![]() |
ကရင့်အာဇာနည် စောဘဦးကြီး |
ကရင်လူမျိုးတွေရဲ့ တော်လှန်ရေးဖခင်ကြီးလို့ တင်စားကြတဲ့
စောဘဦးကြီးကို ၁၉၀၆ ခုနှစ် ၊ အောက်တိုဘာလ ၇ ရက်နေ့
ဧရာဝတီတိုင်း ၊ ပုသိမ်မြို့အနီးက ဘဲဂရက်ရွာမှာ မွေးဖွားခဲ့ပါတယ်။
၁၉၂၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီးနောက်
လန်ဒန် ကင်းဘရစ်ချ် တက္ကသိုလ်မှာ ဥပဒေပညာရပ်ကို ဆက်လက်
သင်ယူခဲ့ကာ ဥပဒေဘွဲ့ကို ရရှိခဲ့ပါတယ်။
လန်ဒန်မှာ ပညာသင်ယူနေစဥ်အတွင်း ၁၉၂၆ ခုနှစ်မှာပဲ
စောဘဦးကြီးဟာ ဗြိတိသျှအမျိုးသမီး ရီနီ (Rene Rose Kemp) နဲ့
အိမ်ထောင်ကျခဲ့ပြီး သား (၁) ယောက် ၊ သမီး (၁) ယောက်
ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မိသားစုနဲ့အတူ မြန်မာပြည်ပြန်လာခဲ့ပြီး
ပုသိမ်မြို့ ၊ ကရင်ရပ် ဒေါက်တာ စံစီဖိုးရဲ့ ကိုသာဖြူရိပ်သာမှာနေပြီး
ရှေ့နေအလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။
၁၉၃၇ ခုနှစ်မှာတော့ ဒေါက်တာဘမော်ရဲ့ အစိုးရထဲမှာ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ၁၉၃၇ ကနေ ၁၉၃၉ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၄၀ ပြည့်နှစ်မှာ စောဘဦးကြီးရဲ့ ဖခင်ဆုံးတဲ့အတွက်
ဘဲဂရက်ရွာကို ပြန်သွားစဥ်အတွင်းမှာပဲ ဇနီးဖြစ်သူ ရီတာက သားနဲ့သမီးကို
ခေါ်ပြီး လန်ဒန်ကို ပြန်သွားခဲ့ပါတယ်။ ( အကြောင်းအရင်းကတော့
စောဘဦးကြီးနဲ့ ညီဝမ်းကွဲတော်စပ်သူ ဗြိတိသျှစစ်ဗိုလ် စောဘသက်ကြီးရဲ့ ဇနီး နော်နီတာနဲ့ အနေအထိုင်ရင်းနှီးလွန်း၍လို့ ဆိုပါတယ်...)
အဲဒီနောက် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးတဲ့
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နဲ့ ဂျပန်တပ်တွေ
မြန်မာပြည်ကို သိမ်းပိုက်ပြီး ၁၉၄၃ ခုနှစ် သြဂုတ် ၁ ရက်နေ့မှာ
ဖွဲ့စည်းတဲ့ ဒေါက်တာဘမော် အစိုးရအဖွဲ့ (ဂျပန်စစ်တပ်ရဲ့ ရုပ်သေးအစိုးရ)
မှာလည်း စောဘဦးကြီးဟာ အခွန်တော်ဝန်ကြီးအဖြစ် ၁၉၄၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
(ဂျပန်ခေတ်အတွင်းမှာ ညီဝမ်းကွဲဖြစ်သူ ဗြိတိသျှစစ်ဗိုလ် စောဘသက်ကြီး
ကွယ်လွန်ပြီးနောက်မှာ သူ့ရဲ့ဇနီး နော်နီတာနဲ့ ပေါင်းသင်းခဲ့တယ်လို့ ဆို ၊
နောက်ပြီး ပုသိမ်နယ်အတွင်း ( ဗြိတိသျှစစ်ဗိုလ် ထွန်းကျော်ရဲ့ သမီး )
နော်မလေး နှင့်လည်း တရားမဝင် ယူခဲ့ပြီး သမီး (ထီးမူ) တစ်ယောက်ရခဲ့
