တို့နှစ်ဦးသည် တရုတ်နယ်စပ် ရွှေလီမြစ်ဝှမ်းအထက်ပိုင်း
မောပြည်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ပြီး လူသူလက်နက် စုဆောင်း၍ ထိုဒေသတွင်
ထပ်မံတော်လှန်ပုန်ကန်ကြောင့် သိရသည်။
ရှမ်းမြောက်ဒေသနှင့် EAOs သမိုင်းလေ့လာစုစည်းနေသူ
MMSL Tsa Lum
13/5/2026
Crd to မိုင်းအိုက်ကော် ( မူရင်းစာရေးသူ )


0 Comments