"ဇလီဖားတုံး တစ်တုံး... လူ့အသက် တစ်ချောင်း"
၁၉၄၂ ခုနှစ်မှာ ဂျပန်စစ်တပ်က
မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးတဲ့နောက်မှာ
အိန္ဒိယကို ဆက်လက်တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်...။
အဲဒီလို တိုက်ခိုက်ဖို့အတွက်
စစ်သည်အင်အားနဲ့ လက်နက်ခဲယမ်းတွေကို
ရေလမ်းကနေ သယ်ယူဖို့ ကြိုးစားပေမယ့်လည်း
မဟာမိတ်တပ်တွေရဲ့ ရေငုပ်သင်္ဘောရန်ကြောင့်
ဂျပန်တွေရဲ့ စစ်ရေးအစီအစဥ်ဟာ ရပ်တန့်နေခဲ့ပါတယ်...။
ဒါကြောင့် ဂျပန်စစ်တပ်ဟာ
ထိုင်း နဲ့ မြန်မာကို ကုန်းလမ်းကနေ တိုက်ရိုက်ဆက်သွယ်မယ့်
ရထားလမ်းတစ်ခုကို မဖြစ်မနေ ဖောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်...။
အင်ဂျင်နီယာတွေက ရထားလမ်းပြီးစီးဖို့အတွက်
အချိန် (၅) နှစ်ကနေ (၆) နှစ်အထိ ကြာမယ်လို့ တင်ပြခဲ့ပေမယ့်
ဂျပန်စစ်တပ်ကတော့ (၁၆) လ အတွင်း ပြီးစီးအောင် ဆောက်လုပ်ဖို့
အတင်းဖိအားပေးခဲ့ပြီး ဒီရထားလမ်း ဖောက်လုပ်မှုကို
ဂျပန် အမှတ် (၅) နဲ့ အမှတ် (၉) ရထားလမ်းတပ်ရင်းတွေကနေ
အဓိက တာဝန်ယူခဲ့ပါတယ်...။
ဒီလို တိုတောင်းလှတဲ့ အချိန်ကာလအတွင်း
ရထားလမ်း ပြီးစီးဖို့အတွက် ... ဂျပန်စစ်တပ်ဟာ
လူသိန်းပေါင်းများစွာကို ကျွန်တွေလို ရက်ရက်စက်စက်
အဓမ္မခိုင်းစေခဲ့ပြီး... လူ့အသက်ပေါင်းများစွာလည်း
သေဆုံးခဲ့ရပါတယ်...။
ဘယ်လောက်ထိတောင် ဆိုးရွားခဲ့သလဲဆိုရင်
အဆိုပါ ရထားလမ်းက "ဇလီဖားတုံး တစ်တုံးစီတိုင်းဟာ လူတစ်ယောက်ချင်းရဲ့ အသက်နဲ့လဲခဲ့ရတာ" လို့ ပြောစမှတ်တွင်တဲ့အထိ အသေအပျောက်
များခဲ့တာပါ...။
ရထားလမ်းမှာ အဓမ္မခိုင်းစေခံရတဲ့
ချွေးတပ်သားတွေနဲ့ မဟာမိတ် စစ်သုံ့ပန်းတွေဟာ
ဂျပန်စစ်တပ်က တစ်ရက်ကို ဆန်ပြုတ်တစ်ခွက် ဒါမှမဟုတ်
ဆန်ကြမ်းအနည်းငယ်သာ ကျွေးပြီး မနားတမ်း လုပ်ကိုင်ခဲ့ကြရတာပါ..။
(အချို့သော မှတ်တမ်းတွေအရ....ဂျပန်စစ်တပ်ဟာ
ချွေးတပ်သားတွေ နဲ့ စစ်သုံ့ပန်းတွေ ထွက်မပြေးနိုင်အောင်
ကျွေးတဲ့ ရေလုံပြုတ်ဟင်းတွေမှာ ဆားကို လုံးဝ ဖြတ်တောက်ထားခဲ့တယ်လို့ဆိုပါတယ်...)
