About Me

header ads

ပလောင်သမိုင်း အပိုင်း (၁၃)

 ပလောင်သမိုင်း အပိုင်း (၁၃)

နမ့်ဆန်မြို့နှင့် တောင်ပိုင်စော်ဘွားသမိုင်း - (၁)
➖➖➖➖➖➖➖➖➖➖➖➖➖➖
နမ့်ဆန်မြို့နှင့် တောင်ပိုင်စော်ဘွားသမိုင်းတို့၏ အစောပိုင်းဆင်းသက်လာသည့် သမိုင်းကြောင်းမှာ ရူမျိုးနွယ်စုမှ ရူမိုင်းသမိုင်းကဲ့သို့ ရေးသားထားခြင်း မရှိသဖြင့် ဝိဝါဒအမျိုးမျိုး ကွဲပြားနေကြောင်း တွေ့ရသည်။

ဆင်းသက်လာသည့် လမ်းကြောင်းတို့သည်လည်း ရာစုနှစ်၊ ခရစ်နှစ်ပါရှိခြင်း မတွေ့ရဘဲ ပုံပြင်ဆန်ဆန် ရေးဖွဲ့ထား ကြောင့် တွေ့ရသည်။ တချို့ရေးသားပြောဆိုချက်များသည် ရှမ်းလူမျိုးတို့၏ ကျားဖြူသမိုင်းနှင့်လည်း ဆက်နွယ် ပတ်သတ်နေသယောင်တွေ့ရ၏။ နောက်ပိုင်းမှ ပြုစုရေးသားထားသော နမ့်ဆန်မြို့သစ် တည်သည့်နှစ်လည်း ကွဲပြားနေသကဲ့သို့ အမိနှင့်အတူ ထွက်ပြေးပြီး မိုးမိတ်နယ်မှ ပြန်တက်လာသည့် ကိုးတောင်နယ်တွင် လုပ်ကြံခံရ သော စော်ဘွားကြီးခွန်ဆေဒွယ်ဟုန်၏ သားတော်နှစ်ဦး၏အမည်နှင့် စော်ဘွားအဖြစ် ပြန်လည်တင်မြှောက်သည့် ခုနှစ်သက္ကရာဇ်ကိုလည်း မတွေ့ရချေ။

နမ့်ဆန်(တောင်ပိုင်)တအန်းစော်ဘွား၏ ရှေးဦးပထမပိုင်းသမိုင်းကို အထက်က ဆိုထားသည့် အတိုင်း ဒဏ္ဍာရီဆန်စွာ ပြောဆိုရေးသားနေကြသည်။
အေဒီ (၈)ရာစုမှ (၁၄)ရာစုအထိ တည်တံ့လာခဲ့သော ရွှေသွားစော်ဘွားနိုင်ငံမှ သမိုင်းကြောင်းနှင့်လည်း ဆက်စပ်ဖြစ်ပေါ်လာနေသကဲ့သို့ တစ်ဖက်တွင် တအန်းလူမျိုးနွယ်များသည် အိန္ဒိယပြည်မြောက်ပိုင်း၊ မဇိမဒေသ သမ္မီရတိုင်းမှ တရုတ်ပြည် အလယ်ပိုင်းဒေသသို့ ရေကြည်ရာမြက်နုရာလိုက်၍ ပြောင်းရွေ့နေထိုင်ကြရာမှ တရုတ်ပြည်တောင်ပိုင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း၊ ပူတာအိုဒေသအကြားတွင်ရှိသော ရှေးခေတ်နမ့်ဆန်မြို့ ဟောင်းဒေသသို့ ရှေးဦးစွာ ဝင်ရောက်အခြေချနေထိုင်ကြောင်း ဖော်ပြရေးသားထားသည်ကို တွေ့ရပြန်သည်။

