ပလောင်သမိုင်း အပိုင်း (၁၈)
တအန်းတို့ဌာနီတွင် စစ်မှန်သောဗုဒ္ဓဘာသာ ပြန်လည်ထွန်းလင်းတောက်ပလာခြင်း
လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ကျော်ခန့်က ဗုဒ္ဓဘာသာကို ကိုယ်ကွယ်လာခဲ့သော တအန်းလူမျိုးတို့သည် ဖိနှိပ်မှုအမျိုးမျိုးကို ဖြတ်သန်းခဲ့ရမှုကြောင့် မိမိကိုးကွယ်သော ဗုဒ္ဓဘာသာသည်လည်း အမျိုးမျိုး ပြောင်းလဲလာကြောင်း အထက်တွင် ဆိုခဲ့ပြီးဖြစ်သည်။
တအန်းလူမျိုးတို့သည် ဗုဒ္ဓဘာသာကို တောင်ပိုင်း ထေရဝါဗုဒ္ဓဘာသာကို မူလပထမက ကိုးကွယ်လာခဲ့သော်ငြားလည်း ကုန်းမြင့်ပိုင်းဒေသသို့ ပြောင်းရွှေ့အခြေချ နေထိုင်ပြီး နှစ်ပေါင်း (၅၀၀) ကျော်အကြာတွင် တစ်နည်းအားဖြင့် ရွှေ့သွားစော်ဘွားခေတ်အလွန် အင်ဝခေတ် (၁၃၀၀ မှ ၁၅၃၉ အထိ )တွင် တောနေဂိုဏ်းဗုဒ္ဓဘာသာနှင့် ပွဲကျောင်းဂိုဏ်းဗုဒ္ဓဘာသာတို့၏ လွှမ်းမိုးမှုကို စတင်ခံခဲ့ရလေသည်။
အထူးသဖြင့် ကချင်လူမျိုးတို့၏ တိုက်ခိုက်ခံရပြီးနောက် ရွှေသွားစော်ဘွားခေတ်၏ နေမင်းနိုင်ငံတော် ပြိုကွဲမှုနှင့်အတူ တအန်းစာပေလည်း ကွယ်ပျောက်ခဲ့ရာ တအန်းလူမျိုးတို့၏ ဗုဒ္ဓဘာသာကိုးကွယ်မှုထဲ၌ ဂိုဏ်းကဏအမျိုးမျိုး တဖြည်းဖြည်းချင်း ဖြစ်ပေါ်စေခဲ့သည့်အပြင် ဗုဒ္ဓဘာသာနှင့် ရောယှက်သော နတ်ကိုးကွယ်မှုလည်း ပြန်လည်ထွန်းကားလာကြောင်း တွေ့ရသည်။
ဤကဲ့သို့ ဂိုဏ်းဂဏ ကွဲပြားသော ဗုဒ္ဓဘာသာတအန်း လူမျိုးများအကြား၌ အင်းဝမှ လာသော တောနေဂိုဏ်းဗုဒ္ဓဘာသာနှင့် ပွဲကျောင်းဂိုဏ်းဗုဒ္ဓဘာသာအပြင် ခရစ်နှစ် ၁၅၄၂ ခုနှစ်မှစ၍ ထိုင်နိုင်ငံမြောက်ပိုင်း ၊ ချင်းရိုင်ခရိုင်ဒေသမှ အစပြုသော ယွန်းဂိုဏ်းဗုဒ္ဓဘာသာသို့ အပြိုင်အဆိုင် လွှမ်းမိုးလာခဲ့ပြန်သည်။
အေဒီ (၁၄)ရာစု နောက်ပိုင်းမှ စတင်းပြီး ကချင်လူမျိုးတို့၏တိုက်ခိုက်ခံရမှုကြောင့် တအန်းလူမျိုးတို့၏ ရွှေသွားစော်ဘွားခေတ် နေမင်းနိုင်ငံတော် (မိန်းဝမ်း) ပြိုကွဲသောအခါ တအန်းလူမျိုးတို့သည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ ပြန်လည်ဝင်ရောက်အခြေချသည့်နောက် ပိုင်းတွင် အင်းဝမှ လာသော တောနေဂိုဏ်းဗုဒ္ဓဘာသာနှင့် ပွဲကျောင်းဂိုဏ်းဗုဒ္ဓဘာသာတို့ စတင်ဝင်းရောက်လာခဲ့ခြင်း ဖြစ်သည်။