ပြီးတော့ ငှက်ဖျားရောဂါ ၊ ဝမ်းကိုက်ရောဂါ
အာဟာရ
ချို့တဲ့မှုကြောင့် ဖြစ်ပွားတဲ့ Beri Beri (ထုံနာဆို့နာ) ရောဂါတွေအပြင်
အပူပိုင်းအနာ (လူ့အသားစတွေကို ပုပ်ဆွေးစေပြီး စားပစ်တတ်တဲ့ ဘက်တီးရီးယား
ကူးစက်နာ / Tropical Ulcer) နဲ့ ဖက်ခွက်နာလို အနာကြီးတွေလည်း အများအပြား
ဖြစ်ပွားခဲ့ကြပါတယ်...။
ဒါပေမယ့် ရိက္ခာနဲ့ ဆေးဝါးဟာ
ဂျပန်စစ်တပ်နဲ့ ဂျပန်စစ်သားအတွက်သာ ဦးစားပေးဖြစ်ပြီး
ချွေးတပ်သားတွေနဲ့ မဟာမိတ်စစ်သုံ့ပန်းတွေမှာတော့
ဆေးဝါးကုသခွင့် မရခဲ့ကြပါဘူး...။
ဒါကြောင့် မဟာမိတ် စစ်သုံ့ပန်း ဆရာဝန်တွေဟာ
အပူပိုင်းအနာကြောင့် ပုပ်စော်နံပြီး အရည်ပျော်ကြနေတဲ့
အသားသေတွေ (Necrotic Tissue) ကို ဆက်လက်မပြန့်ပွားနိုင်အောင်
ရရာပစ္စည်းဖြစ်တဲ့ "ထမင်းစားဇွန်း" တွေကိုပဲ ခွဲစိတ်ခန်းသုံး ပစ္စည်းအဖြစ်
(ပုပ်နေတဲ့ အသားစတွေကို ဇွန်းနဲ့ ခြစ်ထုတ်ခြင်း) အသုံးပြုခဲ့ရတယ်လို့
ဆိုပါတယ်...။
ဒီလို အစိမ်းလိုက် အနာကိုဖြတ်ထုတ်ရာမှာ
နာကျင်မှုကို သက်သာစေမယ့် ထုံဆေး ဒါမှမဟုတ် မော်ဖင်း ပေးတာမျိုး
လုံးဝမရရှိကြပါဘူး...။
အသားစတွေကို ခြစ်ထုတ်ပြီးတဲ့နောက်မှာ
ပိုးသတ်ဆေးမရရှိတဲ့အတွက် ရေနွေးနဲ့သာ သန့်စင်ကြရပြီး
ရောဂါပို့ဆက်မပွားအောင် မီးသွေးမှုန်တွေနဲ့ ထည့်သိပ်ခဲ့ကြရပါတယ်..။
တခါတရံမှာတော့ လူနာကို အနီးအနားက
မြစ်ထဲ ၊ ချောင်းထဲ ခေါ်သွားပြီး အနာထဲက အသားပုပ်တွေကို
ငါးအသေးလေးတွေ လာရောက်ကိုက်စားစေခြင်းနည်းနဲ့
သန့်စင်ခဲ့ကြရပါတယ်...။
ပြီးတော့ ဝမ်းကိုက်ရောဂါကြောင့်လည်း
ချွေးတပ်သားတွေနဲ့ စစ်သုံ့ပန်းတွေဟာ
အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရပါတယ်။
(လင်းယုန်မောင်မောင်ရဲ့ ကိုယ်တွေ့ ချွေးတပ်မှတ်တမ်း စာအုပ်)
ဒီလို ရောဂါဘယတွေ ထူပြောပြီး
ချွေးတပ်သားတွေနဲ့ မဟာမိတ်စစ်သုံ့ပန်းတွေ တဖြုတ်ဖြုတ်
သေဆုံးနေပေမယ့်...
ဂျပန်စစ်တပ်ရဲ့ "hayakushiro" (အမြန်လုပ်) ဆိုတဲ့ အော်ဟစ်သံတွေနဲ့
ရိုက်နှက်ခြင်းတွေကတော့ နေ့စဉ်လျော့မသွားခဲ့ပါဘူး...။
ပြီးတော့ ထူထပ်လှတဲ့ တောနက်ကြီးတွေထဲမှာ
ကျောက်တောင်ကြီးတွေကို ပေါက်တူးတွေ နဲ့ ပေါက်ချွန်းလိုမျိုး
လက်နက်ကိရိယာ အကြမ်းထည်တွေနဲ့သာ ထုဆစ်ပြီး
လမ်းဖောက်ခဲ့ကြရတာလည်း ဖြစ်ပါတယ်...။
နောက်ပြီး မိုးရာသီရောက်တဲ့အခါမှာလည်း
အဝတ်အစား နဲ့ နေရာထိုင်ခင်း မလုံလောက်မှုကြောင့်
ချွေးတပ်သားတွေနဲ့ စစ်သုံ့ပန်းတွေဟာ ငရဲထက်ဆိုးတဲ့
ဒုက္ခကို ခံစားကြရပါသေးတယ်...။
ဒီလို လူသိန်းပေါင်းများစွာ အဓမ္မ ခိုင်းစေခံရပြီး
အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့
"သေမင်းတမန် ရထားလမ်း" (Death Railway) ကြီးဟာ
၁၉၄၃ ခုနှစ် အောက်တိုဘလ ၁၇ ရက်နေ့မှာ အပြီးသတ်နိုင်ခဲ့ပြီး
ထိုင်း ဘက်ခြမ်းနဲ့ မြန်မာဘက်ခြမ်းက ဖောက်လုပ်တဲ့
မီးရထားလမ်းနှစ်ခုဟာ ကရင်ပြည်နယ် ၊ ဘုရားသုံးဆူ တောင်ကြားမှာ
ဆုံခဲ့ပါတယ်..။
ဒီရထားလမ်းကြီးအတွက်
အာရှချွေးတပ်သား ( မြန်မာ ၊ မလေး ၊ တရုတ် ၊ ထိုင်း) ဦးရေ
၂၅၀,၀၀၀ ခန့် အထိပါဝင်ခဲ့ပြီးတော့ ....ခန့်မှန်းခြေအားဖြင့် ၈၀,၀၀၀ ကနေ
၁၀၀,၀၀၀ ကြား သေဆုံးခဲ့ရပါတယ်...။
မဟာမိတ် စစ်သုံ့ပန်း ( ဗြိတိသျှ ၊ အမေရိကန် ၊ သြစတြေးလျ ) တွေကတော့
၆၀,၀၀၀ ဝန်းကျင် ပါဝင်ခဲ့ပြီး... ၁၂,၀၀၀ ကျော်မျှ အသက်ဆုံရှုံးခဲ့ပါတယ်။
အဆိုပါ သေမင်းတမန် ရထားလမ်းဟာ
ထိုင်းနိုင်ငံအလယ်ပိုင်း ၊ ရာချာဘူရီခရိုင် ၊ ဘန်ပွန်မြို့ကနေ စတင်ပြီး
မြန်မာနိုင်ငံ ၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ် ၊ သံဖြူဇရပ်မြို့မှာ ဆုံးပါတယ်...။
ရထားလမ်းရဲ့ အရှည်ကတော့ ၂၅၈ မိုင်အထိ ရှိပါတယ်။


0 Comments