About Me

header ads

ပလောင်သမိုင်း အပိုင်း (၁၂)


 

 ပလောင်သမိုင်း အပိုင်း (၁၂)

မွန်လူမျိုးနှင့် တအန်းလူမျိုးအကြား လုံးဝအဆက်ပြတ်ရခြင်းအကြောင်းရင်း

ကုန်းမြင့်ပိုင်းသို့ ပြန်လည်တက်ရောက် အခြေချနေထိုင်သော တအန်းလူမျိုးတို့သည် အစပိုင်းတွင် မွန် လူမျိုးတို့နှင့် အဆက်အသွယ်အသွားအလာ ရှိနေသေးဟန် ရှိ၏။

အေဒီ ၁၂၅၃ ခုနှစ်၊ နန်ချောင်၏ တွမ်(ခ)တောဝ့် (ဥတည်ဘွား) မင်းဆက် ရှဲန်ဆီ(Hsin Ci)ဘုရင် လက်ထက်တွင် မွန်ဂိုတာတာဘုရင် ကူဗလိုင်ခန်၏တပ်များ တိုက်ခိုက်မှုကြောင့် နန်ချောင်နိုင်ငံတော်သည် ပျက်သုဉ်ခဲ့ရပြီး ရှမ်းမျိုးနွယ်စုများသည် အနောက်တောင်ဘက်နှင့် တောင်ဘက်သို့ ရွေ့ပြောင်းလာကြရာ တောင်ဘက်သို့ ပြောင်းရွေးလာသော ရှမ်းမျိုးနွယ်စုတို့သည် ယိုးဒယား (ထိုင်း) နိုင်ငံကို ထူထောင်လာကြသည်။

အနောက်တောင်ဘက်သို့ ပြောင်းရွေ့လာကြသော ရှမ်းမျိုးနွယ်စုတို့သည် စည်းလုံးညီညွတ်ခြင်းမရှိဘဲ အကွဲကွဲအပြားပြားဖြင့် သူတစ်လူ ငါတစ်မင်း စော်ဘွားငယ်များ မြောက်မြားစွား ပေါ်ထွန်းခဲ့သည်။
အရှေ့ဘက်ကုန်မြင့်ဒေသတွင် အေဒီ(၁၅)ရာစု အစောပိုင်းက စတင်ပေါ်ပေါက်သော သိန္နီ၊ မိုးမိတ်၊ ကျိုင်တုံစော်ဘွားတို့ ထင်ရှားသည်။

အတော်အတန် အင်အားကြီးမားသော မြန်မာနိုင်ငံမြောက်ပိုင်းမှ မဏိပူရ၊ မိုးညှင်း၊ မိုးကောင်း၊ ဝန်သို၊ ကောလင်းနှင့် မောဒေသတို့မှ ကသဲရှမ်း၊ အဟုန်ရှမ်း၊ ကွေးရှမ်းနှင့် မောရှမ်းတို့၏ စော်ဘွားများဖြစ်ကြသော မိုးညှင်းစလုံ(စဝ်လုံ) စော်ဘွား၊ ဟန်သိုဘွား၊ သိုငံဘွား၊ သိုချီဘွားတို့သည် ပုဂံနိုင်ငံတော်၏ အင်အားချည့်နဲ့ နေသောအချိန်ကာလကို အခွင့်ကောင်းယူလျက် အထက်မြန်မာနိုင်ငံဒေသကို စိုးမိုးရန် ကြိုးစားလာကြသည်။

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသ ယခုရှမ်းကုန်းပြင်မြင့်ဒေသတွင်လည်း စော်ဘွားများ အချင်းချင်း မသင့်မမြတ် ဖြစ်နေကြသည်။
ထိုအချိန်ထိ ကတူးတအန်းမျိုးနွယ်စုတို့က ပန်လုံ၊ အုမ်းပေါဝ်း(ခ)သီပေါ၊ ကျောက်မဲနှင့်နောင်ချို ဒေသတွင် နေထိုင်လျက်ရှိသေးသည်။ ယနေ့ထက်တိုင် တွေ့မြင်နေရသော နောင်ချိုမြို့နယ်ရှိ အုမ္မတီး (အုမ်းကတစ်)နှင့် အုမ္မခါး(အုမ်းခန်) နာမည်များသည် တအန်းတို့ ချန်ရစ်ထားခဲ့သော နာမည်များပင် ဖြစ်သည်။ အုမ်ကတစ်နှင့် အုမ်းခန်တို့၏ အဓိပ္ပါယ်သည် ထုံးဓာက်ပါသော ရေဖြစ်၍ အမြဲချိုးကပ်ပြီး အမြဲညစ်ထေတက်သော ရေကို ဆိုလိုခြင်းဖြစ်သည်။

