အစ္စရေးကြည်းတပ်ဟာ ယခင်က အမေရိကန်ကုမ္ပဏီ BAE Systems ကုမ္ပဏီထုတ် M109 အမျိုးအစား ဟောင်ဝဇ်ဇာများကို စံပြု ယာဉ်တင်အမြှောက်စနစ်အဖြစ် အသုံးပြုခဲ့ပါတယ်။ အစ္စရေးစစ်တပ်ဟာ စစ်အေးခေတ် 1969 ခုနှစ်ဝန်းကျင်၌ အမေရိကန်ထံမှ M109 (24)စီးကို စတင်ဝယ်ယူခဲ့ပါတယ်။ ထိုသို့ ဝယ်ယူကာ လေ့ကျင့်နေခဲ့ပြီး ၄ နှစ်အကြာ၌ အီဂျစ်နှင့် ဆီးရီးယားတို့ဟာ အစ္စရေးကို အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ထိုစစ်ပွဲဟာ စာဖတ်သူတို့သိကြသည့် 1973 Yom Kippur စစ်ပွဲဖြစ်ပါတယ်။ အစ္စရေးကြည်းတပ်ဟာ ထိုစစ်ပွဲ၌ လက်နက်အသစ်ဖြစ်သည့် M109 အမြှောက်စနစ်များကို ပွဲဦးထွက်အနေဖြင့် ပထမဆုံးစတင်အသုံးပြုခဲ့ပါတယ်။
ထိုတပ်ရင်းဟာ အီဂျစ်နှင့် ဆီးရီးယားစစ်တပ်၏ အရေးပါသော ထောက်ပို့လမ်းကြောင်းများ၊ လက်နက်ဂိုထောင်များ စသည့် နောက်တန်းနေရာများကို M109 အမြှောက်များဖြင့် တိတိကျကျပစ်ခတ်နိုင်ခဲ့သလို ဆီးရီးယားစစ်တပ်၏ အမြှောက်ကြီးများကို တန်ပြန်ပစ်ခတ်ရာ၌လည်း ထိရောက်ခဲ့ကြောင်းဆိုပါတယ်။
ထိုကြောင့် အစ္စရေးစစ်တပ်ဟာ 1973 Yom Kippur စစ်ပွဲအပြီး M109 များကို အစီးရေ ရာနှင့်ချီဝယ်ယူခဲ့ပြီး လက်ရှိ အစ္စရေးစစ်တပ်၌ M109 ယာဉ်တင်အမြှောက်စနစ် (369)စီးအထိ အသုံးပြုနေခဲ့ပြီဖြစ်ကာ လက်ရှိ အသုံးပြုသူများ၌ အင်အားအကြီးဆုံးဖြစ်နေခဲ့ပါတယ်။ သို့သော် ထို M109 များဟာ နှစ်ပေါင်း 30ကျော် 40နီးပါးဖြစ်လာတာကြောင့် အစ္စရေးစစ်တပ်ဟာ အစားထိုးဖို့ ယာဉ်တင်အမြှောက်စနစ်အသစ်ကို ရှာရပါတော့တယ်။
ထိုတစ်ကြိမ်၌ အစ္စရေးဟာ ပြည်ပကိုအားမကိုးလိုတော့ပါ။ အဘယ်ကြောင့်ဆိုသော် အစ္စရေး ဂါဇာအရေးနှင့်ပတ်သက်၍ အမေရိကန်နှင့်ဆက်ဆံရေးဟာ ရံဖန်ရံခါ၌ အနည်းငယ်အေးစက်သွားလေ့ရှိတာကြောင့်ဖြစ်သလို ဘတ်ဂျက်ချွေတာရေးနှင့် လိုအပ်လျှင် လိုအပ်သလို ထုတ်လုပ်နိုင်သည့် ကုန်ထုတ်စွမ်းအား အားသာချက်ကြောင့်လည်းဖြစ်ပါတယ်။M109 အမြှောက်စနစ်နေရာအတွက် အမျိုးအစားသစ်ရွေးချယ်ဖို့ အတော်လေးရှာခဲ့ရပါတယ်။ ၂၀၁၇ တွင် ယခင်အစီအစဉ်များအရ အစ္စရေးစစ်တပ်ဟာ လက်ရှိ M109A5 များကို မျိုးဆက်သစ် M109A7 များဖြင့် အစားထိုးရန်ကြံရွယ်ခဲ့ပါသေးတယ်။ အကြောင်းမှာ ကွာခြားချက်နည်းပါးနေတာကြောင့်ဖြစ်ပါတယ်။ သို့သော် နောက်ပိုင်း၌ ပြည်တွင်းကုမ္ပဏီ များမှထုတ်သည့် ယာဉ်တင်အမြှောက်စနစ်များထဲမှ ရွေးချယ်ရဖို့ဖြစ်လာပါတယ်။