ထိုခေတ်အခါက တအန်းလူမျိုးတို့သည် အများအားဖြင့် ရိုးသားပြီး အသိဥာဏ် နည်းပါးသောကြောင့် ဤမကောင်းသော တောနေဂိုဏ်းနှင့် ပွဲကျောင်းဂိုဏ်းတို့နှင့်အတူ သာဿနာပြုလာပြန်သည်။ ထိုဂိုဏ်းများမှ ရဟန်တော်များသည် ဗုဒ္ဓဟောထားသော ဝိနည်းတော်အတိုင်း မလိုက်နာဘဲ ပုထုဇဉ်တို့၏အကြိုက် ဓားခုတ်၊ မြင်းစီး၊ လှံထိုးနှင့် ဗေဒင်အင်းအိုင်စသော လုဝတ်ကြောင်တို့ တတ်အပ်သောပညာရပ်ကိုသာ သင်ယူလေ့လာကြပြီး မဖွယ်ရာသော အပြုအမူမျာကိုသာ ပြုလုပ်ကြသော ရဟန်းများဖြစ်သည်။
သို့ရာတွင် သီပေါမင်း ပါတော်မူသော ကောဇာသက္ကရာဇ် ၁၂၄၆ ခုနှစ်၊ တပေါင်းလဆန်း (၁)ရက်နေ့မှ စတင်၍ တအန်းတောင်ပေါ်ဒေသ၊ နမ့်ခမ်းမြို့နယ် ၊ မန်စပ်ကျေးရွာ၌ စစ်မှန်သန့်ရှင်းစင်ကြယ်သော ဗုဒ္ဓသာသနာတော် ပြန်လည်ဝင်ရောက်လာကြောင်း တွေ့ရသည်။
မန်စပ်ပွဲကျောင်းဂိုဏ်းရဟန်အဖြစ် (၅)ဝါ ရရှိပြီးဖြစ်သော “ရှင်နန္ဒ” က မိမိရရှိထားသော ရဟန်းသည် ဝိနည်းသိက္ခာပုဒ်နှင့်လျော်ညီသည့် အင်္ဂါးငါးပါးနှင့် ပြည့်စုံသော ရဟန်းမဟုတ်ဘဲ အတုအယောင် ရဟန်းအဖြစ် စိတ်ထဲ၌ မြင်နေသည့်အပြင် ပွဲကျောင်းဂိုဏ်း၏ ဝိနည်းသိက္ခာပုဒ်များနှင့် အကျင့်စရိုက်များကို မကြိုက်မနှစ်သက် ဖြစ်နေခဲ့သည်။
ရတနာပုံမြို့နှင့် အဆက်အသွယ် အသွားအလာရှိသော လက်ဖက်ကုန်သည်များထံမှ မင်းတုန်းမင်းတရားကြီး ကိုးကွယ်သော ရတနာပုံမြို့ (မန္တလေး) တောင်ခြေရှိ ရွှေကျင်ငါးတိုက် ကျောင်းတော်၏သတင်းကို ကြားရပြီးနောက် ထိုကျောင်းသို့ သွားရန်မိမိဆရာ ပွဲကျောင်းဂိုဏ်း၊ ကျောင်းထိုင်ဘုန်းကြီး “ဦးသာဇိန္ဒ” ထံအကြိမ်ကြိမ် ခွင့်ပန်ခဲ့ရာ နောက်ဆုံးတွင် သွားခွင့်ရလေသည်။
ထိုခေတ် ထိုအခါက မန္တလေးရတနာပုံမြို့သို့ လက်ဖက်စိုးနှင့် လက်ဖက်ခြောက်တို့ တင်ပို့ရာမှာ ကုန်းကြောင်းဖြင့် ကုန်တင်နွားသာ အသုံပြုပြီး အပြန်တွင် မိမိလိုအပ်သော ဆား၊ ချည်ထည်နှင့် ကြေးထည်ပစ္စည်းများ အသုံအဆောင်ပစ္စည်းများ ပြန်လည်ဝယ်ယူလာတတ်ကြသည်။ရှင်နန္ဒသည် သွားခွင့် ရရှိသောအခါ မန်စပ်နယ်ပိုင် (တားစဝ်ကန့်)တားဟော်ဆင်၏ စီစဉ်ပေးမှုကြောင့် နယ်ပိုင်၏ညီဖြစ်သူ တားအင်ဆိုင်ကို ကပ္ပိယအဖြစ် လိုက်ပါပြီး တားထမ်းဟုံ အပါအဝင် ရွာသား(၄) ယောက်ကို ရွေးချက်၍ ရှင်နန္ဒနှင့် အဖွဲ့တို့သည် ခြေလျင်ခရီးဖြင့် မိုးမိတ်၊ သပိတ်ကျင်း လမ်းကြောင်းအတိုင်း လာခဲ့ရာ ကောဇာသက္ကရာဇ် ၁၂၄၀ ခုနှစ်၊ ပြာသိုလဆန်း (၆) ရက်မှ ပြာသိုလဆုတ် (၂) ရက်နေ့အထိ (၁၁) ရက်ကြားမြင့်ခဲ့လေသည်။
