About Me

header ads

ကိုယ်ကြောင့် အိမ်မပြန်လာနိုင်ခဲ့သူများ

 လုံခြုံတဲ့ နောက်ကွယ်က အမုန်းတရား‌ကြောင့် ပျက်သုဉ်းသွားရတဲ့ ကမ္ဘာငယ်များ ( သို့မဟုတ်) ကိုယ်ကြောင့် အိမ်မပြန်လာနိုင်ခဲ့သူများ

ကျွန်တော်နေ့စဉ် လူမှုကွန်ရက်စာမျက်နှာတွေကို ဖွင့်ကြည့်လိုက်တိုင်း သွေးထွက်သံယို သတင်းတွေ၊ သေဆုံးမှု ကိန်းဂဏန်းတွေနဲ့အတူ အဆိုးရွားဆုံး တွေ့မြင်နေရတာကတော့ တစ်ဖက်သတ် အမုန်းတရားတွေ၊ အပြန်အလှန် လှောင်ပြောင်မှုတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေပါပဲ။ စစ်ပွဲတစ်ခုရဲ့ အကျိုးဆက်ကို ကိန်းဂဏန်းတွေ၊ သတင်းခေါင်းစဉ်တွေ အဖြစ်လောက်ပဲ ရှုမြင်ပြီး ကီးဘုတ်နောက်ကနေ အလွယ်တကူ မှတ်ချက်ပေးနေကြတာဟာ ဒီနေ့ခေတ်ရဲ့ အကြီးမားဆုံး အလွဲတစ်ခု ဖြစ်နေပါတယ်။

အပြင်ဘက်က လုံခြုံတဲ့ နေရာတစ်ခုမှာ ထိုင်ပြီး ဘယ်ဖက်ကတော့ နိုင်နေပြီ၊ ဘယ်သူတွေ သေသွားလို့ ဝမ်းသာတယ်ဆိုပြီး စာရိုက်ဖို့က အရမ်းလွယ်ကူပါတယ်။ အချို့ကလည်း ကိုယ်ကျိုးအတွက် သက်သက် သွေးထိုးလှုံ့ဆော်နေကြသလို၊ အချို့ကလည်း အခြေအနေမှန်ကို သေချာမသိဘဲ အုပ်စုလိုက် ရမ်းသန်းဝေဖန်နေကြပါတယ်။ ဒါပေမဲ့ တကယ့်မြေပြင်မှာ အသက်စတေးနေရတဲ့ သူတွေရဲ့ နေရာကနေ တစ်ခဏလောက် ဝင်ကြည့်ဖူးပါသလား။

ကျည်ဆန်တွေ၊ ပေါက်ကွဲသံတွေကြားထဲမှာ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်နေရချိန်မှာ ဘယ်သူမှ ကိုယ့်ရဲ့ နိုင်ငံရေးခံယူချက် သို့မဟုတ် အွန်လိုင်းပေါ်က အမုန်းစကားတွေကို သတိရနေမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ နောက်ဆုံးအချိန်တွေမှာ တွေးမိမှာက သူတို့ကို ချစ်တဲ့၊ သူတို့ ချစ်ရတဲ့ မိသားစုတွေအကြောင်းသာ ဖြစ်ပါလိမ့်မယ်။

စစ်ပွဲဆိုတာ မတရားမှုပေါင်းစုံ စုဝေးနေတဲ့ နေရာပါ။ တိုက်ပွဲတစ်ခုမှာ လူတစ်ယောက် ကျဆုံးသွားတိုင်း၊ အဲဒီသတင်းဟာ အချို့အတွက် လူမှုကွန်ရက်ပေါ်မှာ ရှယ်လုပ်စရာ အကြောင်းအရာတစ်ခု ဖြစ်နိုင်ပေမယ့်၊ တကယ့် လက်တွေ့မှာတော့ မိသားစုတစ်ခုရဲ့ ကမ္ဘာပျက်သွားခြင်းပါပဲ။