အုပ်ချုပ်သော စော်ဘွားကြီး၏ အမည်သည် ခွန်ကောဖြစ်ကြောင်း ဆိုထားသည်။ ထိုတအန်းစော်ဘွား ခွန်ကောနှင့် ယူနန်ဧကရာဇ်ဘုရင်(စဝ်ဝုန်း)၏ သမီးတော် လွေအီထိ ကညာမဟာရန္ဆီတို့ကို ယူနန်စဝ်ဘုရင်ကြီးက ထိပ်မြားပေးအပ်ကာ ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်စေအံ့ဟု ရည်ရွယ်၍ စော်ဘွားကြီးခွန်ကောအား စေတီခွန်ကောနောဝေါင်း(ခ) သားကောင်းမှူးခွန်ကောနောဝေါင်းဟူသောဘွဲ့ကို ပေးသနားတော်မူ၏။

ထိုအချိန်တွင် ယူနန်ပြည်နယ်တွင် ဧကရာဇ်ဘုရင် (စဝ်ဝုန်း) အဆင့်မရှိနိုင်။ အရှေ့အလယ်ပိုင်းအာရပ် ဒေသမှ အရှေ့အာရှနှင့် အရှေးတောင်အာရှတလွှားအထိ တရုတ်အင်ပါယာကြီးကို အုပ်စိုးသည့် မွန်ဂိုဧကရာဇ် သို့မဟုတ် တရုတ်ဧကရာဇ် (စဝ်ဝုန်း)ဘုရင်၏ လက်အောက်ခံ ပြည်နယ်စော်ဘွားအဆင့်သာ ဖြစ်နိုင်သည်။

ထို့ထက် ပိုပြီးနီးစပ်မှုအရှိဆုံးက တအန်း နေမင်းနိုင်ငံတော် အကြီးအကဲ ရွှေသွားစော်ဘွားကြီး၏ ဒုတိယ သမီးတော် လွေးအီထိကညာ မဟာရန္ဆီဖြစ်တန်၏ ရွှေသွားစော်ဘွားနယ်စပ်မှ တောင်ဘက်အရပ်ရှိ ရွှေလီမြစ်ဝှမ်း အနီး စယ်လန့်အရပ်ဒေသကို မင်းပြု၍ နေထိုင်ခဲ့ကြောင့် ဖော်ပြထားသည်။ ထိုအချိန်တွင် ရွှေသွားမျိုးနွယ်စုတို့သည် တာလိဖုအိုင်ဒေသကို ဗဟိုပြ၍ နန်ချောင်နိုင်ငံရှိနေပြီဖြစ်သည်။

စေတီစော်ဘွားကြီး (ခ) ခွန်ကောနောဝေါင်းနှင့် လွေးအီထိကညာ မဟာရန္ဆီတို့က နှစ်ကာလအတန် ကြသောအခါ အအိုင်၊ အညီ၊ အဆမ်နှင့် အယိုင်ဟူသော သားတော်လေးယောက် ဖွားမြင်တော်မူလေ၏။ နောက်ပိုင်းတွင် ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝေဘေးဒဏ် ကျရောက်မှုတို့ကြောင့် စော်ဘွားကြီးနှင့်အတူ တိုင်းသူပြည်သားများ အသေအပျောက်များပြားလာသဖြင့် ထိုအရပ်ဒေသကို စွန့်ခွာပြီး နယ်သစ်ပယ်သစ် ရှာဖွေထူထောင်ရန် တောင်ဖက်သို့ ထွက်လာပြီး ယခုမြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ မန်တုန်မြို့မှ အရှေ့မြောက်ဘက် (၃၀)မိုင်အကွာရှိ နမ့်ဟိုင်း(ခ) မိန်းဘော်ရွာနှင့် လွယ်မုတ်မိန်း တောင်ထိပ်အရပ်ကို ရောက်သောအခါ အရပ်လေးမျက်နှာကို မူပြီး သားတော်လေးယောက်တို့အား သက်တော်စဉ် အလိုက်အရပ်ဒေသ လေးမျက်နှာကို ရွေးချယ်စေခဲ့ပါသည်။