မန္တလေးရတနာပုံမြို့သို့ ရောက်သော် မဟာမြတ်မိုနိဘုရားကြီးအနီးတွင် နေထိုင်သော ပွဲစားဦးမောင်အို၏ အကူအညီဖြင့် ပထမရွေကျင်ဆရာတော်ဘုရားကြီးကို ဖူးမြော်ခွင့်ရခဲ့လေသည်။ ပွဲစားဦးမောင်အိုသည် ရှမ်းအမျိုးသားဖြစ်ပြီး နမ့်ခမ်းမြို့ ဇာတိဖြစ်သည်။ ဦးမောင်အိုကပင် ပစ္စည်းလေးပ္လါးဒါးယကာအဖြစ် အထောက်အပံ့ပြု၍ ၁၂၄၀ ခုနှစ် ၊ ပြာသိုလဆုတ် (၁၀) ရက် ၊ ကြာသတေးနေ့တွင် ကျေးဇူးတော်ရှင် ပထမရွှေကျင်ဆရာတော်ဘုရားကြီး အရှင်ဘန္ဒန္တဇာဂရ အမှူးပြုထားသော သံဃာတော်များတို့သည် မန္တလေးတောင်ခြေ ရွှေကျင်ဂိုဏ်းချုပ် ရွှေကျင်နိကာလ ပင်ရင်းကျောင်တိုက်ဖြစ်သော မဟာဓမ္မိကာရာမတိုက်အတွင်းရှိ သိမ်တော်ပေါ်၌ ဦးနန္ဒကို သိက္ခာပြန်ထပ် တော်မူလေသည်။
ဦးနန္နသည် ရတနာပုံ (မန္တလေးမြို့) တွင် ပထမရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးနှင့် ဆရာတော်ဘုရားကြီး၏ အားကိုးအားထားပြုရသည့် တပည့်များဖြစ်ကြသော ကျမ်းတတ်အကျော် အမော် ဆရာတော် (၇) ပါးတို့ထံမှ စာပေရိယတ္တိများကို (၆)နှစ်တိုင်တိုင် သင်ယူခဲ့သည်။
၎င်းဆရာတော်များမှာ -
(၁) ကျေးဇူးရှင် ပထမရွှေကျင် သာသနာပိုင် ဆရာတော်ကြီးသည် ဦးနန္န၏ စစ်မှန်သောဥပဇ္စျာယ် ဆရာဖြစ်သည့်အပြင် သာသနာတော်၏ ဝိနည်းစည်းကမ်းနှင့် တွက်ဆလျှင် ပထမဆရာတော်လည်း ဖြစ်ပေသည်။
(၂) ဒုတိယ စာချဆရာတော်သည် ပထမ ထရံကာဆရာတော် ဦးဣန္ဒက ဖြစ်သည်။
(၃) တတိယ စာချဆရာတော်သည် ရခိုင်ဘုန်းကြီး ဦးဂုဏဝါ ဖြစ်သည်။
(၄) စတ္ထု စာချဆရာတော်သည် ရန်ကုန်မြို့ ကျောင်းတော်ရာတိုက်၌ နောင်အခါ တိုက်အုပ် ဆရာတော်ဖြစ်လာသော ဦးသာသန ဖြစ်သည်။
(၅) ပဉ္စမ စာချဆရာတော်သည် ဒုတိယထရံကာဆရာတော် ဦးဂန္ဓမာ ဖြစ်သည်။
(၆) ဆဠမ စာချဆရာတော်သည် တတိယထရံကာဆရာတော် ဦးအစရိယဝံသ ဖြစ်သည်။
(၇) သတ္တမ စာချဆရာတော်သည် ဦးခန္တီတို့ ဖြစ်သည်။
ထိုဆရာတော် (၇) ပါးတို့ထံတွင် ဦးနန္ဒသည် ကောဇာသက္ကရာဇ် ၁၂၄၀ ခုနှစ်မှ ၁၂၄၆ ခုနှစ်အထိ ပညာသင်ကြားခဲ့သည်။
ထိုသို့ ပညာသင်ယူနေဆဲ ကာလမှာပင် ၁၂၄၅ ခုနှစ်၊ တပေါင်းလဆန် (၁) ရက်နေ့တွင် မန်စပ်ကျောင်းဂိုဏ်း ကျောင်းထိုင်ဘုန်းကြီး ဦးသာဇိန္ဒ ပျံလွန်တော်မူသောကြောင့် ၁၂၄၆ ခုနှစ်၊ နတ်တော်လဆုတ်ပိုင်းတွင် နယ်ပိုင်တားအိန်မိုင်း (တားဟောဆင်၏သား) နှင့် ရွာသားများက မန္တလေးရှိ ဦးနန္ဒအား သွားရောက်ပင့်ရန် တားထမ်းဟုံကပင် ဦးဆောင်စေခဲ့သည်။ သွားစဉ်က နမ့်ခမ်း-ဗန်းမော်လမ်းမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းခရီးဖြင့် သွားရောက်ပြီး အပြန်အလမ်းတွင် မေမြို့- လာရှိုးလမ်းဖြင့် ပြန်လာခဲ့ကြောင်း သိရသည်။
