ပလောင်သမိုင်း အပိုင်း (၂၂)
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေပြဠာန်းခြင်း
ဆဠသံဂါယနာတင် အောင်ပွဲနှင့် သာသနာတော် ၂၅၀၀ပြည့်နှစ် အထိမ်းအမှတ် နောက်ဆုံးနှစ်ဖြစ်သော ၁၉၅၆ခုနှစ်၊ မေလ(၂၇)ရက်နေ့တွင် ကမ္ဘာအေး မဟာပါသာဏ လိုဏ်ဂူတော်အတွင်း၌ ဝန်ကြီးချုပ် ဉီးနုက ဆဠသံဂါယနာ ဩဝါဒစရိယ သံဃာ့နာယကအဖွဲ့နှင့် ဝန်ဆောင်သံဃာအဖွဲ့ ဆရာတော် သံဃာတော်များအား သာသနာတော်အပေါ် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၏ သဘောထားဝါဒကို လျှောက်ထားခဲ့ရာမှာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဌာန်းသင့်ကြောင်း လျှောက်ထားခဲ့သည်။
နောက်ပိုင်းတွင် ဖဆပလနှစ်ခြမ်းကွဲလာချိန်မှာ သန့်ရှင်ဖဆပလ ဉက္ကဠဉီးနုက တရားဝင်မဲဆွယ်ပွဲမပြုမီ ၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နှင့် ကမ္ဘာအေးကုန်မြေ၌ ကျင်းပပြုလုပ်သော သန့်ရှင်းဖဆပလ၏ ပြည်လုံးကျွတ်ညီလာခံတွင် သန့်ရှင်းဖဆပလအဖွဲ့ကသာ အာဏာရမည်ဆိုလျှင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းမည့် ဥပဒေကြမ်းတစ်ခုကို ရေးဆွဲရန် ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။
ဉီးနု အစိုးရ အာဏာရပြီး ၁၉၆၁ ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်နေ့တွင် လွှတ်တော်နှစ်ရပ် စုံညီကျင်းပပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ကာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ပိုင် ဘာသာအဖြစ် ပြဠာန်းလိုက်သည်။
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဠာန်းပြီးနောက် ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာများက မကျေမနပ်ဖြစ်ခဲ့ရသည်။ နေရာအနှံ့ ဆန္ဒပြ ကန့်ကွက်ကြသည်။
အထူးသဖြင့် နယ်မြေချဲ့ထွင်ရေးကြောင့် ကချင်လူမျိုးနှင့် တအန်းလူမျိုးတို့အကြားတွင် ရာစုနှစ်ပေါင်း များစွားကတည်းက အမြစ်တွယ်လာခဲ့သော လူမျိုးမုန်းတီးရေးသည် ဤဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေပြဠာန်းလိုက်သောအခါ ကချင်လူမျိုးများထဲမှ ပြင်းထန်သော အမျိုးသားဝါဒများက ဗုဒ္ဓဘာသာ တအန်းလူမျိုးအများအပေါ် လူမျိုးရေးနှင့် ဘာသာရေးမုန်းတီးမှုကို အစွန်းတစ်ဖက်သို့ တွန်းပို့ပေးသကဲ့သို့ ဖြစ်စေခဲ့သည်။
ရှမ်းမြောက်ဒေသနှင့် EAOs သမိုင်း လေ့လာစုစည်းနေသူ
MMSL Tsa Lum
20/5/2026
Crd to မိုင်းအိုက်ကော် ( မူရင်းစာရေးသူ )


0 Comments