About Me

header ads

ရက္ခိုင်အမျိုးသားရေးရုန်းထမှု


 

 ⦿ ရက္ခိုင်အမျိုးသားရေးရုန်းထမှု

မင်းသေ့ ရေးသည်

ရက္ခိုင့်တပ်တော်က တည်ဆောက်တဲ့ ရက္ခိုင်အမျိုးသားရေးဝါဒကို လေ့လာကြည့်ရင်၊ လူမျိုးတိုင်း လူမျိုးတိုင်းမှာ ဖြစ်တည်လေ့ရှိတဲ့ အမျိုးသားရေးသဘာဝ ပုံစံကိုပဲ တွေ့ရပါတယ်။ အထူးသဖြင့် အင်္ဂလိပ်သူ့ကျွန် လက်အောက် ရောက်ခဲ့စဉ်တုန်းက ဗမာတွေ ဖြစ်ခဲ့တဲ့ အမျိုးသားရေးစိတ်အခံတွေ နှိုးထသလို နှိုးထတာကို တွေ့ရတယ်။ အထူးသဖြင့် တိုင်းတပါးသား လူမျိုးခြားရဲ့ အဖိနှိပ်ခံ ဖြစ်ခဲ့တဲ့အခါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမျိုးသားရေးနှိုးထစိတ်ပုံစံကိုပဲ တွေ့ရပါတယ်။ ခေတ်အဆက်ဆက် အထွေထွေ ဖိနှိပ်ခံရမှုမှသည် အထွေထွေ မကျေနပ်မှုဆီ ဦးတည်ပြီးတော့ အမျိုးသားရေးရုန်းထမှု အဖြစ် ဦးတည်တဲ့ ပုံစံကို တွေ့ရတာဖြစ်ပါတယ်။

⦿ ရက္ခိုင်တွေရဲ့ အမျိုးသားရေးရုန်းထမှုကို ကြည့်ရင် အချက် (၆) ချက် တွေ့နိုင်တယ်။

၁။ ပြန့်ကျဲနေတဲ့ ရက္ခိုင်တွေကို ပြန်လည် စုစည်းဖို့။

၂။ လူမျိုးခြား ကျွန်ပြုမှုကနေ လွတ်မြောက်ဖို့။

၃။ ရက္ခိုင်လူ့အဖွဲ့အစည်းနဲ့ ရက္ခိုင်နိုင်ငံတော်ကို ပြန်လည် တည်ထောင်ဖို့။

၄။ တချိန်က ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့တဲ့ အတိတ်သမိုင်းက ဂုဏ်အင်ကို ပြန်လည် ဖော်ဆောင်ဖို့။

၅။ အဲသည့်အတွက် ရက္ခိုင်အမျိုးသားရေးဝါဒကို ခိုင်ခိုင်မာမာ ထူထောင်ခြင်းဖြစ်။

၆။ ရက္ခိုင့်တပ်တော်ရဲ့ ရက္ခိတလမ်းစဉ်ဆိုတာ — ခေတ်အမြင်၊ ခေတ်အတွေးအခေါ်နဲ့ ပြန်လည် ဆန်းသစ်ထားတဲ့ ရက္ခိုင်အမျိုးသားရေးဝါဒသာ ဖြစ်ပါတယ်။

⦿ ရက္ခိုင်တွေဟာ — အထူးသဖြင့် ဗမာတွေနဲ့ ဆက်ဆံတဲ့အခါမှာ၊ ကြေးမှုံလိုသဘောထားနဲ့ ဆက်ဆံတာ တွေ့ရပါတယ်။ မြန်မာစကားပုံမှာ ရှိပါတယ်။ ဂျင်းစိမ်းနဲ့ မိတ်သလ္လင် သူကြင်မှ ကိုယ်ကြင်…၊ ဆိုတဲ့ စကားဖြစ်ပါတယ်။ ရက္ခိုင်တွေဟာ ဗမာနီတွေပဲ ဖြစ်ဖြစ်၊ ဗမာစိမ်းတွေပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ကွဲပြားပါစေ ဗမာတွေလို့သာ မြင်ပါတယ်။ ဒါပေမယ့် သိပ်ကို ယုတ်ရင်းကြမ်းတမ်းတဲ့စရိုက်နဲ့ လူလည်ကျချင်တဲ့စရိုက်ရယ်လို့ ခွဲခွဲခြားခြား နားလည်တာတွေ့ရပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးမှာ ရက္ခိုင့်တပ်တော်ရဲ့ ပါဝင်ပတ်သက်မှုဟာ — ဂျင်းစိမ်းနဲ့ မိတ်သလ္လင် သူကြင်မှ ကိုယ်ကြင်မယ်…ဆိုတဲ့ သဘောထားအမြင်နဲ့ ချည်းကပ်တာကိုတွေ့ရပါတယ်။ အထူးသဖြင့် လူမျိုးခြားတွေနဲ့ ဆက်ဆံတဲ့အခါမှာ ယခင်တုန်းကလို လူလည်ကျမခံရဖို့ အထူးသတိထားတာတွေ့ရတယ်။