အသက်ကြီးသူအားရိုသေလေးစားသောအားဖြင့် ကြီးစဉ်ငယ်လိုက်ရွေးချယ်စေရာ ပထမသားတော် “အအိုင်” က အရှေးအရပ်ရှိ သန္နီ(ဆိုင်ဝီ)အရပ်ဒေသကိုလည်းကောင်း ဒုတိယသားတော် “အညီ”က နောက်အရပ်ရှိ ကျေးကောဝ်မိန်းကွမ်း(ယခု စယ်ကောဝ်)အရပ်ဒေသကိုလည်းကောင်း၊ တတိယသားတော် “အဆမ်”က တောင် အရပ်ရှိ လွယ်လုံ(ယခုနမ့်ဆန်)အရပ်ဒေသကို လည်းကောင်း၊ စတုတ္ထသားတော် “အယိုင်” အနောက်မြောက် အရပ်ရှိ မိုးကောင်း (ကချင်ပြည်နယ် မိုးကောင်းကိုဆိုလိုသည်) အရပ်ဒေသကိုလည်းကောင်း၊ မိမိတို့ပါလာသော ပြည်သူပြည်သား(၄၀၀၀)ခန့်ကို ခွဲဝေ၍ လိုရာခရီးသို့ ဆက်လက်ထွက်ပြီး မြို့သစ်ကို တည်ထောင်ကြသည်ဟု ဆို၏။

အအိုင်(အအာည်/အနာည်)တို့ အုပ်စုသည် လွယ်မုတ်မိန်းမှ ထွက်ခွာလာရာ မိန်းရင်(မိုင်းရင်)ဒေသမှ တဆင့် သိန်းနီအရပ်ဒေသသို့ ရောက်လာပြီး မြို့သစ်နန်းသစ်ကို “ဝမ်းပိတ်”နေ့ (ရှမ်းဗေဒင်အကွက်ပေါင်း ၆၀ ကွက်ထဲက ရက်တစ်ရက်) တွင် ထူထောင်မိ၍ (ဆဲမ်ဝီသယ်ဝမ်းပိတ်၊ တေ့ဆိတ်အမ်ယောက်လိုင်)ဟူသော ရှမ်းအလကာဖြင့် အမှတ်သညာပြု၍ ထားလေ၏ အဓိပ္ပါယ်မှာ ဝမ်းပိတ်နေ့တွင် မြို့သစ်နန်းသစ် တည်ထောင်မိ၍ နောင်တွင် သိန်းနီနယ်သည် စစ်မက်ဖြစ်ပွားမှု ရပ်တန့်ခြင်းမရှိနိုင်ဟု ဆိုလိုသည်။

အညီ(အညျီ/အညမ်း)တို့ အုပ်စုသည် လွယ်မုတ်မိန်းတောင်မှ ထွက်ခွာလာရာ ဘော်ဟိုစန်းတောင်၏ အမြီးပိုင်း၊ လွယ်ဟန်စန်းအရပ်၊ မိန်းကွမ်း(ဒုတိယရာမ္မဝတီ) ယခုမန်တုန်မြို့နယ်၊ စယ်ကောဝ်အရပ်ဒေသသို့ ရောက်လာပြီး မြို့သစ်နန်းသစ်ကို “ဝမ်းယိ”နေ့တွင် ထူထောင်မိ၍ (မိန်းကွမ်းသယ်ဝမ်းယိ၊ မိန်းလီခွန်မိုင်စန်) ဟူသော ရှမ်းအလကာဖြင့် မှတ်တမ်းတင်ထားပြန်၏။ ဝမ်ယိနေ့တွင် မြို့သစ်နန်းသစ် တည်ထောင်ခဲ့သော စယ်ကောဝ်မိန်းကွမ်းသည် အုပ်ချုပ်သူက မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်သောကြောင့် တိုင်းပြည်က အေးချမ်း သာယာသည်ဟု အဓိပ္ပာယ်ရသည်။

လေ့လာတွေ့ရှိချက်အရ စယ်ကောဝ်မိန်းကွမ်း ဒုတိယ ရာမ္မဝတီပြည်သည် အေဒီ(၈)ရာစုခန့်က လုံချွမ် (မိန်းဝမ်း)ဒေသ၌ တအန်းလူမျိုးတို့၏ နေမင်းနိုင်ငံတော် ထူထောင်ပြီး ရူကွမ်းမျိုးနွယ်စုက ရွှေလီမြစ်ဝှမ်း ပထမ ရာမ္မဝတီ(နမ့်ခမ်း)နှင့်အတူ နေထိုင်သောအချိန် အေဒီ(၁၁)ရာစုခန့်တွင် မောရှမ်းလူမျိုးတို့၏ ဝင်ရောက်တိုက်ခိုက် လာမှုကြောင့် ပြောင်းရွေ့သွား၍ ထိုဒေသကို စော်ဘွားနိုင်ငံထူထောင်ခဲ့ခြင်းဖြစ်သည်။ ရှေးယခင်က ရာမ္မဝတီမြို့ သည် အရပ်ဌာန(၂၉)ဌာန ရှိသကဲ့သို့ ဈေးရပ်(၉)နေရာ ရှိသောကြောင့် အလွန်စည်ကားသော တောင်ပေါ်မြို့ ဖြစ်သည်။