အထက်ပါ ရှမ်းစော်ဘွားများ၏ ကြိုးပမ်းများကြောင့် အေဒီ ၁၃၁၅ ခုနှစ်တွင် ဘိန္နကမြို့စော်ဘွား၏ မြေးများ (သိဂဗိုလ်၏သားများ) သီဟသူ၊ နရသူ(ရာဇသကြန်)နှင့် အသခရာစောထွန်းတို့ အစပြုသော ရှမ်းညီနောင်သုံးဦးတို့သည် တောင်ငူခေတ်မတိုင်မီ အင်းဝ၊ ပင်းယနှင့် စစ်ကိုင်းတို့ကို သိမ်းပိုက်၍ မင်းလုပ်အုပ်ချုပ် ခဲ့လေသည်။

နောက်ပိုင်းတွင် အင်းဝ၊ ပင်းယနှင့် စစ်ကိုင်းတို့ အချင်းချင်းညီညွတ်မှုမရှိသဖြင့် အထက်ဖော်ပြပါ မောရှမ်း ခေါင်းဆောင် သိုဟန်ဘွား၊ သိုချီဘွားနှင့် သိုငံဘွားတို့၏ ဝင်ရောက်စွက်ဖက်မှုကြောင့် မကြာခဏ မငြိမ်မသက် ဖြစ်ခဲ့ရသည်။ အထူသဖြင့် ထိုခေတ်က အုပ်ချုပ်သူမင်းများသည် အများအားဖြင့် ရှမ်း-ဗမာသွေး နှောသူများ ဖြစ်နေ ကြသည်။

ထိုနောက်ပိုင်းတွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ရှမ်းစော်ဘွား၏ အဓိကပါဝင်ပတ်သက်မှု သမိုင်း အကျဉ်းကို အောက်ပါအတိုင်း တွေ့ရသည်။

ကောဇာသက္ကရာဇ် ၇၂၆ ခုနှစ်တွင် သတိုးမင်းဖျား ထူထောင်သော အင်းဝမင်းဆက်မှ မင်းကြီးစော်စွာကဲ နန်းတက်ပြီး (၂၄)နှစ်အကြာ ကောဇာသက္ကရာဇ် ၇၅၄ ခုနှစ်တွင် မိုးညှင်းစော်ဘွား သိုဟန်ဘွားတပ်က လာရောက် တိုက်ခိုက်သော်လည်း သီလဝ(ကြည်းတပ်) သီဟသူရ (ဆင်တပ်)နှင့် သိခသူစောနှောင်း(မြင်းတပ်)တို့က ဦးဆောင်ခုခံတွန်းလှန်နိုင်သဖြင့် အင်းဝကို မရကြချေ။

ကောဇာသက္ကရာဇ် ၇၈၈ ခုနှစ်တွင် မိုးညှင့်မင်းတပ်က အင်းဝထီးနန်းကို တိုက်ခိုက်သိမ်းပိုက်သောအခါ အင်းဝဘုရင် ကလေးကျေးတောင်ညှိုမင်းမှာ ရခိုင်တို့ ထွက်ပြေးရာ ရခိုင်သို့မရောက် မန်စက်တော်ရာ အနောက်ဘက် ပဲလွန်တောင်အရောက်တွင် ဖျားနာ၍ အနိစ္စရောက်သည်။
မိဖုရားရှင်ဘို့မယ်မှာ အင်းဝသို့ပြန်လာပြီး မိုးညှင်းမင်း၏အသိမ်းပိုက်ကိုခန့်လိုက်သည်။ မိုးညှင်းမင်းသည် ဘုရင်မင်းခေါင် မင်းသားဘဝက အလုပ်အကျွေးပြုသော မင်းဥဒိန်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။

