ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ကနေ လွတ်မြောက်လာပြီ၊ လက်ရှိဝန်ကြီးချုပ် အနုတင်ကလည်း မိသားစုလို ကြိုဆို ![]()
ဒီကနေ့ (မေလ ၁၁ ရက်) တနင်္လာနေ့ မနက်ပိုင်းမှာတော့ ထိုင်းနိုင်ငံရေးလောကအတွက် အလှုပ်ခတ်ဆုံး သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ဘန်ကောက်က ကလောင်ပရမ် (Klongprem) ဗဟိုအကျဉ်းထောင်ကနေ ခံဝန်နဲ့ တရားဝင် လွတ်မြောက်လာခဲ့ပါပြီ။
မနက်
၇ နာရီ ၄၄ မိနစ်မှာ ထောင်ဝင်းထဲကနေ ထွက်လာတဲ့ အသက် ၇၆ နှစ်အရွယ် မစ္စတာ
သက်ဆင်ကို အဖြူရောင် ရှပ်အင်္ကျီ၊ အပြာရောင် ဘောင်းဘီဝတ်ဆင်ထားပြီး
ဆံပင်ဖြူလေးတွေနဲ့ တွေ့လိုက်ရပါတယ်။
အပြင်ရောက်တာနဲ့ မိသားစုဝင်တွေ၊ ဖြူးထိုင်းပါတီဝင်တွေနဲ့ ရှပ်နီအင်္ကျီဝတ် ထောက်ခံသူတွေကို ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ပါတယ်။
နိုင်ငံတော်သီချင်း
ဖွင့်ချိန်မှာ အလံတော်ကို အလေးပြုခဲ့ပြီး မနက် ၇ နာရီ ၅၆ မိနစ်မှာတော့
သူ့ရဲ့ Mercedes-Maybach ဇိမ်ခံကားကြီးနဲ့ ထောင်ကနေ ထွက်ခွာသွားခဲ့ပါတယ်။
ခံဝန်နဲ့
လွတ်လာတာဖြစ်လို့ လာမယ့် စက်တင်ဘာ ၉ ရက်နေ့အထိ ခြေကျင်းဝတ်မှာ
အီလက်ထရောနစ် စောင့်ကြည့်ရေးကိရိယာ (EM Bracelet) ကို
တပ်ဆင်ထားရမှာဖြစ်ပြီး၊ သုံးရက်အတွင်း သက်ဆိုင်ရာကို သတင်းပို့ရမယ့်အပြင်
လစဉ်ပုံမှန် သတင်းပို့နေရဦးမှာ ဖြစ်ပါတယ်။
(အသက်
၇၀ ကျော်နေပြီဖြစ်တာနဲ့ အခံရောဂါတွေ ရှိနေတာကြောင့် သူ့ကို ခြေကျင်းဝတ်
စောင့်ကြည့်ကိရိယာ (Ankle Bracelet ) တပ်ဆင်ခိုင်းမှာ မဟုတ်ဘူးလို့
ရေးသားပြောဆိုမှုတွေလည်း ရှိနေပါတယ်။)
သူနဲ့အတူ တခြား အကျဉ်းသား ၈၅၉ ဦးလည်း ဒီခံဝန်အစီအစဉ်နဲ့ လွတ်မြောက်လာတာပါ။
မစ္စတာ
သက်ဆင်ဟာ ၂၀၀၆ မတိုင်ခင်က အမှုတွေအတွက် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရပြီး
အခုအခါမှာ သတ်မှတ်ပြစ်ဒဏ်ရဲ့ သုံးပုံနှစ်ပုံကို အမှန်တကယ်
ကျခံပြီးစီးသွားပြီ ဖြစ်တဲ့အတွက် ခံဝန်နဲ့ လွတ်မြောက်ခွင့် ရသွားတာပဲ
ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး လက်ရှိ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူးလ်ကလည်း ဝမ်းမြောက်စကား ပြောကြားလိုက်ပါတယ်။
သက်ဆင်ရဲ့
လက်အောက်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ အလုပ်လုပ်ခဲ့ဖူးတဲ့အတွက် သူ့အပေါ်မှာ
အစဉ်အမြဲ လေးစားမှု ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
"ကျနော် သူ့ကို လေးစားပါတယ်။ ကျနော်တို့ကြားမှာ မိသားစုလိုမျိုး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်" လို့ အနုတင်က ပြောပါတယ်။
ဒါ့အပြင်
သက်ဆင်နဲ့ တွေ့ဖို့ ဘာကန့်သတ်ချက်မှ မရှိပေမယ့် လောလောဆယ်မှာတော့
သက်ဆင်ကို သူ့မိသားစုနဲ့အတူ အချိန်ပေး အနားယူခွင့် ပေးသင့်တယ်လို့
မှတ်ချက်ပြုခဲ့ပါတယ်။
"ဘန်ကောက်က
ကျဉ်းကျဉ်းလေးပါ။ တနေ့နေ့မှာတော့ တခြား အခြေအနေမျိုးနဲ့ ကျနော်တို့
ပြန်တွေ့ကြမှာပါ" လို့ သူက ဟာသလေးနှောပြီး ပြောသွားပါသေးတယ်။
သက်ဆင်
နိုင်ငံရေးလောကထဲ ပြန်ဝင်လာရင် ဂယက်ရိုက်ခတ်မှုတွေ ရှိလာနိုင်မလားလို့
မေးမြန်းရာမှာတော့ "အဲဒီလောက်အထိတော့ ကျနော် မတွေးရသေးပါဘူး။
ဘာပဲဖြစ်ဖြစ် သူက ကျနော် လေးစားရတဲ့သူ တစ်ယောက်ပါပဲ" လို့ပဲ ဖြေကြားသွားခဲ့ပါတယ်။
သက်ဆင်
လွတ်လာတာက နိုင်ငံရေးလောကဆီ ပြန်လှည့်လာဖို့ လမ်းစဖြစ်နိုင်ပေမယ့်၊ သူ့ရဲ့
ဖြူးထိုင်း (Pheu Thai) ပါတီ အနာဂတ်ကတော့ အတော်လေး ရုန်းကန်နေရပါတယ်။
ပြီးခဲ့တဲ့
ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမှာ ဖြူးထိုင်းပါတီက လွှတ်တော်အမတ်နေရာ ၅၀၀
မှာ ၇၈ နေရာပဲ ရပြီး တတိယနေရာကို ရောက်သွားခဲ့ပါတယ်။
ပိုဆိုးတာက
သက်ဆင်တို့ မိသားစုရဲ့ မွေးရပ်မြေဖြစ်တဲ့ ကျနော်တို့ ချင်းမိုင်မှာတောင်
အမတ်နေရာ တစ်နေရာမှ မရခဲ့တာဟာ ၂၀၀၁ နောက်ပိုင်း သက်ဆင်ကျောထောက်နောက်ခံ
ပါတီတွေအတွက် အဆိုးရွားဆုံး ကျဆင်းမှုပါပဲ။
နိုင်ငံရေးအရ
အပြောင်းအလဲတွေ ဘယ်လိုပဲ ရှိနေပါစေ၊ ထိုင်းနိုင်ငံရေးလောကရဲ့
ထိပ်တန်းခေါင်းဆောင်တွေကြားက ဒီလို ဆက်ဆံရေးမျိုးကတော့ တကယ်ကို
စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
ထိုင်းသတင်းစာ စာမျက်နှာများစွာမှ ကိုးကား၍ ပြန်လည် မျှဝေပေးပါသည်။
Photo : Bangok post


0 Comments