၎င်းဈေးတန်း ရပ်(၉)နေရာတို့မှာ (၁) ဟော်ကညား (စော်ဘွားဟော်နန်းဈေးရပ်)၊ (၂) ဂေါင်းဆပေ (ဘုန်းကြီးကျောင်းဈေးရပ်)၊ (၃) နှောင်ဆန်း (သောက်ရေကန် ဈေးရပ်)၊ (၄) ကလာ့ခယ်(တရုတ်ဈေးတန်းရပ်)၊ (၅) အုမ်းကိန်ဒီး(အလယ်ချောင်းဈေရပ်)၊ (၆) နှောင်ငုံးဆန်း(ဆင်နှမောင်း ဈေးရပ်)၊ (၇) အုမ်းကတ်(ချောင်ဈေးရပ်)၊ (၈) ကတ်အုမ်းငေါင် (အုမ်းငေါင်းဈေးရပ်)နှင့် (၉) ကတ်ခိုမုန်း (ခိုမုန်းဈေး)တို့ဖြစ်သည်။

အေဒီ(၁၄)ရာစုအစပိုင်း၌ နေမင်းနိုင်ငံတော်ပြိုကွဲသည့်အခါ နေမင်းနိုင်ငံတော်မှ တအန်းလူမျိုးများနှင့် ပြန်လည်ပေါင်းစည်းမိခြင်း ဖြစ်သည်။
ယခုမြင်တွေ့နေရသော မန်တုန်မြို့နယ် နားအော်လေးကျေးရွာအုပ်စုအတွင်းရှိ ရဲလပ်(ရဲဝ်းလံတ်) သို့မဟုတ် ရူလပ် (ခ)ဂူလပ်(ရူလံတ်)ဟူသော ကျေးရွာသည် နေမင်းနိုင်ငံတော်ကြီး ပြိုကွဲသွားပြီနောက် နေမင်း နိုင်ငံတော်၏ စော်ဘွားမျိုးနွယ်များနှင့် ပြည်သူများက နောရူပါးနှင့်ဆိုင်းလိန်းကျေးရွာကို ဗဟိုပြု၍ ရွာသစ် တည်ကြရာမှ စယ်ကောဝ်(ရာမ္မဝတီ)ရှိ ရူကွမ်းမျိုးနွယ်စုတို့က စယ်ကောဝ်နယ်အစပ်တွင် လာတည်ကြသော ကျေးရွာကို “ရူလပ်” “ရွာသစ်ပေါ်ပြီ”ဟု ယနေ့တိုင်ခေါ်ဆိုနေဆဲဖြစ်သည်။

ထိုမြို့ကို အင်းဝတပ်က တစ်ကြိမ်၊ ကချင်လူမျိုးတို့က တစ်ကြိမ် လာရောက်တိုက်ခိုက်ခံရသဖြင့် ယခုအခါတွင် ရွာသိမ်ရွာငယ်အဆင့်သာ တွေ့ရ သည်။ဗုဒ္ဓဘာသာစေတီပုထိုးဖြင့် လက်နက်သဖွယ်အသုံးချ၍ လုပ်ကြံအခံရဆုံးသော မြို့လည်းဖြစ်သည်။

( ဒုတိယပိုင်း ဆက်လက်တင်ပြမည် )

ရှမ်းမြောက်ဒေသနှင့် EAOs သမိုင်း လေ့လာစုစည်းနေသူ
MMSL Tsa Lum
11/5/2026

Crd to မိုင်းအိုက်ကော် ( မူရင်းစာရေးသူ ) မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ။

Post a Comment

0 Comments