စစ်မှန်သော ဗုဒ္ဓတရားတော်ကျမ်းများ၊ စာပေပညာအရာများနှင့် ဝိနည်းသိက္ခာပုဒ်များတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီးဖြစ်သော ဦးနန္ဒသည် ပထမရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီးထံကို မန်စပ်ကျေးရွာမှ ဒကာနှင့် ဒါယိကာမတို့ လာရောက်ပင့်ဆောင်ကြသဖြင့် တောင်ပေါ်ဒေသ၌ တပည့်တော်အား သာသနာတော်ြပုခွင့် ပေးသနာတော်မူပါဘုရားဟု လျှောက်ထားလိုက်လေရာ ဆရာတော်ဘုရားကြီးလည်း ကြည်ဖြူစွာ ခွင့်ပြုတော်မူသဖြင့် ဦးနန္နအဖွဲ့သည် ၁၂၄၆ ခုနှစ်၊ တပို့တွဲလဆန်းပိုင်းတွင် မန္တလေးမှ ပြန်ကြွလာခဲ့ရာ ၁၂၄၆ ခုနှစ်၊ တပေါင်းလဆန်း (၁)ရက်နေ့တွင် မန်စပ်ကျေးရွာသို့ ချောမောစွာ ရောက်ရှိကြသည်။
မန်စပ်ဆရာတော် ဦးနန္ဒသည် မန္တလေးမှ အပြီးအပိုင်း ပြန်ကြွလာသောအခါ ၁၂၄၆ ခုနှစ်၌ပင် ပထမရွေကျင်သာသနာပိုင် ဆရာတော်ကြီး အစရှိသော ရွှေကျင်သာသနာပိုင်ဆရာတော်တို့၏ ဩဝါဒများကို အစဉ်အဆက် ခံယူကျင့်သုံးကာ “ပနန္ဒာရာမတိုက်”ဟူသော တောင်တန်းဒေသ မန်စပ်ပထမ ရွှေကျင်နိကာယ ကျောင်းတိုက်ကို စတင်တည်ထောင်လေတော့သည်။
ပနန္ဒါရာမ၌ ပ-တစ်ပုဒ်၊ နန္ဒ-တစ်ပုဒ်၊ အာရာမ-တစ်ပုဒ်ဟု သုံမျိုးယူထားသည်။ ပ-ကို ပါဠိနှင့်ပလောင်(တအန်း) ဝေါဟာရဖြင့် ပထမဟု အဓိပ္ပာယ် ကောက်ယူ၍ နန္ဒ-ကိုသာသနာပြုကျောင်းတိုက် တည်ထောင်တော်မူခဲ့သော ဦးနန္ဒအား အစွဲပြု၍ ယူထားသည်။ အာရာမ-ကား ကျောင်းတိုက်အာရာမ်ဖြစ်သည်။ ယင်းပနနန္နာရာမတိုက်၏ အနက်အဓိပ္ပာယ်သည် “ရွှေကျင်ဂိုဏ်း ဗုဒ္ဓသာသနာကို တောင်တန်းဒေသ၌ ပထမဦးစွာ စတင်တည်ထောင်တော်မူသော ဆရာတော်ဦးနန္န၏ ကျောင်းတိုက်အာရာမ်” ဟု ဆိုလိုခြင်းဖြစ်သည်။
ဤသို့ဖြင့် ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ရှင်နန္ဒမထေရ်၏ ကြိုးပမ်းအားထုတ်မှုကြောင့် တအန်းတောင်တန်းဒေသပေါ်၌ ကွယ်ပျောက်နေသော ဗုဒ္ဓဘာသာ သာသနာတော်၏ အသက်ဖြစ်သောဝိနည်းတရား တော်နှင့် စစ်မှန်သော ဗုဒ္ဓတရားတော်ကြီးတို့ကို အသစ်တစ်ဖန်ပြန်လည်၍ မွေးဖွားသန့်စင်ပြီး မျိုးစေ့ချနိုင်ခဲ့သည်။
ဆရာတော်ဦးနန္ဒ၏ အားထုတ်ကြိုးပမ်းမှုကြောင့် နမ့်ခမ်းမြိုု့နယ်၊ မန်စပ်ရွာ၊ နမ့်စိတ်ရွာ၊ မန်းပူးရွာ ၊ မန်တက်ရွာ၊ မိုင်းဝီးရွာ၊ လော့နော် (လွမ်းဟော်)ရွာ၊ မန်တုန်မြို့နယ် (ယခင်နမ္မမြို့နယ် ) ၊နာအော်ဒဲ,ရွာနှင့် ဗန်းမော်မြို့နယ် ၊ နောင်ကာရွာတို့သည် ရွှေကျင့်နိကာယတွင် ဖြစ်ကြကုန်၏။ ၁၂၅၀ခုနှစ် ၊ နတ်တော်လဆုတ် (၁၃)ရက်၊ ကြာသတေးနေ့တွင် ဗန်မော်မြို့နယ် ရွှေကျင်သာကာယဝင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဆရာတော် ကျောင်းတော်နေဆရာတော်နှင့် ဆရာတော်ဦးနန္ဒတို့ အမှူးထားသော သံဃာတော် (၁၃)ပါးဖြင့် မန်စပ်ရွားကျောင်း၌ ခဏ္ဍသိမ်ကို သိမ်သမုတ်တော်မူခဲ့ကြသည်။ နောက်ရက်များတွင် နမ့်စိတ်ကျောင်း၌ ခဏ္ဍသိမ်ကို ဆက်လက်၍ သိမ်သမုတ်တော်မူခဲ့ကြသည်။
