ပလောင်သမိုင်း အပိုင်း (၂၃)
ကချင်လူမျိုးတို့၏ နောက်ဆုံးတိုက်ခိုက်ခံရခြင်း
အပိုင်း ( ၁ )
မြန်မာနိုင်ငံကို အင်္ဂလိပ်အစိုးရ သိမ်းပိုက်အုပ်ချုပ်ပြီးနောက်ပိုင်းတွင်
တရားဥပဒေစိုးမိုးမှု အတော်အသင့် ကောင်းမွန်လာသဖြင့်
မြန်မာနိုင်ငံနယ်နိမိတ် အတွင်းပိုင်းဒေသ၌ နေထိုင်ကြသော တအန်းနှင့်
ကချင်လူမျိုးစုအချင်းချင်း သတ်ဖြတ်မှု မရှိသလောက် နည်းပါးလာသည်။
သို့သော် အင်္ဂလိပ်ကိုလိုနီ အစိုးရလက်ထက်က အချင်းချင်းသတ်ဖြတ်မှု
လုံးဝမရှိသော်လည်း ပူးကပ်စွာနေထိုင်ကြသောကြောင့် လယ်ယာမြေ၊ ခြံ၊ သစ်တော၊
ဝါးတော၊ တောင်ယာတောနှင့် ထင်းတောများကို အပြန်အလှန် လုသတ်သည့်
လုပ်ရပ်မှလွှဲ၍ ကြီးကြီးမားမား လူမျိုးရေးပြဿနာများ မရှိကြချေ။
ဒုတိယကမ္ဘာစစ် ၁၉၄၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် တရားဥပဒေ စိုးမိုးရေး
အလွန်နည်းပါးလာသဖြင့် လူမျိုးစုတိုင်းရင်းသားတို့အကြား လူမျိုးရေးနှင့်
ဘာသာရေးမုန်းတီးရေးတို့ကို အသစ်တစ်ဖန် ပြန်လည်အသက်သွင်းကာ အချင်းချင်း
သတ်ဖြတ်မှုများ ရှိလာကြပြန်သည်။ နောက်ဆုံး၌ တအန်းလူမျိုးတို့အား
ကချင်းလူမျိုးတို့၏ တိုက်ခိုက်သတ်ဖြတ်မှုဖြစ်စဉ်ကို လေ့လာကြည့်သော်
အောက်ပါအတိုင် (၃) ကြိမ်ရှိကြောင်း တွေ့ရသည်။
(က)ပထမအကြိမ် သတ်ဖြတ်ခြင်း
၁၉၄၅ ခုနှစ်မှစ၍ ဖက်ဆစ်ဂျပန်တပ်များ မြန်မာနိုင်ငံမှ
ပြန်လည်ဆုတ်ခွာနေချိန် ဗရုတ်ဗရက်ကာလတွင် အမေရိကန်မဟာမိတ်တပ်၏
အထောက်အပံ့ဖြင့် အိန္ဒယနယ်စပ်မှတစ်ဆင့် ဗန်းမော်မြို့ကို အခြေပြု၍
မဟာမိတ်သူလျှိုတို့၏ သတင်းပေးတပ်အဖွဲ့အဆင့်သာရှိသော ဝမ်းအိုဝမ်း(101)ခေါ်
ကချင်းရိန်ဂျားတပ်ရင်း တပ်ဖွဲ့များသည် တောမီးလောင်
တောကြောင်လက်ခမောင်းခတ်သကဲ့သို့ ဂျပန်တပ်ကို ရင်ဆိုင်မတိုက်ခိုက်ရဲဘဲ
မန်စီမြို့နယ်၊ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်၊
နမ္မတူမြို့နယ်၊ မန်တုန်မြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့်
မိုးမိတ်မြို့နယ်အစရှိသော တအန်းလူမျိုး၏ တားစဝ်ကန့်(နယ်ပိုင်)နှင့်
ဘုန်းတော်ကြီးတို့ကို ဦးတည်ပြီး သတ်ဖြတ်သည့်အပြင်
တအန်းဘုန်းကြီးကျောင်းများကို မီးရှို့ဖျက်ဆီးကြသည်။ ခေတ်ပျက်ကာလ
တိုင်းပြည်မငြိမ်သက်မှုကို အသုံးချကာ မဟာမိတ်တပ်တို့ တပ်ဆင်ပေးထားသော
လက်နက်ဖြင့် တအန်းလူမျိုးများကို သတ်ဖြတ်လာကြပြန်သည်။
ထင်ရှားသော လူသတ်ပွဲများမှာ -
၁။ ဒုတိယကမ္ဘာစစ်ကာလတွင် အိမ်သုံးဆား ရှားပါးလာသဖြင့် ဗန်းမော်မြို့ဈေးမှ
