About Me

header ads

ဗိုလ်ချုပ်စမစ်ဒွန်း


  

ဗိုလ်ချုပ်စမစ်ဒွန်း (General Smith Dun) ဟာ
မြန်မာ့သမိုင်းမှာ အလွန်ထူးခြားပြီး အရပ်ပုပေမဲ့ စိတ်ဓာတ်မြင့်မားတဲ့ စစ်သားကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။

သူ့ကို "လေးပေဆယ်လက်မ စစ်သူရဲကောင်း" လို့လည်း လူသိများပါတယ်။ သူ့ရဲ့ ဘဝဖြတ်သန်းမှုဟာ ကရင်အမျိုးသားတစ်ဦးအနေနဲ့ရော ၊ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ပါ ဂုဏ်ယူစရာကောင်းသလို စိတ်မကောင်းစရာလည်း အပြည့်ပါပဲ။

လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံရဲ့ ပထမဆုံး စစ်ဦးစီးချုပ်ဖြစ်တဲ့
ဗိုလ်ချုပ်စမစ်ဒွန်းကို ၁၉၀၆ ခုနှစ် ၊ နိုဝင်ဘာ ၁၁ ရက်နေ့
ဧရာဝတီတိုင်း ၊ ကျောင်းကုန်းမြို့မှာ မွေးဖွားခဲ့ပါတယ်။

အဲဒီနောက် ၁၉၂၄ ခုနှစ် အသက် (၁၈) နှစ်အရွယ်မှာ
အိန္ဒိယစစ်တပ်ထဲကို စတင်ဝင်ရောက်ပြီး စစ်မှုထမ်းခဲ့ပါတယ်။
သူ့ရဲ့ စွမ်းဆောင်ရည် ထူးချွန်မှုအတွက် အိန္ဒိယနိုင်ငံ၊ ဒီရာဒွန်း စစ်တက္ကသိုလ်ကို တက်ရောက်ခွင့်ရခဲ့ပြီး ၁၉၃၄ ခုနှစ်မှာ အရာရှိ ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် စမစ်ဒွန်းဟာ ဗြိတိသျှ အိန္ဒိယစစ်တပ်ရဲ့ ပထမဆုံးသော
ကရင်အမျိုးသား အရာရှိကြီးတစ်ဦးပဲဖြစ်ပါတယ်။

စစ်အတွင်း အီတလီတိုက်ပွဲတွေမှာ ပါဝင်ခဲ့သလို
မြန်မာနိုင်ငံကို ဂျပန်တွေဆီကနေ ပြန်သိမ်းတဲ့ စစ်ဆင်ရေးတွေမှာလည်း ရှေ့တန်းကနေပါဝင်ခဲ့ပါတယ်။
ဥပမာ - ဗြိတိသျှ-အိန္ဒိယစစ်တပ်ရဲ့ အမှတ် (၁၇) အိန္ဒိယခြေလျင်တပ်မ (17th Indian Infantry Division) လက်အောက်ခံ အမှတ် (၇) ဂေါ်ရခါး သေနတ်ကိုင်တပ်ရင်း (7th Gurkha Rifles) မှာ အရာရှိတစ်ဦးအနေနဲ့ ထူးချွန်စွာ တိုက်ပွဲဝင်ခဲ့ပါတယ်။

ဗိုလ်ချုပ်စမစ်ဒွန်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ အဓိက တိုက်ပွဲကြီးတွေကတော့
တီးတိန် - တုန်းဇံ တိုက်ပွဲ ၊ အင်ဖာ နှင့် ကိုဟီးမား တိုက်ပွဲ ၊ မိထ္ထီလာမြို့သိမ်း စစ်ဆင်ရေးတိုက်ပွဲ နဲ့ ရန်ကုန်ချီတက်ပွဲတွေမှာပါဝင်ခဲ့ပါတယ် ။
မဟာမိတ်တပ်တွေ ရန်ကုန်ကို မရောက်ခင်မှာပဲ ဗိုလ်ချုပ်စမစ်ဒွန်း ဦးဆောင်တဲ့ နာမည်ကျော် ဂေါ်ရဂါးတပ်တွေဟာ ဂျပန်တပ်တွေကို တိုက်ခိုက်ရှင်းလင်းခဲ့ပါတယ်။

သူ့ရဲ့ တိုက်ပွဲအတွင်း ထူးချွန်မှုကြောင့် ဗြိတိသျှအစိုးရက
Military Cross (MC) ဘွဲ့တံဆိပ်ကို ၁၉၄၄ ခုနှစ်မှာ ချီးမြှင့်ခဲ့ပါတယ်။

အဲဒီနောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့
မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အခါမှာ ဖဆပလ အစိုးရက
ဗိုလ်ချုပ်စမစ်ဒွန်းကို ယုံကြည်စိတ်ချတဲ့အတွက်
မြန်မာစစ်တပ်ရဲ့ ပထမဆုံးသော စစ်ဦးစီးချုပ် (General) အဖြစ် ခန့်အပ်ခဲ့ပါတယ်။

စစ်တပ်အတွင်းက ကွန်မြူနစ်ဝါဒီတွေနဲ့ ဗမာတပ်ရင်းတစ်ချို့
ပုန်ကန်ကြတဲ့အခါ ဗိုလ်ချုပ်စမစ်ဒွန်းဟာ အစိုးရအပေါ် သစ္စာရှိစွာနဲ့ စစ်တပ်ကို ဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့ပါတယ်... ။

ဒါပေမယ့်လည်း.... ၁၉၄၉ ခုနှစ်မှာ ကရင်-ဗမာ လူမျိုးရေးပဋိပက္ခတွေ ပြင်းထန်လာပြီး KNDO က အစိုးရကို တော်လှန်တဲ့အခါမှာတော့
ဦးနုအစိုးရဟာ ဗိုလ်ချုပ်စမစ်ဒွန်းကို ကရင်လူမျိုးဖြစ်နေတဲ့အတွက်
မယုံကြည်တော့ပါဘူး။

ဒါကြောင့်.... ၁၉၄၉ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့
ဦးနုအစိုးရက ဗိုလ်ချုပ်စမစ်ဒွန်းကို ရာထူးကနေ ခွင့်ရက်ရှည် အတင်းအဓမ္မ နားခိုင်းလိုက်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို ဗိုလ်ချုပ်စမစ်ဒွန်းဟာ ဘာမှ ပြန်လည်မတုံ့ပြန်ဘဲ စစ်သားကောင်းပီပီ ရာထူးကနေ ဖယ်ပေးခဲ့ပါတယ်။
ပြီးတော့ အစိုးရက သူ့ကို ကရင်တော်လှန်ရေးထဲ ပါဝင်မလာအောင်
ကရင်အသိုက်အဝန်းနဲ့ဝေးရာ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကလောမြို့ကို
ပို့ဆောင်ခဲ့ပါတယ်။

ဗိုလ်ချုပ်စမစ်ဒွန်းဟာ ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ပြီး
ဥယာဥ်ခြံစိုက်ပျိုးခြင်း ၊ စာရေးခြင်းနဲ့ပဲ ဘဝကို အေးချမ်းစွာဖြတ်သန်းသွားခဲ့ပါတယ်။ မြစ်ကြီးနားမှာ နေထိုင်စဥ်ကာလအတွင်း ရေးသားခဲ့တဲ့
"Memoirs of the Four-foot Colonel" (အရပ်လေးပေ ဗိုလ်မှူးကြီး
တစ်ဦး၏ အမှတ်တရများ) ဆိုတဲ့ သူ့ရဲ့ ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိစာအုပ်ဟာ မြန်မာ့စစ်သမိုင်းအတွက် အလွန်အရေးကြီးတဲ့ မှတ်တမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ၁၉၇၉ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့
မြန်မာစစ်တပ်ရဲ့ ပထမဆုံး စစ်ဦးစီးချုပ်ဖြစ်ခဲ့တဲ့
ကရင်အမျိုးသားကြီး ဗိုလ်ချုပ်စမစ်ဒွန်းဟာ ကလောမြို့မှာပဲ ကွယ်လွန်သွားခဲ့ရပါတယ်။

ဗိုလ်ချုပ်စမစ်ဒွန်းဟာ သူ့ဘဝရဲ့ အခါးသီးဆုံးအချိန်
(ရာထူးကနေ အဓမ္မ ဖယ်ရှားခံရချိန်) မှာတောင် လက်နက်ကိုင်လမ်းစဥ်ကို
မရွေးခဲ့ဘဲ စစ်သားကောင်းပီပီ အမိန့်ကို နာခံရင်း ငြိမ်းချမ်းစွာ နေထိုင်သွားခဲ့ပါတယ်။

သူကွယ်လွန်ချိန်မှာ စစ်သားကောင်းတစ်ယောက်အနေနဲ့ အစိုးရက ဂုဏ်ပြုဖို့ ပျက်ကွက်ခဲ့ပေမဲ့ သမိုင်းမှာတော့ သူဟာ "သစ္စာရှိတဲ့ စစ်သားကောင်း" အဖြစ် အမြဲတမ်း မှတ်တမ်းတင်ခံထားရပါတယ်...။

#ဗိုလ်ချုပ်စမစ်ဒွန်း #ပထမဆုံးစစ်ဦးစီးချုပ် #ကရင်အမျိုးသား #ဦးနုအစိုးရ

Link>>>https://www.facebook.com/photo/?fbid=911348148631431&set=a.102266106206310

Post a Comment

0 Comments