ထိုနောက် မန်းပူးရွာကျောင်းဝင်အတွင်း၌ ခဏ္ဍသိမ်ကို ၁၂၇၄ ခုနှစ်၊ ပြာသိုလဆန်း (ဂ)ရက်၊ အင်္ဂါးနေ့တွင် လည်းကောင်း ၊ မိုင်းဝီးရွာကျောင်း၌ ခဏ္ဍသိမ်ကို ၁၂၇၄ ခုနှစ်၊ ပြာသိုလဆန်း (၁၀) ရက်၊ ကြာသပတေးနေ့တွင် လည်းကောင်း သိမ်သမုတ်ခြင်းကိစ္စ ပြီးစီးအောင်မြင်တော်မူသည်။ ထိုသိမ်မြေကွက် အားလုံတို့သည် သိန္နီစော်ဘွားကြီးထံမှ အလှူခံ၍ စော်ဘွားကြီးကလည်း စေတနာသဒ္ဓါ အပြည့်အဝနှင့်ပင် လှူဒါန်းပေး ခဲ့သည်။ နောက်ပိုင်းတွင် ဤကဲ့သို့သော ရွှေကျင်နိကာယဝင် ကျေးရွားကျောင်းအသီးသီး၌ ဝိနည်းသိက္ခာပုဒ်နှင့် အညီ ဆက်လက်သိမ်သမုတ် ပေးတော်မူခဲ့လေသည်။
ဆရာတော်ဦးနန္ဒ လက်ထက်မှစ၍ ယနေ့ခေတ်တိုင်အောင် မန္တလေးရှိ ပထမရွှေကျင်ဆရာတော်ကြီး စေလွှတ်၍ ဩဝါဒများကို ခံယူကျင့်သုံးကာ အောက်လက်ငယ်သား တပည့်ကိုရင်ကျောင်းသားများကို နှစ်စဉ်နှစ်တိုင်း မဟာဝိသုဒ္ဓါရုံတိုက်သစ်နှင့် အမြဲတမ်း အဆက်သွယ် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
မန်စပ်ဆရာတော်ဦးနန္ဒသည် မန်စပ်ကျောင်း၌ သီတင်းသုံးပြီးရွှေကျင်ဂိုဏ်း ထေရဝါဗုဒ္ဓသာသနာတော်ကို ပြုစုပျိုးထောင်ချိန်တွင် မိမိထံ၌ နိသျှည်းခံယူပြီးနောက် ဒေသအသီးသီး၌ သာသနာ့တာဝန်ကို ကိုယ်စီကိုယ်ငှ ထမ်းဆောင်ခဲ့ကြသော အန္တေဝါသိက အနီးနေထင်းရှားသော တပည့်ကျော်များမှာ -
(၁) မန်စပ်ဘုန်းကြီး ဦးပညာသာရနှင့် ဦးဣန္ဒက၊
(၂) နမ့်စိတ်ဘုန်းကြီး ဦးကုမာရနှင့် ဦးနာရဒ၊
(၃) မန်းပူးဘုန်းကြီး ဉီးဇာလိန္ဒ၊
(၄) မိုင်းဝီးဘုန်းကြီး ဦးမဟိန္ဒနှင့် ဦးဩဘာသ ၊
(၅) မန်တက်ဘုန်းကြီး ဦးခေမိန္ဒ၊
(၆) လော်နော်ဘုန်းကြီး ဦးပညာ၊
(၇) နောင်ကာဘုန်းကြီး ဦးဇယန္တတို့ ဖြစ်သည်။
မန္တလေးမှ ပထမရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီး တောင်တန်းဒေသ၌ ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်နှင့် ရွှေကျင်ဂိုဏ်းသာသနာကို ဆထက်ထမ်းပိုးတိုး၍ ထွန်းလင်းတောက်ပစေရန် ကြိုးပမ်းဆောင်ရွက်နေသော မန်စပ်ဆရာတော်ဘုရားကြီး ဦးနန္ဒအား သာသနာပြုဘွဲ့တံဆိပ်တော်ကို ၁၂၅၀ ပြည့်နှစ် ၊ တပေါင်းလဆန်တွင် ချီးမြှင့်ပေးတော်မူခဲ့သည်။