ထိုအနက် နာမည်ကျော်ကြားသည့် နှစ်မျိုးထွက်လာပါတယ်။
၎င်းတို့မှာ (၁) Elbit Systems ကုမ္ပဏီထုတ် Ro'em နှင့်
(၂)
Soltam Systems ထုတ် ATMOS 2000 တို့ဖြစ်ကြပါတယ်။ ထိုနှစ်ခုအနက်
အစ္စရေးစစ်တပ်ဟာ Elbit Systems ထုတ် Ro'em ကို
ပြည်တွင်းသုံးအဖြစ်ရွေးချယ်ခဲ့ပါတယ်။ ပြည်ပကိုထုတ်ရောင်းခဲ့သည့်
ATOMS 2000 ကို အစ္စရေးကမရွေးခဲ့တာဟာအကြောင်းရှိပါတယ်။ တကယ်က Soltam
Systems မှ ATOMS 2000 ကို အရင်ထုတ်တာဖြစ်ပြီး ထိုစဉ်က အစ္စရေးစစ်တပ်ဟာ
ATOMS 2000 ကို ချိန်းတပ်မဟုတ်တာကြောင့် မရွေးခဲ့ဘဲ M109 လို
ချိန်းတပ်ဟောင်ဝဇ်ဇာကို ပြည်တွင်းဖြစ် ကို စောင့်မျှော်ခဲ့ပါသေးတယ်။
တကယ်က
အစ္စရေးဟာ အတိတ်ကဇာတ်လမ်းတစ်ခုမှာ ချိန်းတပ်ဟောင်ဝဇ်ဇာတစ်ခုကို
တီထွင်ခဲ့ပါသေးတယ်။ ထိုစဉ်က အစ္စရေးစစ်တပ်၏ စက်မှုလုပ်ငန်းဟာ Soltam
နှင့်တွဲ၍ Sholef ယာဉ်တင်အမြှောက်စနစ်ကို ၁၉၈၀ ပြည့်လွန်နှစ်များ၌
တီထွင်ခဲ့ပါတယ်။ ထိုစဉ်က ထို ဟောင်ဝဇ်ဇာကို အစ္စရေးစစ်တပ်၏ ပြည်တွင်းဖြစ်
Merkava Mk-1 တင့်၏ အောက်ခံယာဉ်ပေါ်၌ အခြေခံကာ တည်ဆောက်ခဲ့ပါတယ်။ ထိုအမြှောက်စနစ်ကို အစ္စရေးစစ်တပ်မှ ကုန်ကျစရိတ်ကြီးနေတာကြောင့် မရွေးခဲ့သော်လည်း ၎င်း၌ အားသာချက်တွေရှိပါတယ်။
ပထမဆုံးအချက်မှာ
၎င်း၏ ပစ်နှုန်းဖြစ်ပါတယ်။ Sholef ယာဉ်တင်အမြှောက်စနစ် ဟာ တစ်မိနစ်လျှင်
၁၅၅မမ ကျည်အတောင့်ရေ ၉တောင့်အထိ ပစ်ခတ်နိုင်တာဟာ
အတော်လေးကိုကျွတ်သည့်အနေအထားဖြစ်ပါတယ်။အဘယ်ကြောင့်ဆိုသော် ထိုခေတ်က
အစ္စရေးစစ်တပ်သုံး M109 ဟာ တစ်မိနစ်လျှင် ကျည်အတောင့်ရေ ၄တောင့်အထိသာ
ပစ်နိုင်ပြီး Sholef ဟာ နှစ်ဆအထိ ပိုမြင့်နေတာဖြစ်ပါတယ်။
ထို့အပြင်
Sholef ၌ အဆင့်မြင့် GPS နှင့် အတွင်းဘက်လမ်းညွှန်မှု နှင့်
လျှပ်စစ်ဒီဂျီတယ်တွက်ချက်မှုနှင့် ပစ်ခတ်မှုထိန်းချုပ်စနစ်များပါရှိပြီး
ပစ်မှတ်ကိုရှာဖွေခြင်းနှင့် ချေမှုန်းခြင်း၌
