သမ္မတရှီ အာဏာရလာစဉ်ကတည်းက လူထုထောက်ခံမှုမြင့်မားလာစေရန် အဂတိတိုက်ဖျက်ရေးများကို အစဉ်ဆက်မပြတ်ပြုလုပ်ရာ၌ သာမန်အရပ်ဘက်ဝန်ထမ်းအရာရှိများအပြင် တပ်တွင်းအရာရှိများကိုပါ ထိထိရောက်ရောက် ကိုင်တွယ်လာခဲ့ပါတယ်။ ဒါဟာ နိုင်ငံကောင်းစားရန်ပြုလုပ်ကြောင်း ထင်ခဲ့သော်လည်း တကယ်က သူ့အာဏာစက်အတွင်း တည်ဆောက်တာဖြစ်လာပါတယ်။
စစ်တမ်းများအရ လွန်ခဲ့သည့် (၄)နှစ်ဖြစ်သည့် ၂၀၂၂ မှ ၂၀၂၃ ခုနှစ်အတွင်း တရုတ်စစ်တပ်၏ အရာရှိဦးရေ (၁၀၀)ကျော်အထိ သမ္မတရှီလက်ဖြင့် အဖြုတ်ခံခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း သမ္မတရှီဟာ တရုတ်စစ်တပ်အတွင်းရှိ နောက်ထပ် အရာရှိ (၁၄)ဦးကို ဖြုတ်ပစ်ခဲ့ပြန်ပါတယ်။ ထို (၁၄)ဦးအနက် (၉)ဦးကို ကြေညာချက် အမိန့်တစ်စောင်တစ်ခုတည်းမှာတင်ဖြုတ်ခဲ့တာဖြစ်ပါတယ်။
ထိုအနက် တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးဖြစ်သည့် Wei Fenghe နှင့် Li Shangfu တို့နှစ်ဦးလည်းအပါအဝင်ဖြစ်ပါတယ်။ ၎င်းတို့ ဗိုလ်ချုပ်ကြီး (၂)ဦးစလုံးကို (၂၂)လကြာ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် စစ်ဘက်တရားရုံးတစ်ခုမှ ပထမဆုံးအကြိမ်ရုံးတင်စစ်ဆေးခဲ့ရာ၌ (၂)နှစ်ဆိုင်းငံ့ပေးမည့် ေ သဒဏ်အထိချမှတ်စီရင်ခဲ့ပါတယ်။ တရုတ်သတင်းဌာန Xinhua ၏ ဖော်ပြချက်အရ ထိုဗိုလ်ချုပ်ကြီးဟောင်း နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့သော်လည်း တိုက်ရိုက်ကွပ်မျက်တာမျိုးမဟုတ်ဘဲ တစ်သက်တစ်ကျွန်းအနေဖြင့် ပြောင်းလဲရန်ရှိကြောင်းဆိုပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ထုတ်ပြန်ချက်အရ ၎င်းကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးစလုံးဟာ တာဝန်ထမ်းဆောင်စဉ်အတွင်း တပ်တွင်း၌ အဂတိလိုက်စားခြင်းနှင့် တရုတ်အမျိုးသားအကျိုးစီးပွားအပေါ် သစ္စာမဲ့သည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် ယခုလို ဖမ်းဆီး တရားစီရင်ရခြင်းဖြစ်ကြောင်းသိရပါတယ်။ ထိုနှစ်ဦးအနက် ဗိုလ်ချုပ်ကြီး Wei Fenghe ဟာ တပ်တွင်း၌ လာဘ်ငွေများရယူခြင်း၊ အခြားသောအရာရှိများကို လာဘ်ငွေပြန်ပေးခြင်းများကျူးလွန်ခဲ့သည်ကို သက်သေအထောက်အထားခိုင်လုံစွာတွေ့ခဲ့ရကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာန Xinhua ၏ အစီရင်ခံစာ၌ ပါရှိပါတယ်။
သမ္မတရှီဟာ လွန်ခဲ့သည့်လက ပြုလုပ်ခဲ့သော တရုတ်အစိုးရ၏ ထိပ်ပိုင်းအစည်းအဝေးတစ်ခု၌ ၎င်းအနေဖြင့် အဂတိမှုတိုက်ဖျက်ရေးစီမံကိန်းကို အရှိန်ဟုန်မပျက်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ထို့အပြင် သမ္မတရှီမှ အစိုးရအဖွဲ့တွင်းအဂတိ လိုက်စားမှုနှင့် သစ္စာဖောက်မှုများကို အရေးကြီးသော ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားရသည့်အကြောင်းအရင်းမှာ မိမိဘာသာ ချမ်းသာကြွယ်ဝလိုသည့် သွေးဆောင်ဖျားယောင်းမှုဟာ ကွန်မြူနစ်ပါတီနှင့် ခေါင်းဆောင်ရှီအပေါ် သစ္စာစောင့်သိမှုအားနည်းစေခြင်းကို ဖြစ်ပေါ်စေခြင်းကြောင့်ဖြစ်ကြောင်းဆိုပါတယ်။