အင်းဝမင်းဆက်(၁၄) ဆက်မြောက် အင်းဝရွှေနန်းကြော့ရှင် နရပတိမင်းကို ကောဇာသက္ကရာဇ် ၈၈၉ ခုနှစ် တွင် မိုးညှင်းစလုံတပ်က တိုက်ခိုက်အောင်မြင်သဖြင့် သားတော် သိုဟန်ဘွား(၂၂)နှစ်အား အင်းဝနန်းကို အပ်သည်။ နန်းသက်(၁၅)နှစ် ရသောအခါ ရက်စက်ကြမ်းကြုတ်သော သိုဟန်ဘွားမင်းမှာ မင်းကြီးရန်နောင်၏ ခုတ်သတ်ခြင်းခံရပြီး မိုးဗြဲမင်း နန်းတက်သည်။

မင်းကြီးရန်နောင်၏ ကျေးဇူးတော်ကြောင့် နန်းရသော အုန်းဘောင်ခံမှိုင်း(အုင်ပေါဝ်းခွန်မိန်း)၏ သားတော် နရပတိမင်းအမည်ခံ မိုးဗြဲမင်းကို စစ်ကိုင်းစည်သူကျော်ထင်က မိုးညှင်းစလုံ အကူအညီဖြင့် ကောဇာ သက္ကရာဇ် ၉၀၇ ခုနှစ်တွင် တိုက်ခိုက်အောင်နိုင်ပြီး နရပတိဘွဲ့ခံ စလင်းစည်သူကျော်ထင် (သို့) စစ်ကိုင်းစည်သူ ကျော်ထင် အင်းဝနန်းတက်၏။

အင်းဝမြို့စား သတိုးမင်းစောလည်း ဟံသာဝတီဘုရင် မဟာဥပရာဇာ (နန္ဒဘုရင်)ကို ပုန်ကန်၍ မအောင် နိုင်သဖြင့် ဥတည်ဘွားထံ အကူအညီတောင်းခံရန် လမ်းခရီး၌ ဖျားနာပြီး ခန္တီသို့အရောက် ကောဇာသက္ကရာဇ် ၉၄၉ ခုနစ်တွင် ကွယ်လွန်အနိစ္စရောက်၏။

တရုတ်နိုင်ငံတွင် “တာတာ”မင်းဆက်ပျက်၍ “မင်း”မင်းဆက်ခေတ်၌ မောရှမ်းစော်ဘွားသိုငံဘွားသည် နန်ချောင်နိုင်ငံ ပြန်လည်ထူထောင်ရန် ကြိုးပမ်းသည့်အတွက် ၁၄၄၂ ခုနှစ်တွင် တရုတ်ဘုရင်က ဝန်ချီအမည်ရှိ စစ်သူကြီးကို စေလွှတ်နှိမ်နှင်းတိုက်ခိုက်သော် သိုငံဘွားနှင့်တကွ ၎င်း၏သားမယားများမှာ ဗမာဘုရင်ထံ သွားရောက်ခိုလှုံခဲ့ကြသည်။

ဗမာဘုရင်ကလည်း မိမိထံ မောနယ်ပေးအပ်မှ သိုငံဘွားတို့ မိသားစုကိုအပ်မည်ဟု အကြောင်ပြန်သဖြင့် ၁၄၄၇ ခုနှစ်တွင် အပ်နှံပေးခဲ့ကြောင့် တွေ့ရသည်။ မိုးညှင်းဒေသတွင် ခိုအောင်းနေသော သိုငံဘွား၏ညီ သိုချီဘွား က ပြန်လည်ထကြွလာသဖြင့် ဝန်ချီစစ်သူကြီး လာရောက်တိုက်ခိုက်နေစဉ် ဗမာဘုရင်က ဝန်ချီဘက်မှ ကူညီ တိုက်ခိုက်သောကြောင့် ရှမ်းများက အနောက်ဘက်သို့ ရွေ့ကာ အာသံနယ်တွင် အဟုန်(အဟောမ်)ရှမ်းမင်းဆက် စတင်ထူထောင်လေတော့သည်။