အတော်လေးမြန်ဆန်ကြောင်းသိရပါတယ်။ ထို့အပြင် Sholef ဟာ ၁၅၅မမကျည်အတောင့်ရေ
စုစုပေါင်း ၇၅တောင့်ကို ယာဉ်တွင်း၌ သယ်ထားနိုင်ပါတယ်။ သို့သော် အစ္စရေးစစ်တပ်ဟာ Sholef ၏ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တာကြောင့် ၎င်းအစား
Soltam
Systems ဟာ ထိုမျှတင် အားမလျှော့ဘဲ 1995 နောက်ပိုင်း၌ Rascal ဟုခေါ်သည့်
အပေါ့စား ယာဉ်တင်အမြှောက်စနစ်ကိုတီထွင်ခဲ့ပြန်ပါတယ်။ (သူမက
ဘယ်လောက်ငြင်းငြင်း နီးစပ်အောင်
အားမလျှော့ဘဲကြိုးစားနေတဲ့မိတ်ဆွေတို့လိုပါပဲ
)Rascal
ဟာလည်း ယခင် Sholef လိုပင် Merkava တင့်၏
အောက်ခံယာဉ်ကိုအသုံးပြုခဲ့သော်လည်း ဆုံလည်ဟူ၍မပါရှိတော့ဘဲ အရှေ့ဘက်၌
MT-LB လိုပင် မောင်းခန်းတစ်ခုပါရှိလာခဲ့ပါတယ်။ အမြှောက်စနစ်ကို အနောက်ဘက်၌
တပ်ထားပြီး အလိုလျောက်ကျည်ဖြည့်စနစ်ကြောင့် တစ်မိနစ်လျှင် ကျည်အတောင့်ရေ
(၉)အထိပစ်နိုင်သဖြင့် မဆိုးဘူးဟုချီးကျူးနိုင်သော်လည်း ၎င်း၏ ဒီဇိုင်းဟာ
နောက်ဘဝကို လျှင်မြန်စွာကူးနိုင်သည့်အနေအထားကြီးဖြစ်နေပါတယ်။
အကြောင်းမှာ
အမြှောက်စနစ်၏ ဘေး၌ ကျည်အတောင့်ရေများစွာသယ်ဆောင်ထားပါတယ်။ သို့သော်
အမြှောက်ကျည်ဘေး၌ သံချပ်ကာဟာ ဘာဆိုဘာမှ မပါရှိဘဲ ဖင်ပြောင်ကြီးဖြစ်နေပါတယ်။
ထိုကြောင့် အပေါ့စားချိန်းတပ်ထုတ်၍ အကြိုက်ကို လိုက်လျောပေးပါသော်လည်း
Soltam Systems ဟာ မိတ်ဆွေတို့လိုပင် အငြင်းခံခဲ့ရပြန်ပါတယ်။
ထိုမျှဖြင့်
Soltam Systems ဟာ လက်မလျှော့ခဲ့ဘဲ နိုင်ငံတကာ လက်နက်ဈေးကွက်၌
အောင်မြင်လာမည့် ATMOS 2000 အမြှောက်စနစ်ကို ဖန်တီးခဲ့ပါတယ်။ သို့သော်
ရန်သူ၏ မော်တာဗုံးသီးများနှင့် ဒုံးအမျိုးမျိုးကို မကြာခဏရင်ဆိုင် နေရသည့်
အစ္စရေးစစ်တပ်ဟာ အမြှောက်စနစ်၌ ဆုံလည်သံချပ်ကာအကာအကွယ်မပါရှိသည့် ATMOS
2000 ကို မည်သို့မျှ မရွေးချယ်ခဲ့ပေ။ ထိုသို့
အစ္စရေးစစ်တပ်၏ အရွေးခံရန်ကြိုးပမ်းမှုများဟာ ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင်
ပြိုင်ဖက် Elbit Systems မှ ၎င်းတို့ကုမ္ပဏီကို ဒေါ်လာ
၂၇သန်းဖြင့်ဝယ်ယူလိုက်ချိန်၌ အရာရာ အဆုံးသတ်သွားခဲ့ပါတယ်။
ထိုအားနည်းချက်ကို
သိနေသည့် Elbit Systems ဟာ 2019 ၌ ယာဉ်တင်အမြှောက်စနစ်အသစ်ကို