တယ်လို့ဆိုပါတယ်။ အဲဒီနောက် အင်းစိန်သို့ ပြောင်းရွေ့တဲ့အခါ
နော်မလေးက လိုက်မလာခဲ့ဘဲ နော်နီတာသာ လိုက်လာခဲ့တဲ့အတွက်
နော်နီတာနဲ့ တရားဝင်လက်ထပ်လိုက်တယ်လို့ ဆိုပါတယ်... Ref - Wiki )
( အခုလို ဂျပန်ခေတ်မှာ စောဘဦးကြီးက
ဆက်ပြီး ဝန်ကြီးရာထူးယူခဲ့မှုအတွက် သမိုင်းပညာရှင်တွေကြားမှာ
အမြင်နှစ်မျိုးနဲ့ သုံးသပ်ကြပါတယ်။
ပထမအချက်က - ဂျပန်ကျောထောက်နောက်ခံအစိုးရမှာ ပါဝင်တာကြောင့်
စောဘဦးကြီးဟာ ဂျပန်နဲ့ ပူးပေါင်းခဲ့တယ်ဆိုတဲ့ အမြင်နဲ့...
ဒုတိယအချက်က - ကရင်လူမျိုးတွေ အစိုးရဖွဲ့စည်းပုံထဲကနေ
ဖယ်ရှားမခံရအောင် ဒါမှမဟုတ် နိုင်ငံရေးအသံရှိနေအောင်
ဝင်ရောက်တာဝန်ယူခဲ့တာလို့ မြင်တဲ့အမြင် ပဲ ဖြစ်ပါတယ်...)
ဖက်ဆစ်တော်လှန်ရေး အကြိုကာလဖြစ်တဲ့
၁၉၄၄ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့
ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ (နောင် ဖဆပလ) ထဲ ဝင်ခဲ့ပေမယ့်
ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) နဲ့ အင်တိုက်အားတိုက်
ပူးပေါင်းဆောင်ရွက်ခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ဟာ
ဗမာအမျိုးသားရေးတပ်ဖွဲ့ပုံစံနဲ့ ဖွဲ့စည်းလာတာဖြစ်သလို
၁၉၄၂ ခုနှစ် မြစ်ဝကျွန်းပေါ် ကရင်-ဗမာ ပဋိပက္ခတွေကြောင့်
ကရင်အသိုင်းအဝိုင်းမှာ BIA အပေါ် မယုံကြည်မှုတွေ ကြီးမားလာလို့ပဲ
ဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် စောဘဦးကြီးက ဖက်ဆစ်တော်လှန်ရေးထက်
“ကရင်လူမျိုးတွေကို ဘယ်လိုကာကွယ်ပေးရမလဲ” ဆိုတဲ့
နိုင်ငံရေးရှုထောင့်ကနေ ပိုပြီး စဥ်းစားလာတာလို့ ပြောလို့ရပါတယ်။
၁၉၄၆ - ၁၉၄၇ လောက်မှာတော့
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ ပြည်နယ်တောင်းဆိုမှုတွေနဲ့ ပက်သက်ပြီး
ဖဆပလ နဲ့ စောဘဦးကြီးတို့ကြားမှာ သဘောထား ကွဲလွဲမှုတွေ
ရှိလာတာကြောင့် ဖဆပလကနေ ကရင်ခေါင်းဆောင်တွေဟာ ခွဲထွက်ခဲ့ကြပါတယ်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာတော့
စောဘဦးကြီး ဦးဆောင်ပြီး ကရင်အမျိုးသားအသင်း (KNA) ၊
ဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့ချုပ် (BKNA) ၊
ကရင်ဗဟိုအဖွဲ့ (KCO) နဲ့ ကရင်လူငယ်အဖွဲ့ (KYO) စတဲ့
ကရင်နိုင်ငံရေးအဖွဲ့လေးဖွဲ့ကို စုပေါင်းကာ ကရင်အမျိုးသား အစည်းအရုံးကို ဖွဲ့စည်းခဲ့သည်။
အဲဒီနောက်ပိုင်းကနေ စပြီး