ဘယ်ဘက်ကပဲ ပါဝင်နေပါစေ... ယူနီဖောင်းတွေ၊ အဖွဲ့အစည်း အမည်နာမတွေကို ခဏဖယ်ထားလိုက်ရင် သေဆုံးသွားသူတိုင်းဟာ အခြားတစ်ယောက်ရဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်နေတတ်ပါတယ်။

သူတို့မှာ အိမ်ပြန်အလာကို မျှော်နေမယ့် မိဘ နှစ်ပါး ရှိတယ်။

ဘဝတစ်သက်တာ အားထားရတဲ့ ခင်ပွန်းကို ဆုံးရှုံးလိုက်ရတဲ့ ဇနီးသည် ရှိတယ်။

ဖခင်ရဲ့ အရိပ်အာဝါသကို ထာဝရ လက်လွတ်လိုက်ရတဲ့ သားသမီးငယ်တွေ ရှိတယ်။

စစ်ပွဲမှာ အနိုင်အရှုံး ဘယ်လိုပဲရှိရှိ၊ သေချာတဲ့ အမှန်တရားတစ်ခုကတော့ ဆုံးရှုံးသွားတဲ့ အသက်တွေနဲ့ ပြိုကွဲသွားတဲ့ မိသားစုတွေကို ဘယ်တော့မှ ပြန်လည် အစားထိုးလို့ မရနိုင်တော့ဘူး ဆိုတာပါပဲ။ ဘယ်ဖက်မှ မပါဘဲ၊ သာမန် လူသားတစ်ယောက်ရဲ့ အမြင်နဲ့ မြေပြင်က အခြေအနေကို ကိုယ်ချင်းစာ ကြည့်ပါ။ အကယ်၍ အဲဒီမြေပြင်ပေါ်မှာ ရောက်နေတာ ငါတို့သာဆိုရင်...၊ ကျဆုံးသွားသူဟာ ငါတို့ရဲ့ မိသားစုဝင် တစ်ဦးဦးသာ ဖြစ်နေခဲ့ရင်... ဆိုတဲ့ အတွေးမျိုးနဲ့ ဝင်ခံစားကြည့်ဖို့ လိုအပ်ပါတယ်။

လူသားချင်း စာနာနားလည်မှုဆိုတာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အသက်ဝိညာဉ်ပါ။ ကိုယ်ချင်းစာတရား ခေါင်းပါးသွားတဲ့အခါ လူ့အသက်တွေဟာ တန်ဖိုးမရှိတဲ့ သတင်းအချက်အလက်တွေ အဖြစ်သာ မှေးမှိန်သွားပါလိမ့်မယ်။ ဒါကြောင့် အလွယ်တကူ သွေးထိုးလှုံ့ဆော်နေတာတွေ၊ တစ်ဖက်သတ် အမုန်းပွားနေတာတွေကို ရပ်တန်းက ရပ်ပြီး၊ အဖြစ်အပျက်တိုင်းရဲ့ နောက်ကွယ်က ငိုကြွေးနေရတဲ့ မိသားစုတွေကို မြင်အောင်ကြည့်တတ်ဖို့ လိုအပ်နေပါပြီ။ လူတိုင်းမှာ မိဘ၊ ဇနီး၊ သားသမီးတွေ ရှိကြပါတယ်။ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို အွန်လိုင်းပေါ်က အမုန်းတရားတွေနဲ့ ထပ်ပြီး မီးလောင်ရာ လေမပင့်ကြဖို့ အချိန်တန်ပါပြီ။

ကိုယ်တိုင်ကတော့ လုံခြုံရာမှာနေတယ် ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ကိုယ်တွေရဲ့ အပြောအဆို ဝေဖန်မှုတွေကြောင့် တစ်ချို့သူတို့ချစ်ခင်ရတဲ့ မိသားစုနဲ့ ထာ၀ရဝေးကွာသွားခဲ့ရတာတော့ ကောင်းလား မကောင်းလား ဆိုတာ အသိတရားရှိရင် နားလည်မှာပေါ့။

အားလုံးပဲ ဘေးကင်းပြီး အဆင်ပြေကြပါစေဗျာ။ 

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ။  

Post a Comment

0 Comments