About Me

header ads

ချင်းမိုင်ကပေးတဲ့ ယဉ်ကျေးမှုသင်ခန်းစာ

 


 🩷ချင်းမိုင်ကပေးတဲ့ ယဉ်ကျေးမှုသင်ခန်းစာ 🍀🩷💛

✍️ကျနော့အတွေး ကျနော့အမြင်လေးတွေ လေ့လာသင်ယူရင်း မျှဝေပေးလိုခြင်းအတွက်သာ။

🌍ဒီနေ့ခေတ် ကမ္ဘာကြီးမှာ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်ရင် စက်မှုဇုန်တွေ၊ စီးပွားရေးလုပ်ငန်းတွေဆိုတဲ့ (Hard Power) အပြင် ယဉ်ကျေးမှု၊ အနုပညာနဲ့ နေထိုင်မှုပုံစံတွေကို အခြေခံတဲ့ (Soft Power) ဆိုပြီး ကဏ္ဍနှစ်ရပ်နဲ့ တွေ့မြင်နိုင်ပါတယ်။

✅ထိုင်းနိုင်ငံဟာ ဒီအချက်နှစ်ခုစလုံးကို ဟန်ချက်ညီညီ အသုံးချနိုင်တဲ့ နိုင်ငံတစ်ခုလို့ ဆိုရမှာပါ။

🏭ဘန်ကောက်မြို့တော်နဲ့ အရှေ့ပိုင်းစီးပွားရေးစင်္ကြံ (EEC -Eastern Economic Corridor ) လို ဒေသတွေက မိုးမျှော်တိုက်ကြီးတွေ၊ ကားစက်ရုံကြီးတွေနဲ့ Hard Power ကို ကိုယ်စားပြုနေချိန်မှာ၊ မြောက်ပိုင်းက ချင်းမိုင်မြို့လေးကတော့ ယဉ်ကျေးမှုနဲ့ အနုပညာတွေကို အသက်သွင်းထားတဲ့ "Soft Power" ရဲ့ ဗဟိုချက် မြောက်ပိုင်းရဲ့ နှလုံးသားအဖြစ် တောင်တန်းတွေကြားမှာ တည်ရှိလို့နေပါတယ်။

🕯ချင်းမိုင်ရဲ့ အထင်ရှားဆုံး အောင်မြင်မှုကတော့ လန်နား (Lanna) ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြတိုက်ထဲမှာပဲ သွားကြည့်ရတာမျိုး မဟုတ်ဘဲ၊ ဒေသခံတွေရဲ့ နေ့စဉ်ဘဝမှာ သက်ဝင်လှုပ်ရှားနေတဲ့ အမွေအနှစ် (Living Heritage) တွေအဖြစ် အသုံးချနိုင်ခြင်းပါပဲ။

🎆အထူးသဖြင့် ပွဲတော်တွေဆိုရင် ချင်းမိုင်က အသက်ဝင်ဆုံးပါ။ ဥပမာအနေနဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး လွိုင်ကရာထောင်း (Loy Krathong - ဆီမီးဖောင်မျှောပွဲ) နဲ့ ယီပန် (Yi Peng - မီးပုံးပျံလွှတ်ပွဲ) တွေဆိုရင် ချင်းမိုင်မှာ လာနွှဲဖို့ ကမ္ဘာတစ်ဝန်းက ခရီးသွားတွေ လနဲ့ချီ ကြိုတင်စာရင်းပေးရ လောက်အောင် ဆွဲဆောင်နိုင်ပါတယ်။

💦နှစ်သစ်ကူး (Songkran) ပွဲတော်ဆိုရင်လည်း ရိုးရာမပျက် ရေကစားတာ၊ ဘုရားကျောင်းကန်တွေမှာ ကုသိုလ်ယူတာတွေနဲ့အတူ ဒေသရဲ့ ယဉ်ကျေးမှုကို အကောင်းဆုံး ဖော်ကျူးပြသနိုင်ပါတယ်။

🍥ယဉ်ကျေးမှုဆိုတဲ့နေရာမှာ အစားအသောက်နဲ့ လူမျိုးစုတွေရဲ့ ဓလေ့ထုံးစံတွေကလည်း အဓိကကျပါတယ်။

🍜ရိုးရာအစားအစာဖြစ်တဲ့ 'ခေါက်ဆွယ်' (Khao Soi) လို ဟင်းလျာတွေကအစ၊ ရိုးရာအကတွေနဲ့ လက်သည်းအက (Fingernail dance) တွေ၊ ဒေါင်းလန်းလို တည်ခင်းဧည့်ခံတဲ့ ခမ်းတုတ် (Khantoke) ညစာစားပွဲတွေဟာ ဧည့်သည်တွေကို မျက်စိကျ စေပါတယ်၊