ဤကာလမတိုင်မီ ဗမာက အင်းဝတွင်လည်းကောင်း၊ မွန်က ဟံသာဝတီပဲခူးတွင် လည်းကောင်း၊ မင်းနေပြည်တော်ပြု၍ ဗမာ-မွန် အနှစ်(၄၀)ကျော်တိုက်ပွဲ (၁၃၈၆-၁၄၂၅) ဖြစ်ပွားနေခဲ့သေးသည်။

တအန်းလူမျိုးတို့သည် ပထမပိုင်းတွင် စိုက်ပျိုးမြေကောင်းမွန်သော လွင်ပြင်များ၊ မြစ်ဝှမ်းများနှင့် ချိုင်းဝှမ်းများဒေသများအပြင် တောင်ကုန်းတောင်တန်းများစသည့် ကုန်းမြင့်ပိုင်းဒေသများကို ရွေးချယ်၍ နေထိုင် ခဲ့သော်လည်း ကချင်လူမျိုးတို့၏ တိုက်ခိုက်ခံရမှုကြောင့် တအန်းလူမျိုးတို့၏ နေမင်းနိုင်ငံတော်နှင့် ဝိန်လာပြည်တို့ ပြိုကွဲပြီးနောက်ပိုင်းတွင် ထိုဒေသများကို တဖြည်းဖြည်း စွန့်လွှတ်ခဲ့ရသည်။

တိုင်းနေ(ခ)ရှမ်းတရုတ်လူမျိုးတို့၏ အဆက်မပြတ် ဝင်ရောက်လာမှုကြောင့် သော်လည်းကောင်း၊ မွန်ခမာ အနွယ်တို့၏ ဒေသဟောင်းဖြစ်သော တာလိဖုအိုင်အရပ်ဒေသ၌လည်း ဟန်တရုတ်လူမျိုးတို့ ဝင်ရောက်အခြေချ နေထိုင်ကြကုန်၍ လည်းကောင်း၊ နေရာကင်းလွတ်သောဒေသ မရှိခြင်းတို့ကြောင့်သော်လည်းကောင်း ယခုလက်ရှိ နေထိုင်ရာဒေသဖြစ်သော တောင်ဘက်အရပ်ဒေသ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တောတောင် ထူထပ်သော တောင်ကုန်းတောင်တန်းပေါ်သို့ တဖြည်းဖြည်း ပြောင်းရွေ့ကာ အေဒီ (၁၁)ရာစုခန့်က ပြောင်းရွေ့ရောက်နှင့်ပြီး ဖြစ်သော ရူကွမ်းနှင့် ကတူးမျိုးနွယ်စုတို့နှင့် ပြန်လည်ပေါင်းစည်းကာ ဘဝကို ခက်ခဲပင်ပန်စွာ နေထိုင်လာခဲ့ရ၏။

ထို့ကြောင့် တအန်းလူမျိုးတို့သည် အေဒီ(၁၄)ရာစုမှစ၍ ပြေးလွှားနေရသည့်အပြင် ဗမာရှမ်းပဒေသရာဇ် မြို့ပြနိုင်ငံငယ်လေးများ ခြားထားရုံမျှမက အချင်းချင်း အင်အားပြိုင်ဆိုင်ပြီး တစ်ချိန်လုံး စစ်မက်ဖြစ်ပွားမှုကြောင့် နယ်မြေအေးချမ်းမှု အလျဉ်မရှိရာမှ အစပြုပြီး မွန်လူမျိုးနှင့် တအန်းလူမျိုးတို့ သွားလာဆက်ဆံမှု မရှိတော့ဘဲ နှစ်ပေါင်း (၁၀၀၀)ကျော်ကြာ ဝေးကွာခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ယူဆရသည်။

ရှမ်းမြောက်ဒေသနှင့် EAOs သမိုင်းလေ့လာစုစည်းနေသူ
MMSL Tsa Lum
10/5/2026

Crd to မိုင်းအိုက်ကော် ( မူရင်းစာရေးသူ ) မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ

Post a Comment

0 Comments