⦿ ရက္ခိုင်အမျိုးသားရေးဝါဒဟာ ဗမာအမျိုးသားရေးဝါဒနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ဗမာတွေဟာ နယ်ချဲ့အမျိုးသားရေးဝါဒ (expansionist nationalism) ကို ကိုင်စွဲပြီး၊ ရက္ခိုင်တွေကတော့ နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားရေးဝါဒ (anti-colonial nationalism) ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ရက္ခိုင်တွေအနေနဲ့ ဗမာတွေကို နယ်ချဲ့တွေလို့ မြင်ပါတယ်။ ငါတို့ နယ်မြေနဲ့ ငါ့တို့ လူမျိုးရဲ့ ကံကြမ္မာကို ငါတို့ ကိုယ်တိုင် ပြဋ္ဌာန်းစီရင် ဆုံးဖြတ်ခွင့်ရရမယ် — ဆိုတဲ့ အမျိုးသားရေးစိတ် ရှိပါတယ်။

⦿ ရက္ခိုင်အမျိုးသားရေးရုန်းထမှုဟာ — ခေတ်အမြင် ခေတ်ကွင်းပြင်မှာ တဖြည်းဖြည်း ကျယ်ပြန့် နက်ရှိုင်းလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ရက္ခိုင့်တပ်တော် ခေါင်းဆောင်တွေမှာ — ပြင်းထန်တဲ့ ရက္ခိုင်အမျိုးသားရေးစိတ် ရှိသော်လည်းပဲ၊ လူမျိုးရေးမုန်းတီးမှုကို အခြေခံတဲ့ အစွန်းရောက်အမျိုးသားရေးဝါဒကို ငြင်းပယ်ထားတယ်ဆိုတာ တွေ့ရပါတယ်။ အထူးသဖြင့် မျိုးချစ်ဝါဒကို လေ့လာကြည့်ရင် – လူမျိုးရေးမုန်းတီးစိတ်နဲ့ မျိုးချစ်ဝါဒကို ခေါင်းထောင်အောင် ဆွဲတင်ရတာ ရှိပါတယ်။ ဒါပေမယ့် ရက္ခိုင်ခေါင်းဆောင်ပိုင်းမှာ — လူမျိုးရေးမုန်းတီးစိတ်နဲ့ သူတို့ရဲ့ ရက္ခိုင်မျိုးချစ်စိတ်ကို ဆွဲတင်တာမျိုးကို အလွန်အကျွံ မလုပ်ဘူး၊ အကန့်အသတ်ကို နားလည်တယ်ဆိုတာ တွေ့ရပါတယ်။ ဒါဟာ လစ်ဘရယ်စိတ်အခံကနေ လာတဲ့ သဘောလို့ နားလည်ပါတယ်။

⦿ ရက္ခိုင်ခေါင်းဆောင်တွေအနေနဲ့ ၊ ကိုယ့်အင်အားကို ကိုယ် မယုတ်လျော့အောင် တည်ဆောက်ထားနိုင်မှသာ မိမိတို့ရဲ့ လွတ်မြောက်ရေးအတွက် မျှော်လင့်ချက်ရှိမယ်လို့ တွက်ဆတာ တွေ့ရပါတယ်။ မိမိတို့ ရက္ခိုင်တွေကို လွှမ်းမိုးထားတဲ့ လူမျိုးခြားတို့ အားနည်းမှ မိမိတို့ ရက္ခိုင်တွေ အားကောင်းမယ် ဆိုတဲ့ အယူအဆမျိုးထက်၊ မိမိတို့ ရက္ခိုင်တွေ ကိုယ့်အင်အားကို ကိုယ်တည်ဆောက်ပြီး ကိုယ်ခံအားကောင်းမှ ရက္ခိုင်အမျိုးသားရေးအင်အား ခိုင်မာမယ်လို့ ယူဆတာတွေ့ရပါတယ်။ ပိုပြီး သတိထားမိတာက ရက္ခိုင်ခေါင်းဆောင်တွေမှာ သူတို့ မှန်းဆတွက်ချက်ထားတဲ့ အာရကန်တိုင်းပြည် နယ်နိမိတ် ရှိပါလိမ့်မယ်။ ဒါပေမယ့် ဗမာပြည် အခြမ်းမှာ ဗမာတွေ သူ့တို့ဘာသာ အားကောင်းနေခြင်းကို မျက်စိ ဆံပင်မွှေး မစူးပါဘူး။ မိမိတို့ နယ်မြေ ဧရိယာ ဖြစ်တဲ့ ရက္ခိုင်နယ်နိမိတ်ထဲမှာ လက်နက်ကိုင်ဗိုလ်ကျ ခြယ်လှယ်ခြင်းကိုတော့ — ရန်ကို ရန်ချင်း တုံ့နင်းဖို့ ဘယ်တော့မှ ဝန်မလေးဘူးဆိုတဲ့ အယူအဆကို တွေ့ရကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား….။

Link>>>https://www.facebook.com/photo/?fbid=897431589976391&set=a.118083164577908 

Post a Comment

0 Comments