About Me

header ads

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)


 

လွတ်လပ်ရေး ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဟာ
မဖြစ်မနေ လက်နက်ကိုင်ပုန်ကန်ကြမှာပဲ ဖြစ်ပါတယ်...။

ဘာကြောင့်လဲဆိုတာကို
အချက် (၃) ချက်နဲ့ ယေဘုယျ သုံးသပ်နိုင်ပါတယ်။

ပထမအချက်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့
လွတ်လပ်ရေးအပေါ်မြင်တဲ့ "အတု" ၊ "အစစ်" ပြသာနာပါ။

၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက်မှာ
ဖဆပလ အစိုးရကို ဦးနု က ဦးဆောင်ခဲ့ပါတယ်။

ဦးနုနဲ့ ဗြိတိသျှဝန်ကြီးချုပ် အက်တလီတို့ ချုပ်ဆိုခဲ့တဲ့
“နု-အက်တလီ စာချုပ်” အရ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ
မြန်မာပြည် လွတ်လပ်ရေး ရခဲ့ပါတယ်။

ဒါပေမဲ့ သခင်သန်းထွန်း ဦးဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက
ဒီလွတ်လပ်ရေးကို "လွတ်လပ်ရေးအတု” လို့ သတ်မှတ်ခဲ့ပါတယ်။

ဥပမာ - ဗြိတိသျှ စစ်မစ်ရှင်ကို အခြေစိုက်ခွင့် ပေးထားခြင်း နဲ့
ဗြိတိသျှ အရင်းရှင်ပိုင် စီးပွားရေးလုပ်ငန်းတွေကို
ဆက်လက်ခွင့်ပြုထားခြင်းတို့ကို ကွန်မြူနစ်တွေက
"မြန်မာပြည်ဟာ ကိုလိုနီသြဇာမကင်းသေးဘူး" လို့ အဓိပ္ပါယ် ဖော်ခဲ့ကြပါတယ်။

ပြီးတော့ နု - အက်တလီ စာချုပ်ဟာ
ဗြိတိသျှနယ်ချဲ့ နဲ့ ဖဆပလ အလိုတော်ရိတွေ ပေါင်းပြီး
ပြည်သူကို ညာစားတဲ့ လွတ်လပ်ရေး ဖြစ်တဲ့အတွက်
“လွတ်လပ်ရေးအစစ်” ရဖို့ (တစ်နည်းအားဖြင့် ကွန်မြူနစ်စနစ် ထူထောင်ဖို့) လက်နက်ကိုင်တော်လှန်မှ ရမယ်လို့ ယုံကြည်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒုတိယအချက်က နိုင်ငံတကာ ကွန်မြူနစ်စနစ်
(စတာလင်ရဲ့ ဝါဒဖြန့်ချီရေး နဲ့ မူဝါဒချမှတ်ရေးဆိုင်ရာ အကြီးအကဲ Zhadanov ရဲ့ လမ်းစဉ်) တွေအတိုင်း လိုက်နာခဲ့မှုပဲ ဖြစ်ပါတယ်။

ဥပမာ - ၁၉၄၇ ခုနှစ် နှောင်းပိုင်းမှာ
ဆိုဗီယက် ကွန်မြူနစ်ခေါင်းဆောင် Andrei Zhdanov က
ကမ္ဘာကြီးကို ကွန်မြူနစ်အုပ်စုနဲ့ အရင်းရှင်အုပ်စုဆိုပြီး
နှစ်ခြမ်းခွဲခြားလိုက်ပြီး ၊ ကိုလိုနီနိုင်ငံတွေက လွတ်လပ်ရေးလှုပ်ရှားမှုတွေကို ဓနရှင်တွေနဲ့ မဟာမိတ်မလုပ်ဘဲ “လက်နက်ကိုင် ပုန်ကန်တဲ့နည်းလမ်း” နဲ့သာ သိမ်းပိုက်ရမယ်ဆိုတဲ့ လမ်းစဉ်သစ် (Two-Camps Theory) ကို
ချပြခဲ့ပါတယ်။

