ထိုသို့ဖြစ်ပါက ဇိုမီးတို့ ချင်းပြည်၏ အဆုံးအဖြတ်ပေးနိုင်သူများ ဖြစ်လာနိုင်
မေ ၂၀၊ ၂၀၂၆
ချင်းပြည်နယ်တောင်ပိုင်း၏ မဟာဗျူဟာမြောက် အချက်အချာကျသော မတူပီမြို့အထိ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) နှင့် စစ်ကော်မရှင်တို့၏ နယ်မြေစိုးမိုးမှုနှင့် ထိန်းချုပ်မှုအာဏာ သက်ရောက်လာနိုင်ဖွယ်ရှိကြောင်း ဒေသတွင်းစစ်ရေးနှင့် နိုင်ငံရေးအခြေအနေများကို စောင့်ကြည့်လေ့လာသူ တစ်ယောက် မှ သုံးသပ်ထားသည်။
လတ်တလော ချင်းပြည်နယ်အတွင်း ရွေ့လျားနေသော စစ်ရေးလှုပ်ရှားမှုများ၊ တပ်ပေါင်းစုဖွဲ့စည်းပုံများနှင့် နယ်မြေစိုးမိုးမှု အခင်းအကျင်းသစ်များအရ ZRA နှင့် စစ်ကော်မရှင်တို့သည် ၎င်းတို့၏ စစ်ရေး၊ အုပ်ချုပ်ရေးယန္တရားကို မတူပီမြို့အထိ တိုးချဲ့အခြေစိုက်လာနိုင်သည့် အလားအလာ အထင်အရှားရှိနေကြောင်း ၎င်းက ထောက်ပြထားခြင်း ဖြစ်သည်။
ချင်းပြည်အနာဂတ် အာဏာချိန်ခွင်လျှာနှင့် ဇိုမီးတို့၏ အခန်းကဏ္ဍ
သုံးသပ်ချက်အရ အကယ်၍ မတူပီမြို့နယ်တစ်ခုလုံးကို ZRA နှင့် စစ်ကော်မရှင်တို့က ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့လျှင် ချင်းပြည်နယ်၏ ရေရှည်နိုင်ငံရေးနှင့် စစ်ရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ကြီးမားသော အလှည့်အပြောင်းတစ်ရပ် ဖြစ်ပေါ်လာမည်ဖြစ်သည်။
မတူပီမြို့အား စိုးမိုးနိုင်ခြင်းသည် လက်ရှိတော်လှန်ရေးကာလသာမက
တော်လှန်ရေးအလွန် ကာလများတွင်ပါ ဇိုမီး (Zomi) လူမျိုးများအနေဖြင့် ချင်းပြည်၏ စစ်မှန်သော အရှင်သခင် သို့မဟုတ် အနာဂတ်ဗဟိုချက်ကို စိတ်ကြိုက်ပုံဖော် အဆုံးအဖြတ်ပေးနိုင်မည့် အဓိကအင်အားစု ဖြစ်လာစေလိမ့်မည်ဟု စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများအကြား ရှုမြင်သုံးသပ်မှုများ ရှိနေသည်။
စစ်ရေးအရ သော့ချက်ကျပြီး တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့အသီးသီးက နယ်မြေစိုးမိုးရန် အားပြိုင်နေသည့် မတူပီဒေသတွင်း ZRA ၏ စစ်ရေးခြေလှမ်းများနှင့် စစ်ကော်မရှင်၏ ပြင်ဆင်မှုများသည် ချင်းပြည်နယ်တောင်ပိုင်းသာမက တစ်ပြည်နယ်လုံး၏ သြဇာအာဏာချိန်ခွင်လျှာကိုပါ ရိုက်ခတ်စေနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။
လက်ရှိတွင် မတူပီမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် အခြားချင်းတော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးအားပြိုင်မှု နှင့် နယ်မြေစိုးမိုးရေး ပြိုင်ဆိုင်မှုများ ရှိနေဆဲဖြစ်ရာ၊ ZRA နှင့် စစ်ကော်မရှင်တို့၏ ရှေ့ဆက်မည့် အုပ်ချုပ်ရေးဆိုင်ရာ အကောင်အထည်ဖော်မှုများနှင့် စစ်ရေးလှုပ်ရှားမှုများသည် အထူးစောင့်ကြည့်ရမည့် ဖြစ်စဉ်တစ်ခု ဖြစ်လာနေပါသည်။


0 Comments