KNU ရဲ့ လက်နက်ကိုင်အဖွဲ့ KNDO ကို
တဖြေးဖြေးချင်း ဖွဲ့စည်းခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးပြီးနောက်
၁၉၄၇ ခုနှစ်နှောင်းပိုင်းလောက်မှာတော့
စောဘဦးကြီး ဦးဆောင်တဲ့ ကရင်ကိုယ်စားလှယ်အဖွဲ့ဟာ
လန်ဒန်ကို သွားရောက်ပြီး " နိုင်ငံရေး အာမခံချက်" ရရှိဖို့
ဗြိတိသျှအစိုးရဆီမှာ တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း အောင်မြင်မှုတော့ မရရှိခဲ့ပါဘူး...။
၁၉၄၈ ခုနှစ် ဒီဇင်ဘာလ
ခရစ်စမတ်အကြိုည ပစ်ခတ်မှုဖြစ်ပြီးနောက်မှာတော့
နှစ်ဖက်တပ်တွေဟာ ဘယ်လိုမှ ထိန်းမရတော့ပဲ အင်းစိန်တိုက်ပွဲနဲ့အတူ
ကရင်တော်လှန်ရေးကို စခဲ့ကြပါတယ်။
KNU ဥက္ကဌလည်းဖြစ် ၊ ကရင်အမျိုးသားခေါင်းဆောင်လည်း ဖြစ်တဲ့
စောဘဦးကြီး ချမှတ်ပေးခဲ့တဲ့ မူ (၄) ချက်ကတော့
- လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ။
- ကရင့်လက်နက် ကရင်လက်ထဲတွင်ရှိရမည်။
- ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်။
- ကရင့်ကျမ္မာ ကရင်သာ ဖန်တီးပိုင်ခွင့်ရှိရမည် စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
အင်းစိန်တိုက်ပွဲစပြီးနောက် ၁၉၄၉ ၊ ၁၉၅၀ ခုနှစ်တွေမှာ
နှစ်ဖက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပေမယ့်လည်း
စောဘဦးကြီးနဲ့ အစိုးရတို့ကြားမှာ အပစ်အခတ်ရပ်စဲရေးကို
ကြိုးစားခဲ့ပါတယ်။
သို့သော် စောဘဦးကြီးက ကိုယ်ပိုင်ပြည်နယ် ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ လုံခြုံရေးအာမခံချက် စတဲ့ အချက်တွေနဲ့ ဆွေးနွေးလိုပေမယ့်
အစိုးရဘက်ကတော့ လက်နက်ချရေး ၊ ဥပဒေဘောင်အတွင်း ပြန်ဝင်ရေးကိုသာ အလေးထားခဲ့တာကြောင့် ငြိမ်းချမ်းရေးဟာ မအောင်မြင်ခဲ့ပါဘူး။
ယခုလို ကရင်လူမျိုးတွေရဲ့ တန်းတူအခွင့်အရေးအတွက်
စွမ်းစွမ်းတမံ ဆောင်ရွက်နေချိန်အတွင်းမှာပဲ စောဘဦးကြီးဟာ
၁၉၅၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ .... ကော့ကရိတ်မြို့အနီးက
ထော့ကိုကိုးရွာကို ရောက်ရှိနေစဥ် ... စစ်တပ်မှ ဗိုလ်ကြီးစိန်လွင်
(နောင် သမ္မတ) ဦးစီးတဲ့ တပ်ခွဲရဲ့ အလစ်အငိုက်တိုက်ခိုက်မှုကြောင့်
ကျဆုံးသွားခဲ့ရပါတယ်.... ။
ကရင်လူမျိုးတွေကတော့ စောဘဦးကြီးကို
ကရင်အမျိုးသား အာဇာနည်အဖြစ်သတ်မှတ်ခဲ့ကြတာဟာ ယနေ့တိုင်ပဲ ဖြစ်ပါတယ်။
#စောဘဦးကြီး #KNU #ကရင်တော်လှန်ရေး


0 Comments