ထိုသာသနာပြုဘွဲ့တံဆိပ်တုံးသည် သံဖြင့် ပြုလုပ်၍ တံဆိပ်တုံးပေါ်တွင် “နန္ဒဘိဓဇ သာသနပါလ ရာဇာတိရာဇဂုရု” ဟူသော စာလုံးများကို ထွင်းထားကြောင်း သိရသည်။
မန်စပ်ဆရာတော်ဦးနန္ဒ ပျံလွန်တော်မူသောအခါ ထင်ရှားသော ကျမ်းပြုဆရာတော်နှစ်ပါးသည် ဦးဇလိန္ဒနှင့် ဦးမဟိန္ဒ ဖြစ်သည်။
မန်းပူးဆရာတော် ဦးဇလိန္ဒသည် ပနန္ဒာရာမတိုက်၏ ဒုတိယမြောက် နာယကဆရာတော် ဖြစ်လာပြီးနောက် ပနန္ဒာရာမ တိုက်ကျောင်းများ ဖြစ်ကြကုန်သော မန်စပ်ကျောင်း၊ နမ့်စိတ်ကျောင်း၊ မန်းပူးကျောင်းနှင့် မိုင်းဝီးကျောင်းတို့ကို (၂၆) နှစ်အတိုင်တိုင် အုပ်ချုပ်ခဲ့၏ ။ ထို(၂၆) နှစ်အတွင်း၌ သာသနာရေးကိစ္စများကို ဆောင်ရွက်ယင်း ဗုဒ္ဓဘာသာအကျိုးပြု၍ ဗုဒ္ဓကျမ်းဂန်စာပေများကို ရှမ်းဘာသာဖြင့် အောက်ပါစာအုပ်များကို ရေးသားပြုစုခဲ့သည်။
(၁) ပါစိတ် အဆုံးအဖြတ်ကျမ်း၊
(ဤကျမ်းသည် သိနန္နီစော်ဘွားကြီး ကိုယ်တိုင် တောင်ပန် လျှောက်ထား၍ ရေးသားထားသော ကျမ်းသည်၊၊)
(၂) သောတမာလာကျမ်း (ပ၊ ဒု)၊
(၃) ဇမ္ဗုပတိမင်းချွတ်ခန်းကျမ်း၊
(၄) ဓမ္မာဝုတ္တာလင်္ကာရကျမ်း၊
(၅) ဓမ္မာပဒဝတ္ထု၊
(၆) ဓမ္မမူလဝိသောဓနီကျမ်းတို့ဖြစ်သည်။
မန်းပူးဆရာတော်ဦးဇလိန္ဒ ပျံလွန်တော်မူသောအခါ မိုင်းဝီးဆရာတော် ဦးမဟိန္ဒသည် တောင်တန်းသာသနာပြုရာ ပနန္ဒါရာမတိုက်၏ တတိယမြောက် နာယဆရာတော်တစ်ပါး ဖြစ်လာခဲ့သည်။ မိုင်းဝီးဆရာတော် ဦးမဟိန္ဒသည် ဝိနည်းအရာတွင် ကျွမ်းကျင်ပြီး လိုက်နာကျင့်သုံး၏ ဝိနိစ္ဆယ၌ ကျွမ်းကျင်တော် မူရုံမျှမက ဝီရိယကြီးမာသော ဆရာတော်ဖြစ်သောကြောင့်လည်း ပရိယတ္တိသာသနာနှင့် ပဠိပတ္တိသာသနာနှစ်မျိုးလုံးကို အားပေးကြည့်ရူတော်မူခဲ့သည်။
သိန္နီစော်ဘွားကြီးသည် မန်းပူးဆရာတော် ဦးဇလိန္ဒအား “ဂိုဏ်းအုပ်” ဆရာတော်အဖြစ် ခန့်အပ်ပူဇော်သောအခါ မိုင်းဝီးဆရာတော် ဦးမဟိန္ဒကိုလည်း “ဂိုဏ်းထောက်” ဆရာတော်အဖြစ် ၁၃၀၀ ပြည့်နှစ်၊ တန်ခူးလဆန်း (၂) ရက် ၊ အင်္ဂါနေ့တွင် ခန့်အပ်ပူဇော်ခဲ့ပြီးဖြစ်သည်။ ထိုအတူ ကျိုက်လတ်မြို့၊ ပစ္ဆိမာရံ သာသနာပိုင်ဆရာတော်ကြီးကလည်း “ဂိုဏ်းထောက်” ဆရာတော်အဖြစ် ခန့်အပ်သော စာတစ်စောင်ကို တောင်တန်းရွှေကျင်သာသနာပိုင်ဟု ဆို၍ ဝမ်းအိုဝမ်း (ခ) ကချင်ရိန်းဂျားအဖွဲ့က သတ်ဖြတ်ရန် သဲကြီးမဲကြီး လိုက်လံရှာဖွေနေခဲ့သည်။