ထိုဖြစ်ရပ်အပေါ် ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၌ ယခင်က တရုတ်စစ်လက်နက်ဆိုင်ရာ အကြံပေးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော Nien-Dzu Yang ၏ မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
" ဒီစွပ်စွဲချက်တွေဂာ တကယ့် အစစ်အမှန် အဂတိလိုက်စားမှုတွေလည်းဖြစ်နိုင်သလို နိုင်ငံရေးနည်းဗျူဟာတစ်ခုလည်းဖြစ်နေနိုင်ပါတယ်။ ဒီလိုတပ်ရဲ့ အကြီးတန်းထိပ်ပိုင်းခေါင်းဆောင်နှစ်ယောက်ကို ရာထူးကနေ ဆိုင်းငံ့ပြီး သေဒဏ်ချမှတ်တာဟာ သမ္မတရှီကျင့်ဖျင်အနေနဲ့ တရုတ်စစ်တပ်ကို ပိုပြီး ထိထိရောက်ရောက်ကိုင်တွယ်ထိန်းချုပ်လို့ရသွားတဲ့အကြောင်းပြချက်တစ်ခုဖြစ်ပါတယ်။"
ထိုကြောင့် လက်ရှိတရုတ်စစ်တပ်အတွင်း၌ တစ်ခါမျှမကြုံခဲ့ဖူးသည့် တပ်တွင်းထိပ်ပိုင်းခေါင်းဆောင်များအကြား စိုးရိမ်မှုမြင့်တက်ပြီး တပ်တွင်းမငြိမ်သက်စေနိုင်သည့် လုပ်ရပ်မျိုးကို သမ္မတရှီမှ ဆက်တိုက်လုပ်ဆောင်နေကြောင်း အနောက်တိုင်း သတင်းဌာနအများစုမှ ဝေဖန်ထားကြပါတယ်။
အထူးသဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးခံ နေခဲ့ရသည့်
ဗိုလ်ချုပ်ကြီး Zhang Youxia
ဟာ သမ္မတရှီအား လက်ရှိ တရုတ်စစ်တပ်၏အနေအထားဖြင့် ထိုင်ဝမ်ကိုကျူးကျော်ရန် မသင့်သေးကြောင်း ပွင့်ပွင့်လင်းလင်း အကြံပေးထောက်ပြခဲ့သည်ဟု သတင်းအချို့ကဆိုပါတယ်။ ထိုသို့ သမ္မတရှီ၏ အလိုဆန္ဒကိုပိတ်ပင်သလိုဖြစ်ခဲ့တာကြောင့် ၎င်းကို အဂတိလိုက်စားမှု၊ စစ်တပ်၏ စည်းမျဉ်းဥပဒေများကိုချိုးဖောက်မှု စသည်တို့ဖြင့် စွဲချက်တင်စစ်ဆေးနေပါတယ်။
တာဝန်မှ ရပ်နားမခံရမှီ၌ တရုတ်စစ်တပ်၏ အမြင့်ဆုံးရာထူးတစ်ခုဖြစ်သည့် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌ ရာထူးကို ယူခဲ့သည့် ဗိုလ်ချုပ်ကြီး Zhang Youxia ဟာ ရုံးပိုင်းမှ တက်လာလေ့ရှိသော တရုတ်စစ်တပ်၏ အရာရှိများအနက် တိုက်ပွဲကိုအမှန်တကယ်ဝင်တိုက်ဖူးသည့် အရာရှိကြီးအနည်းအငယ်အနက်တစ်ဦးဖြစ်ပါတယ်။
၎င်းဟာ
- ၁၉၇၉ ၌ဖြစ်ပွားခဲ့သည့် Sino‑Vietnamese စစ်ပွဲ နှင့်
- ၁၉၈၄ ၌ဖြစ်ပွားခဲ့သည့် Laoshan တိုက်ပွဲ
စသည့်တိုက်ပွဲများ၌ ရှေ့တန်းမှ ရဲဝံ့စွာဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွေ့အကြုံရ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပါတယ်။
ယခု ၎င်းဟာလည်း တရုတ်စစ်တပ်၏ စစ်ခုံရုံး၌ ရုံးတင်စစ်ဆေးတာကိုခံနေရပြီဖြစ်ပါတယ်။ ထိုကြောင့် သမ္မတရှီဟာ ဘေးရှိ အတွေ့အကြုံရှိ စစ်ဗိုလ်ချုပ်ကြီးများ၏ ထိုင်ဝမ်အပေါ်အကြံပေးမှုများကို လျစ်လျူရှုကာ မိမိသဘောဖြင့် ဝင်တိုက်မည့် အရိပ်အယောင်ရှိကြောင်းနှင့် ထိုအချိန်၌ ခေတ်သစ်တိုက်ပွဲများ၌ တစ်ခါမျှ ဝင်မတိုက်ဖူးသေးသော တရုတ်စစ်တပ် PLA ကို မည်သူက စနစ်တကျကွပ်ကဲကိုင်တွယ်နိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။



0 Comments