ချင်းလဲန်ကောင်စီက
ချင်းတော်လှန်ရေးတပ်ဖွဲ့များ တစ်ခုတည်းသော စစ်တပ်အဖြစ် ရပ်တည်ရန်
တိုက်တွန်း၊ မလိုက်နာပါက ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းမည်ဟုဆို
မေလ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။
ချင်းတော်လှန်ရေး
လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စုစည်းမှုမရှိဘဲ သီးခြားစီ
ဆက်လက်လှုပ်ရှားနေမည့်အစား စနစ်တကျ စုဖွဲ့ထားသည့် "လက်နက်ကိုင်စစ်တပ်
တစ်ခုတည်း" အနေဖြင့် စည်းလုံးညီညွတ်စွာ ရပ်တည်ခြင်းမရှိပါက နောက်နောင်တွင်
ငွေကြေးအကူအညီများနှင့် ထောက်ပံ့မှုများကို ပေးအပ်တော့မည်မဟုတ်ကြောင်း
ချင်းလဲန်ကောင်စီ (Chinland Council) တာဝန်ရှိသူများထံမှ သိရသည်။
လက်ရှိ
ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများအကြား ပိုမိုထိရောက်ပြီး
စနစ်ကျသည့် ကွပ်ကဲမှုစနစ် (Command Structure) တစ်ခု ပေါ်ပေါက်လာစေရန်နှင့်
စစ်ရေးရည်မှန်းချက်များကို စုစုစည်းစည်း အကောင်အထည်ဖော်နိုင်ရန်အတွက်
ယခုကဲ့သို့ စစ်တပ်တစ်ခုတည်းအဖြစ် ရပ်တည်ရေး မူဝါဒကို
ချမှတ်ရခြင်းဖြစ်ကြောင်း ကောင်စီဘက်က အရိပ်အမြွက် ပြောကြားထားသည်။
ချင်းလဲန်ကောင်စီ၏ အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဒေသတွင်း သတင်းရင်းမြစ်တစ်ခုက အောက်ပါအတိုင်း အတည်ပြုပြောဆိုသည်။
"ချင်းတော်လှန်ရေး
အင်အားစုတွေဟာ အကွဲကွဲအပြားပြား ဖြစ်မနေဘဲ စစ်တပ်တစ်ခုတည်းအနေနဲ့ စနစ်တကျ
ရပ်တည်ဖို့ လိုအပ်နေပါပြီ။ ဒါမှလည်း ရန်ပုံငွေနဲ့ ထောက်ပံ့ရေးကိစ္စတွေကို
ထိထိရောက်ရောက် ခွဲဝေနိုင်မှာပါ။ အခုလို ပေါင်းစည်းမှုမရှိရင်တော့
နောက်ပိုင်း ငွေကြေးအကူအညီတွေ ပေးအပ်ဖို့ ခက်ခဲလိမ့်မယ်ဆိုတာ
တာဝန်ရှိသူတွေဘက်က ပြတ်ပြတ်သားသား အသိပေးထားတာ ရှိပါတယ်"
ချင်းပြည်နယ်အတွင်း
စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးကာလတစ်လျှောက်
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များ၊ ချင်းအမျိုးသားတပ်မတော် (CNA) နှင့်
အခြားသော ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းများစွာ ပေါ်ပေါက်ခဲ့ပြီး
နယ်မြေစိုးမိုးရေးနှင့် တိုက်ပွဲဖော်ဆောင်မှုများတွင် အားကောင်းမောင်းသန်
ပါဝင်ခဲ့ကြသည်။
သို့သော်လည်း
ရေရှည်တည်တံ့ခိုင်မြဲမည့် ဖက်ဒရယ်ပြည်နယ် တည်ဆောက်ရေးနှင့်
စစ်ရေးအောင်ပွဲများအတွက် တစ်ခုတည်းသော စစ်ရေးမူဝါဒ၊ တစ်ခုတည်းသော
စစ်တပ်အဖြစ် ပေါင်းစည်းရန် လိုအပ်ချက်မှာ အရေးကြီးသည့် စိန်ခေါ်မှုတစ်ခု
ဖြစ်နေသည်။
ယခု ချင်းလဲန်ကောင်စီ၏
ထုတ်ဖော်ပြောဆိုချက်ကြောင့် ဒေသတွင်းရှိ သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
တော်လှန်ရေးအဖွဲ့အစည်းများအကြား ပေါင်းစည်းရေး ဆွေးနွေးမှုများ
ပိုမိုအရှိန်အဟုန်ပြင်းလာနိုင်သလို၊ ရန်ပုံငွေခွဲဝေမှုနှင့်
စစ်ရေးဦးဆောင်မှု အခန်းကဏ္ဍများတွင်လည်း အပြောင်းအလဲကြီးကြီးမားမား
ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများက
သုံးသပ်နေကြသည်။


0 Comments