ဒါ့အပြင် တောင်ပေါ် တိုင်းရင်းသား လူမျိုးစုတွေရဲ့ လက်မှုပညာတွေ၊ ဝတ်စားဆင်ယင်မှုတွေကိုလည်း သူတို့ရဲ့ အဖိုးတန် သက်ဝင်ယဉ်ကျေးမှုတွေအဖြစ် ထိန်းသိမ်းထားကြပါတယ်။

ဒီလို စနစ်တကျ ထိန်းသိမ်းမြှင့်တင်မှုတွေကြောင့်ပဲ ၂၀၁၇ ခုနှစ်မှာ ချင်းမိုင်မြို့ကို UNESCO ကနေ "လက်မှုပညာနဲ့ ရိုးရာအနုပညာမြို့တော် (City of Crafts and Folk Art)" အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။

☂ဘော်ဆန်းရွာ(Bo Sang) ထီးလုပ်ငန်းတွေ၊ သစ်သားပန်းပုရွာတွေ၊ ရိုးရာရက်ကန်းလုပ်ငန်းတွေ၊ စိမ်းပြာရောင်ကြွေထည် (Celadon) လုပ်ငန်းတွေဟာ နိုင်ငံတကာ ဧည့်သည်တွေကို အမြဲတမ်း ဆွဲဆောင်နိုင်ပါတယ်။

🚌ဒါ့အပြင် ခေတ်ဟောင်းက သုံးခဲ့တဲ့ လမ်းပေါ်က ဆမ်လော (သုံးဘီးစိုက်ကား) လေးတွေကိုတောင် ခရီးသွားလုပ်ငန်းနဲ့ ပေါင်းစပ်ပြီး မြို့ရဲ့ သမိုင်းဝင် အမွေအနှစ်တစ်ခုအနေနဲ့ အသက်ဆက်ပေးထားပါသေးတယ်။

🏪စျေးတွေနဲ့ ပတ်သက်ရင်လည်း တနင်္ဂနွေနေ့တွေမှာ ဖွင့်တဲ့ လမ်းလျှောက်စျေးတန်း (Walking Street) တွေဆိုရင် ဒေသထွက် လက်မှုပစ္စည်းတွေ၊ ရိုးရာ အစားအစာတွေနဲ့ အနုပညာတွေကို ပြသရာ စင်မြင့်တခု ဖြစ်နေပါတယ်။

🏯အခုလို ခေတ်မီ ကုန်တိုက်ကြီးတွေ ဘယ်လောက်ပဲ ပေါ်လာပါစေ၊ ဒီလို ရိုးရာစျေးတန်းတွေဟာ လူကြိုက်မကျသွားဘဲ သက်ဝင်လှုပ်ရှားနေတဲ့ ယဉ်ကျေးမှု ပြခန်းတွေလို ဖြစ်နေဆဲပါ။

🏛ချင်းမိုင်မြို့ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်ကို လေ့လာကြည့်ရင်၊ ခေတ်မီတိုးတက်တာတွေ နောက်ကိုချည်းပဲ လိုက်မနေဘဲ ကိုယ့်ဒေသရဲ့ ရိုးရာယဉ်ကျေးမှုကို ခေတ်နဲ့အညီ ဘယ်လို အကောင်းဆုံး ပေါင်းစပ်ဖန်တီးနိုင်သလဲဆိုတဲ့ အချက်ကို တွေ့ရမှာပါ။

ယဉ်ကျေးမှု ကြွယ်ဝခြင်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ အင်အားအကြီးဆုံး 

Soft Power ဆိုတာကို သတိရစေချင်ပါတယ်။

ကိုယ့်ရဲ့ ဘာသာစကား၊ ရိုးရာဓလေ့၊ အစားအစာ၊ လက်မှုပညာနဲ့ အနုပညာတွေကို တန်ဖိုးထားပြီး အင်အားကြီးမားတဲ့ Soft Power အဖြစ် ဖန်တီးနိုင်တာကြောင့်လည်း ချင်းမိုင်ဟာ ကမ္ဘာအရပ်ရပ်က ဧည့်သည်တွေနဲ့ ပြည်ပနိုင်ငံသားတွေအတွက် အေးချမ်းစွာ slow life အနေနဲ့ လာရောက်အနားယူချင်တဲ့၊ အခြေချနေထိုင်ချင်တဲ့ ဒုတိယအိမ်လေးတစ်ခု ဖြစ်နေတာလို့ ရှု့မြင်မိပါတယ်။

မူရင်းပို့စ်အတွက် ဤနေရာကိုနှိပ်ပါ 

Post a Comment

0 Comments