ပြီးတော့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်
အိန္ဒိယနိုင်ငံ၊ ကာလကတ္တား မြို့မှာ ကျင်းပတဲ့
အရှေ့တောင်အာရှ လူငယ်ညီလာခံကို ဗကပ ခေါင်းဆောင်တွေ
တက်ရောက်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို
မြန်မာပြည်မှာ ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဆိုလိုတာက ဗြိတိသျှက လွတ်လပ်ရေး မပေးဘဲ
မြန်မာပြည်ကို ဆက်အုပ်ချုပ်နေရင်လည်း ကိုလိုနီဆန့်ကျင်ရေးအဖြစ် ကွန်မြူနစ်တွေက ပုန်ကန်မှာဖြစ်သလို....လွတ်လပ်ရေးပေးလိုက်ရင်လည်း
ဓနရှင်အစိုးရ (ဖဆပလ အစိုးရ)ကို ဖြုတ်ချဖို့ဆိုပြီး ပုန်ကန်ကြမှာပဲ
ဖြစ်ပါတယ်...။

တတိယအချက်က ယခုလို လက်နက်ကိုင်တော်လှန်ရေးအပေါ်
အလွန်အမင်း ရူးသွပ်နေကြတဲ့ ကွန်မြူနစ်တွေကို မီးစာထိုးပေးလိုက်သလို
ဖြစ်သွားစေတဲ့ ... ကွန်မြူနစ်ဖမ်းပွဲကြီးကြောင့်ပါ...။

၁၉၄၈ ခုနှစ် ၊ မတ်လအတွင်းမှာ
ဗမာပြည်ကွန်မြူနစ်ပါတီက ဖဆပလ အစိုးရကို ဆန့်ကျင်ကြဖို့
ပြည်သူလူထုနဲ့ အလုပ်သမားတွေကို ဆက်တိုက် လှုံ့ဆော်ခဲ့ပါတယ်...။

ဥပမာ - ၁၉၄၈ ခုနှစ် မတ်လ ၂၇ ရက် (တော်လှန်ရေးနေ့) မှာ
မဟာဗန္ဓုလပန်းခြံမှာ ကျင်းပတဲ့ လူထုအစည်းအဝေးမှာ
သခင်သန်းထွန်းက ဖဆပလ အစိုးရကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဟောပြောခဲ့သလို “လက်နက်ကိုင်လမ်းစဉ်” ကို လူသိရှင်ကြား
အရိပ်အမြွက် ဟောပြောခဲ့ပါတယ်...။

ဒါကြောင့်ပဲ ဝန်ကြီးချုပ်ဦးနုကနေပြီး
ကွန်မြူနစ်ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့
အမိန့်ပေးခဲ့ပါတော့တယ်... ။

ဒါပေမယ့်လည်း ကွန်မြူနစ်တွေဘက်က
သတင်းကြိုရသွားတဲ့အတွက်....
သခင်သန်းထွန်း၊ သခင်ဗသိန်းတင် အစရှိတဲ့ ဗကပ ခေါင်းဆောင်တွေဟာ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက် ညမှာပဲ ရန်ကုန်ကနေ ပဲခူးရိုးမထဲကို
လျှို့ဝှက်ထွက်ခွာသွားကြပြီး လက်နက်ကိုင်ပုန်ကန်မှုကို စတင်ခဲ့ကြပါတယ်။

အားလုံးကို ခြုံငုံပြီးပြောရရင်
ဗမာကွန်မြူနစ်တွေရဲ့ ရည်မှန်းချက်ဟာ
ဗြိတိသျှလက်အောက်က လွတ်မြောက်ဖို့သက်သက် မဟုတ်ဘဲ
မြန်မာပြည်ကို ကွန်မြူနစ်နိုင်ငံတော်အဖြစ် ပြောင်းလဲပစ်ဖို့ပါ...။

အဲဒီခေတ်က ဗကပ တွေရဲ့ Ideology အရ
ဓနရှင်အစိုးရ (ဦးနုအစိုးရ) ကို ရော ၊ နယ်ချဲ့အစိုးရ (ဗြိတိသျှ) ကိုပါ
သူတို့ရဲ့ ရန်သူတွေအဖြစ်သတ်မှတ်ခဲ့ကြတာပါ...။

ဒါကြောင့် မြန်မာပြည် လွတ်လပ်ရေး ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ
ဗမာပြည် ကွန်မြူနစ်တွေဟာ မလွဲဧကန် ပုန်ကန်ကြမှာပဲ ဖြစ်ပါတယ်။

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ
 

Post a Comment

0 Comments