စတင်ဖန်တီးခဲ့ပြီး 2022 နောက်ပိုင်း၌ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။။
တစ်ခုထူးခြားသည်မှာ
ထိုအမြှောက်စနစ်ကိုထုတ်လုပ်ခဲ့သည့် နေရာဟာ အစ္စရေးပြည်တွင်းမဟုတ်ခဲ့ဘဲ
အမေရိကန်နိုင်ငံ တောင်ကယ်လိုရိုင်းနားရှိ Charleston မြို့၌
တီထွင်ခဲ့တာဖြစ်ပါတယ်။ ထိုအချက်ဟာ
အနာဂတ်အမေရိကန်ကြည်းတပ်အတွက်လည်း M109 လို ချိန်းတပ်ကိုရိုးအီလာပြီး
ဘီးတပ်ကိုပြောင်းလဲလိုပါက Ro'em ကို Elbit Systems ထံမှ ဝယ်ယူရန်
လွယ်ကူသည့် အကြောင်းပြချက်ဖြစ်လာမှာပါ။သတင်းများအရ
Ro'em ကိုထုတ်လုပ်ရာ၌ အမေရိကန်စစ်တပ်မှပေးသည့်
နည်းပညာအကူအညီအချို့ပါရှိခဲ့ကြောင်းသိရပါတယ်။ Ro'em ၏နာမည်ဟာ အစ္စရေး
(ဟီဘရူး) ဘာသာစကား၌ မိုးခြိမ်းသံ၊ မိုးကြိုး (သို့မဟုတ်) ဟိန်းဟောက်သံဟူ၍
အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။
အစ္စရေးစစ်တပ်အဖို့
ယာဉ်တင်အမြှောက်စနစ်ကို မိုးကြိုးဟုနာမည်ပြောင်ပေးတာဟာ ယခုမှ မဟုတ်ပါ။
စစ်အေးခေတ်က အစ္စရေးစစ်တပ်၌ ယာဉ်တင်အမြှောက်စနစ်မရှိသေးတာကြောင့်
အမေရိကန်ထံမှရရှိထားသည့် ရှားမန်းတင့်ပေါ်၌ အခြေခံ၍ Soltam မှ L-33
အမြှောက်ကိုတပ်ဆင်ကာ Ro'em ဟုခေါ်သည့် ယာဉ်တင်အမြှောက်စနစ်ကို
ထုတ်လုပ်ပေးဖူးပြီး အစီးရေ (၂၀၀)အထိထုတ်လုပ်ကာ
အစ္စရေးကြည်းတပ်ထံရောင်းချခဲ့ဖူးပါတယ်။ ၎င်းကို ၁၉၇၃ Yom Kippur စစ်ပွဲ၌
သုံးခဲ့သော်လည်း M109 မှ ပို၍ စွမ်းဆောင်ရည်ကောင်းမွန်တာကြောင့်
နောက်ပိုင်း၌ အလျင်မြန် အနားပေးလိုက်သည့် အမျိုးအစားဖြစ်ပါတယ်။
ယခု
နောက်ဆုံးထွက် Ro'em ၌ ယခင် L-33 ၏ အငွေ့အသက်ကိုပြန်မြင်ရသည့်
နေရာရှိပါတယ်။ ၎င်းမှာ ပြိုင်ဖက် Atmos 2000 ၌မပါရှိသည့်
ဆုံလည်နေရာဖြစ်ပါတယ်။ SIGMA ဟုလည်း နာမည်ပေးထားသော Ro'em ၌ ဆုံလည်ထုထည်ဟာ
တော်တော်ကြီးပြီး ယခင် L-33 လိုပင် လေးထောင့်ဒီဇိုင်းကို ပြန်သုံးလာပါတယ်။
သို့သော်
အရှေ့ဘက်၌ အမေရိကန်ကုမ္ပဏီ Oshkosh Defense ထုတ် 10×10 ဘီးစနစ်ပါ
အကြီးစားထရပ်ကားကို အောက်ခံယာဉ် Chassis အဖြစ်သုံးထားသည့် SIGMA
အမြှောက်စနစ်ဟာ လက်ရှိအစ္စရေးကြည်းတပ်၏ အနာဂတ်မျိုးဆက်သစ် ဘီးတပ်