မန်းပူးရွာအထက်ဘက်ရှိ ဆီတုံ- ဆီတန့်တောထဲတွင် ဆရာတော်ဘုရားကြီးကို ကြည်ညိုလေးစား သော တရုတ်အမျိုးသာ ဦးအိုက်လောခူးဆိုသူက စောင့်ရှောက်ထားရာမှ နောက်ပိုင်တွင် နမ့်စိတ်ကျေးရွာမှ ဒါယကာနှင့် ဒါယိကာမများ လာရောက်ပင့်ဆောင်၍ နမ့်စိတ်ကျေးရွာအတွင်းတွင် ပုန်းရှောင် သီတင်းသုံးနေထိုင်တော်မူခဲ့သည်။
စစ်ပြီးသောအခါ မန်းပူးကျောင်းတွင် ပြန်လည်းသတင်းသုံးနေ ထိုင်ရန် မန်းပူးကျေးရွာမှ ဒါယကာ ဒါယိကာမများက လည်းကောင်း၊ သိန္နီမြိုု့တွင် သတင်းသုံးနေထိုင်ရန် သိန္နီစော်ဘွားကြီက လည်းကောင်းအသီးသီး လာရောက်ပင့်ဆောင်သော်လည်း မည်သည့်ဘက်မှ မလိုက်ဘဲ ပျံလွန်တော်မူသည်အထိ နမ့်စိတ်ရွာ ကျောင်းပင်၌ သတင်းသုံးတော်မူခဲ့သည်။
မန်းပူးဘုန်းကြီးကျောင်း၌ ကျန်ရစ်သော ရဟန်းငယ် ဦးပညာတစ်ပါးတည်းသာ ကျေးရွာအရှေ့တောင်ဘက်ရှိ တောရ (ကမ္မဠာန်း) ကျောင်းထဲတွင် ပစ်သတ်ခံရပြီး ဘုန်းကြီးကျောင်းနှင့် ရွာကိုလည်း မီးရှိ့ခံခဲ့ရသည်။ မိုင်းဝီးဆရာတော်ဦးမဟိန္ဒလည်း ပန်ဟန်ကြီးကျေးရွာ တောထဲတွင် ဒုတိယကမ္ဘာစစ်အတွင်း ကာလတစ်လျှောက်လုံး ပင်ပန်းဆင်းရဲစွာ ပုန်းရှောင်နေခဲ့ရသည်။
မိုင်းဝီးဆရာတော်ဦးမဟိန္ဒသည် ရွှေကျင်သာသနာပြုရာဌာနဖြစ်သော ပနန္ဒာရာမတိုက်ကို (၁၀) နှစ်တိတိ အုပ်ချုပ်တော်မူခဲ့သည်။ မိုင်းဝီးဆရာတော် ဦးမဟိန္ဒသည် သာသနာတော် စည်ပင်ပြန့်ပွားရေးနှင့် တောင်တန်းဒေသ၌ ရွှေကျင်နိကာယ သာသနာတည်တံ့ခိုင်မြဲစေရန်အတွက် ရည်ရွယ်၍ ရှမ်းဘာသာဖြင့် ရေးသားထားသော အောက်ပါကျမ်းများကို ပြုစုထားတော်မူခဲ့သည်။
(၁) စတုပါရိသုဒ္ဓိဒီပနီကျမ်း (ပ၊ ဒု၊ တ)၊
(၂) ဝိနည်းပါစိတ်ကျမ်း ၊
(၃) ဒါန သီလ ဘာဝဒီပနီကျမ်း၊
(၄) ရှမ်းကျင့်ဝတ် တို့ဖြစ်သည်။
အထက်ပါ ဆရာတော်ဘုရားကြီးနှစ်ပါး ရှမ်းဘာသာဖြင့် ပြုစုရေးသားထားသော ဗုဒ္ဓဘာသာ စာပေကျမ်းဂန်းများကို မြန်မာနိုင်ငံလုံဆိုင်ရာ ရှမ်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီအဖွဲ့ဝင် လူကြီးများက ဆရာတော်နှစ်ပါး၏ ကိုယ်ရေးအတ္ထုပ္ပတ္တိများနှင့်အတူ လာရောက်ယူဆောင်သွားပြီးဖြစ်ကြောင့် သိရသည်။
မိုင်းဝီးကျောင်းမှ ဦးဩဘာသ၊ မန်တက်ကျောင်းမှ ဦးခေမိန္ဒ၊ လော့နော် (လွမ်းဟော်) ကျောင်းမှ ဦးပညာနှင့် နောင်ကာကျောင်းမှ ဦးဇယန္တာတို့ပျံလွန်တော်မူပြီးနောက်ပိုင်းတွင် တောနေဂိုဏ်းနှင့် ပွဲကျောင်းဂိုဏ်းတို့ ပြန်လည်းအားကောင်း လာသဖြင့် ထိုဂိုဏ်းများတို့၏ ဘုန်းကြီးများက ပြန်လည်းသိမ်းပိုက်လိုက်သောကြောင့် ၎င်းကျောင်းတို့သည် ရွှေကျင်နိကာယာဝင်ကျောင်းမဟုတ်တော့ဘဲ မူလ တောနေဂိုဏ်းနှင့် ပွဲကျောင်းဂိုဏ်း ကျောင်းအဖြစ် ဝမ်းနည်းဖွယ် ပြန်၍ သက်ဆင်းကုန်ကြ၏ ။