ဆားဝယ်လာကြသော မန်စီမြို့နယ်၊ မန်လွယ်ရွာသားအယောက်(၂၀)ကျော်ကို မန်လွယ်ရွာ
အနောက်မြောက်ဘက် (၅)မိုင်ခန့် အကွာ “ခဗရာ”အရပ်တွင် သတ်ဖြတ်ပြီး
မန်လွယ်ရွာကို မီးရှို့ခဲ့သည်။
၂။ နမ့်ခမ်းမြို့နယ်၊ မန်းပူးကျေးရွာကို မီးမလောင်သော ဇရပ်တစ်ဆောင်သာ
ကျန်ရစ်ပြီး ဘုန်းကြီးကျောင်း အပါအဝင် ကျေးရွာနှင့် လူနေအိမ်များ
တစ်လုံးမကျန် မီးရှို့ပြီး (၁)တားစံဖေ (၄၀)နှစ်၊ (၂)တားအိုက်ထွန်း
(၄၅)နှစ်၊ (၃)တားအိုက်ထွန်း၏ အလုပ်သမား တရုတ်လူမျိုး ဦးလောဝ်ကွမ်း
(လာဝ်းကော်န်း) (၃၅)နှစ်၊ (၄) မိုင်းညမ်းဘန်(၃၀)နှစ်၊ (၅)တားငင်းတိမ်
(၄၅)နှစ်၊ (၆)အလည်လာသော နမ့်စိတ်ကျေးရွားနေထိုင်သူ တားကွန်းအငေ့လာ
(ခ)တားကွန်းအီညမ်းထီး နှင့် (၇)ရွာ၏ အရှေ့ဘက် သုံးဖာလုံကျော်ကွာဝေးသော
တောရ(ကမ္မဠာန်း) ကျောင်းတိုက်တွင် ယာယီပုန်းအောင်း သတင်သုံးနေထိုင်သော
ဦးပဉ္စင်း ဦးပညာတို့ကို ပစ်သတ်ခဲ့သည်။
၃၊၊ မန်စပ်ရွာ ဘုန်းကြီးကျောင်းနှင့် မန်မိုင်ရွာ(ဟိုပုံ ကျေးရွာအုပ်စု) ဘုန်းကြီးကျောင်းတို့ကို ဆက်လက်မီးရှို့ခဲ့သည်။
၄။ ၁၉၄၆ ခုနှစ်အတွင်း ဟိုငွီးကျေးရွာတွင် ဟိုမိန်းကျေးရွာသားများ
ဖြစ်ကြသော တားဇရော့၊ တားကျောင်းကွန်းနွန်း၊ တားဆန်ကန်းထိန်း၊ အထန်၊ မြဦး၊
အာရမ်းစဝ်ကန့်(နယ်ပိုင်) တားနော်မိန်း၊
မန်မိုင်မိန်းကွမ်းကျေးရွာသူကြီးနှင့် ရူဂျ(မန်စပ်)ကျေးရွာသူကြီးတို့ကို
သတ်ပစ်ခဲ့သည်။
၅။
နမ့်ဆန်မြို့နယ်၊ ဟူခင်ကျေးရွာအုပ်စု၊ မန်မိုင်မိန်းကွမ်းကျေးရွာ
အရှေ့ဘက်(၅)မိုင်ခန့်အကွာ နမ့်လိုင်လီဆူးရွာ အကြား “ဂေါင်းဒါန်း”
တောင်အရပ်၌ ဟူခင်ကျေးရွာကျောင်းထိုင်ဘုန်းကြီး တားခူး၊
ဟူခင်(စောပနာ)စဝ်ကန့် (နယ်ပိုင်) တားနော်ခမ်း၊ ဟူခင်ကျေးရွာလက်သမားဆရာကြီး
တားကွန်းအယွမ်း ၊မန်မိုင်မိန်းကွမ်း ကျေးရွာသားများဖြစ်ကြသော
တားကွန်းကုမ်း၊ တားကွန်းအအောင်း၊ တားခို၊ တားပန်းဟိန်း၊ တားကွန်းအအိန်၊
တားမဟာ၊ တားကွန်းစမ်ဦးနှင့် တားအငိုဦးတို့ကို ဖမ်းဆီးခေါ်သွားပြီး
တစ်နေရာတည်းတွင် တစ်ပြိုင်တည်း သတ်ဖြတ်ခဲ့သည်။
၆။ နမ့်လင်း(ရှော်လဲ) နယ်ပိုင် (တားစဝ်ကန့်) တားနန္ဒိယကို လုံတောက်ရွာတွင် ပစ်သတ်ခဲ့သည်။
၇။ နမ့်ဆန်စော်ဘွားကြီး ခွန်ပန်းစိန်ကို ဖမ်းဆီးခေါ်ဆောင်ပြီး
ဟူဆာကချင်ရွာတွင် သတ်ပစ်ရန် ရည်ရွယ်သော်လည်း တရုတ်ဖြူတပ်က အချိန်မီ
ကယ်တင်ပေးနိုင်၍ အသက်ချမ်းသားခဲ့ရသည်။
၈။ ကွတ်ခိုင်မြို့နယ်၊ လုံကမ်ကျေးရွာအနီး ဖာလဲန်ကျောက်ကမ်းပါးအောက်တွင်