ယာဉ်တင်အမြှောက်စနစ်ဖြစ်လာပါတယ်။10×10
ဘီးစနစ်ပါ အကြီးစားစစ်ဘက်သုံးဝန်တင် ထရပ်ကားကြီးကိုသုံးထားတာကြောင့်
အခြားဟော 8×8 ထရပ်ကားများနှင့်ယှဉ်ပါက ရွှေ့ပြောင်းအထိုင်ချနိုင်စွမ်း၌
သိသိသာသာတိုးတက်မှုတွေရှိလာပါတယ်။ Sigma အမြှောက်စနစ်ကိုယ်တိုင်က
ထုထည်ကြီးမားတာကြောင့် ယခုလို 10×10 ထရပ်ကားနှင့်မှ
ကိုက်ညီမှာလည်းဖြစ်ပါတယ်။
ထိုသို့
ထုထည်ကြီးမားအောင် ထုတ်ထားရခြင်းဟာလည်း အကြောင်းအရင်းအချို့ရှိပါတယ်။
ပထမဆုံးအချက်မှာ တာဝေးပစ်ခတ်နိုင်မှုအတွက်ဖြစ်ပါတယ်။ Ro'em ၌တပ်ဆင်ထားသည့်
၁၅၅မမ ကျည်သုံးတာဝေးပစ်အမြှောက်ကြီးဟာ အချက်အလက်များအရ အဝေးဆုံး 80km အထိ
တိတိကျကျပစ်ခတ်နိုင်ပါတယ်။ ထိုပမာဏဟာ
ဟောင်ဝဇ်ဇာတစ်လက်အတွက် အတော်လေးမိုက်သည့် စွမ်းဆောင်ရည်ဖြစ်ပြီး IDF လို
တာဝေးတိုက်ခိုက်ရေးကိုဦးစားပေးလုပ်ဆောင်တတ်သော ကြည်းတပ်အတွက်
မျက်စိကျစရာလည်းဖြစ်ပါတယ်။ အချက်အလက်၌ ပြည်ပပို့၌သာ 80km
အထိပစ်နိုင်ကြောင်းဆိုသော်လည်း
အစ္စရေးပြည်တွင်းသုံးကိုလည်းတူတူပင်ထုတ်မှာဖြစ်ပါတယ်။
အချက်အလက်များအရ
Ro'em ဟာ တစ်မိနစ်လျှင် 155မမကျည်အတောင့်ရေ အများဆုံး 8တောင့်အထိ
ပစ်ခတ်နိုင်သည့်အချက်ဟာလည်း M109A7 များနှင့်အတူတူဖြစ်တာကြောင့်
မဆိုးလှသည့်အနေအထားဖြစ်ပါတယ်။ ၎င်း၌ ပစ်မှတ်ရှာဖွေရေးစနစ်ကို ဒရုန်းနှင့်
ချိတ်ဆက်အသုံးပြုနိုင်သည့် အဆင့်မြင့်စနစ်ပါရှိတာကြောင့် မိမိတပ်၏
အကဲကြည့်ဒရုန်းဖြင့် ရန်သူကိုထောက်လှမ်းကာပစ်ခတ်နိုင်ပါတယ်။ ထို့အပြင်
ခေတ်သစ်အမြှောက်စနစ်များ၌ မပါမဖြစ် ဖြစ်ကြသော
အလိုအလျောက်ပစ်မှတ်ချိန်တွယ်သည့်စနစ်၊ ညကြည့်စနစ်၊ လေဆာအကွာအဝေး
တိုင်းတာရေးစနစ်၊ ရာသီဥတုနှင့် လေတိုက်နှုန်း တိုင်းတာရေးစနစ်၊
ပတ်လည်မြင်နိုင်သည့် ဆင်ဆာစနစ်များ၊ အနုမြူနှင့်
ဇီဝလက်နက်များကိုကာကွယ်နိုင်သည့် စနစ်များပါရှိပါတယ်။
ထို့အပြင်
ဆုံလည်တစ်ခုလုံးဟာ အဝေးမှထိန်းချုပ်နိုင်သော Remote စနစ်ဖြစ်ပြီး
ချိန်တွယ်ခြင်း၊ ကျည်ဖြည့်ခြင်း၊ ပစ်ခတ်ခြင်းစသည်တို့ကို
မိမိဘာသာလုပ်ဆောင်နိုင်ပါတယ်။ ဆုံလည်အတွင်း၌ 155မမကျည်အတောင့်ရေ 40
အထိသယ်ဆောင်ထားမှာဖြစ်ပြီး တစ်မိနစ်လျှင် အများဆုံး 8တောင့်နှုန်း