သို့သော် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ရွှေကျင်နိကာယဝင် မဟုတ်သော ယွန်းဂိုဏ်းနှင့် ပွဲကျောင်းဂိုဏ်းများတို့၏ ကျောင်းထိုင်ဘုန်းကြီးတို့သည် မိမိလက်အောင်ငယ်သား ကိုရင်ကျောင်းသားတို့ကို မြန်မာပြည်အနှံ့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်၊ ပခုက္ကူ၊ မြင်းခြံနှင့် ဗန်းမော်စသည့် မြို့ကြီးများသို့ ပရိယတ္တိနှစ်ဖြာသော ဗုဒ္ဓစာပေပညာများကို သွားရောက်သင်ကြားရန် စတင်စေလွတ်ရာမှ ဗုဒ္ဓ၏စစ်မှန်သောတရားနှင့် ဝိနည်းတော်ကို တိကျလိုက်နာလာကြ၍ ယွန်းဂိုဏ်းလည်း တဖြည်းဖြည်းချင်းနှင့် သန့်ရှင်းစင်ကြယ်သော ယွန်းဂိုဏ်းဗုဒ္ဓဘာသာအဖြစ်သို့ ပြန်လည်ရောက်ရှိလာကာ ဒေသခံပြည်သူခံပြည်သူလူထု၏ ကိုးကွယ်ယုံကြည်မူလည်း ပိုမို၍နက်ရှိုင်းလာပြီး ကြည်ညိုသဒ္ဓါများ တိုးပွားလာကြသည်။
တောနေဂိုဏ်းနှင့် ပွဲကျောင်းဂိုဏ်းများသည် များသောအားဖြင့် ထေရဝါဗုဒ္ဓဘာသာ သုဓမ္မာဂိုဏ်းသို့ ကူပြောင်းသွားကြကာ တအန်းတောင်တန်း ဒေသပေါ်၌ စင်ကြယ်သော ဗုဒ္ဓသာသနာတော်ကို ပိုမို၍ ထွန်းလင်းတောက်ပလာရတော့ပေသည်။ တအန်းတောင်တန်းဒေသပေါ်သို့ စစ်မှန်သော ဗုဒ္ဓဘာသာရွှေကျင်သာသနာတော်၏ ရောင်ဝါကို နေလပမာ ပြန်လည်ထွန်းလင်း တောက်ပသည့် ကောဇာသက္ကရာဇ် ၁၂၄၆ ခုနှစ်၊ တပေါင်လဆန်း (၁) ရက်နေ့မှစ၍ တွက်တော် သက်တမ်းအားဖြင့် နှစ်ပေါင်း (၁၃၀) တင်းတင်းပြည့်ပြီ ဖြစ်ကြောင်းတွေ့ရသည်။
အားလုံးနီးပါးသော တအန်းလူမျိုးတိုင်းသည် ဗုဒ္ဓဘာသာ တစ်ခုတည်းကိုသာ လျှင် ကိုးကွယ်ကြပြီး တအန်းအိမ်များတွင် ဗုဒ္ဓဘုရားစင်းများသာ ရှိသည်။
ဗမာနှင့် ရှမ်းကျေးရွာကဲ့သို့ ရွာစောင့်နတ်စင် (စဝ်မိန်း) များထားသော တအန်းကျေးရွာသည် ယွန်းဗုဒ္ဓဘာသာကိုးကွယ်နေသေးသည့် ကျေးရွာအချို့၌သာ တွေ့ရှိရသည်။ ထို့ကြောင့် ယွန်းဗုဒ္ဓဘာသာကို ကိုးကွယ်နေသေးသော တအန်းကျေးရွားများသာလျှင် တစ်နှစ်လျှင် တစ်ကြိမ်ကျ ရွာစောင့်နတ် ၊ လယ်ယာစောင့်နတ်၊ သမ္မာဒေဝနတ်များအား ပူဇော်ပသလေ့ရှိသည်။ သို့သော် မြေပြန်ဒေသ ဗမာလူမျိုးများကဲ့သို့ နတ်ကနားပေးခြင်း နတ်ပွဲကြီးကျင်ပ ပေးခြင်းမျိုးမတွေ့ရဘဲ ထုံးတမ်းဓလေ့မျှသာ ဖြစ်ပြီး ကြီးကျယ်ခမ်းနားစွာ မကျင်ပကြပေ။
ရှမ်းမြောက်ဒေသနှင့် EAOs သမိုင်းလေ့လာစုစည်းနေသူ
MMSL Tsa Lum
16/5/2026
Crd to မိုင်းအိုက်ကော် ( မူရင်းစာရေးသူ )


0 Comments