ပစ်အားရှိတာကြောင့် 6မိနစ်ကျော်အတွင်း၌ ကုန်အောင်ပစ်နိုင်ပါတယ်။ ထို့အပြင်
၎င်း၏ တွန်းကန်အားကိုခံနိုင်ရန် ဟိုက်ဒရောလစ် ထောက်စနစ် (၄)ခုကို
ဘယ်ညာနှစ်ခုစီခွဲတပ်ထားပါသေးတယ်။
ထို့အပြင်
အစ္စရေးစစ်တပ်ဟာ crew လျှော့ချရေးနှင့် ကာကွယ်ရေးကိုဦးစားပေးထားပြီး
တစ်စီးလုံးမှာမှ ယာဉ်မောင်း၊ အမြှောက်စနစ်ကိုင်တွယ်သူနှင့် တပ်မှုးဟူ၍ Crew
(၃)ဦးသာ လိုက်ပါရပါတယ်။ ၎င်းတို့ဟာ ယာဉ်ကိုမောင်းနှင်နေရာမှ
ချက်ခြင်းရပ်တန့်နိုင်ကာ တိုက်ပွဲဝင်သည့်အသင့်အနေအထားသို့ တစ်မိနစ်အတွင်း
ပြောင်းလဲတပ်ဖြန့်နိုင်သည့်အချက်ဟာလည်း Ro'em အဖို့
အားသာချက်တစ်ခုဖြစ်လာပါတယ်။ Ro'em
၌ အစ္စရေးစစ်တပ်၏ လိုအပ်ချက်အရ Crew (၃)ဦးစလုံးကို ယာဉ်တွင်း၌သာ
တာဝန်ထမ်းဆောင် စေကာ
အပြင်ထွက်စရာမလိုဘဲပစ်မှတ်ကိုတိုက်ရိုက်ချေမှုန်းနိုင်ပါတယ်။ အထူးသဖြင့်
၎င်းတို့ရှိရာ အတွင်းခန်းကို သံချပ်ကာစနစ်များဖြင့်
လုံခြုံအောင်ပြုလုပ်ထားပေးပါတယ်။
ယခုအခါ၌
ထို အသစ်စစ်စစ် Ro'em အမြှောက်စနစ်များကို လက်ဘနွန်စစ်မြေပြင်သို့
တိုက်ရိုက်ပစ်ကူပေးရာ၌ အသုံးပြုနေပါတယ်။ အစ္စရေးစစ်တပ်၏ အမှတ် (၂၈၂)
အမြှောက်တပ်ရင်းဟာ ထို Ro'em ယာဉ်တင်အမြှောက်စနစ်များကို အသုံးပြုကာ
လက်ဘနွန်စစ်တပ်၏ ရော့ကတ်ပစ်စင်များနှင့်
တင့်ဖျက်ဒုံးစနစ်များရှိရာနေရာများကို ချေမှုန်းနေကြောင်းသိရပါတယ်။
ယခင်
၎င်းပြိုင်ဖက်ဖြစ်ခဲ့ဖူးသော Soltam ထုတ် ATMOS 2000 ဟာလည်း လက်ရှိ၌
အယ်ဇာဘိုင်ဂျန်၊ ထိုင်းနှင့် ဖိလစ်ပိုင်အပါအဝင် နိုင်ငံပေါင်း (၁၁)နိုင်ငံ၌
အသုံးပြုနေသည်အထိ နိုင်ငံတကာလက်နက်ဈေးကွက်၌
အောင်မြင်သည့်အမြှောက်စနစ်ဖြစ်လာသလို အနာဂတ်၌ ဘရာဇီးနှင့်
ကိုလမ်ဘီယံအပါအဝင် နိုင်ငံပေါင်း (၅)နိုင်ငံဟာ Customer အသစ်များအနေဖြင့်
တိုးပွားလာဦးမှာဖြစ်ပါတယ်။Elbit
Systems အနေဖြင့်လည်း Ro'em
ကိုပြည်ပသို့ထုတ်ရောင်းသွားဖို့အစီအစဉ်ရှိနေပြီး မူရင်းဖန်တီးခဲ့သည့်
အမေရိကန်မှလည်း ပြိုင်ဖက် ATMOS 2000 နှင့်ယှဉ်ကြည့်ကာ
စိတ်ဝင်စားနေခဲ့တာဖြစ်ကြောင်းတင်ပြလျက်နိဂုံးချုပ်လိုက်ပါတယ်။


























0 Comments