“ဒူဝါ ခန်သာဘောက်” (ကွတ်ခိုင်မြို့၊ မြို့မပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်
ဦးခွန်ဖုန်း၏ဖခင်) ဦးဆောင်သော အဖွဲ့သည်
တအန်းလူမျိုးအယောက်(၃၀)ကျော်ထက်မနည်း ပစ်သတ်ခဲ့သည်။
၉။ မန်အောင်ကျေးရွာသား တားဆရာလုံကို ဟိုပုံကျေးရွာနှင့်
ဝိန်းကန့်ကျေးရွာကြားမှ ဖမ်းဆီးခေါ်လာပြီး ဝိန်းကန့်တွင် သတ်မည့်ဆဲဆဲအချိန်
စစ်မဖြစ်ခင်ကာလ လားရှိုူးတွင် ရုံးစောင့်အဖြစ် အတူနေထိုင်ဖူးသော
အင်္ဂလိပ်အရာရှိတစ်ဦးက တွေ့ရှိ၍ ကယ်တင်နိုင်သဖြင့် အသက်ချမ်းသာ ရရှိခဲ့သည်။
ဤသို့လျင်
ဝမ်းအိုဝမ်း(101)ခေါ် ကချင်းရိန်းဂျား တပ်ရင်၊ တပ်ဖွဲ့များ၏
ရက်စက်ကြမ်းကြူတ်များသည် ခေတ်ပျက်ကို အခွင့်ကောင်းယူကာ ဘာသာရေးနှင့်
လူမျိုးရေး မုန်းတီးများကို အခြေခံသော ရက်စပ်မှုများ ဖြစ်သည်ကို တွေ့ရသည်။
ရက်စက်သော ဤလူသတ်များကို သိန္နှီစော်ဘွားကြီးက မဟာမိတ်အမေရိကန်တပ်ထံ
စာရေအကြောင်းကြား တိုင်တန်ပြီး မဟာမိတ်အမေရိကန်တပ်ဖွဲ့မှ အမိန့်စာ ထုတ်ပြန်
တားဆီး၍သော်လည်းကောင်း ၊ ဖက်ဆစ်ဂျပန်တပ် ကိုမဟာမိတ်တပ်ဖွဲ့နှင့်အတူ
မြန်မာနိုင်ငံအတွင်းပိုင်း စစ်တောင်းမြစ်ဝှမ်းအထိ ဝင်ရောက်၍
ပူးတွဲ့တိုက်ခိုက်ခဲ့သော ကွန်မင်တန်တရုတ်ဖြူတပ်ဖွဲ့၏
တားဆီးကာကွယ်ပေးမှုကြောင့် သော်လည်းကောင်း ကချင်ရိန်းဂျားခေါ် (101)
တပ်ဖွဲ့က ဆက်လက်မသတ်ဖြတ်ရဲတော့ဘဲ သတ်ဖြတ်မှုကို ရပ်ဆိုင်းလိုက်ရသည်။
ဗုဒ္ဓဘာသာ တအန်းဘုန်းတော်ကြီး အတော်များများမှာ သတ်ဖြတ်မှုကို
ရှောင်လွှဲနိုင်ရန် လူဝတ်လဲ၍ ဖြစ်စေ၊ ပုန်းရှောင်၍ဖြစ်စေ နေထိုင်ခဲ့ကြရသည်။
အင်္ဂလိပ်ကိုလိုနီလက်အောက်သို့
မြန်မာနိုင်ငံ ကျရောက်သည့်အချိန်မှစ၍ နတ်(နတ်ဂျော့) ကိုးကွယ်လာရာမှ
ခရစ်ယာန်ဘာသားသို့ ကူးပြောင်းကိုးကွယ်လာကြသော ကချင်လူမျိုးတို့သည်
လွန်ခဲ့သော နှစ်ပေါင်း(၁၅၀၀) ကျော်ခန့်ကတည်းက ဗုဒ္ဓဘာသာကို
ကိုးကွယ်လာခဲ့ကြသော တအန်းလူမျိုးတို့အပေါ် ဘာသာရေး မုန်းတီးမှုပါ
တိုးလာပြန်သည်။
ထိုအပြင်
အင်္ဂလိပ်ကိုလိုနီ အစိုးရအောက်တွင် မည်သည့်ဝန်ထမ်းမျိုးမှ
ထမ်းဆောင်ခြင်းမရှိဘဲ အေးချမ်းစွာ နေထိုင်ကြသော တအန်းလူမျိုးတို့အပေါ်
ဂျပန်စစ်တပ်များက အန္တရာယ်မပြုဘဲ ကောင်းမွန်းစွာ ဆက်ဆံခဲ့သော်လည်း
အင်္ဂလိပ်စစ်တပ်အပါအဝင် အင်္ဂလိပ်အစိုးရ၏ ဝန်ထမ်းမျိုးစုံအဖြစ်
ဝင်ရောက်အမှုထမ်းကြသော ကချင်လူမျိုးတို့ကိုမူ ဂျပန်စစ်တပ်များက ရိုင်းပျစွာ
ဆက်ဆံသည့်အတွက် ကချင်လူမျိုးများက တအန်းလူမျိုးများအပေါ် မကျေးနပ်ခဲ့ကြပေ။
အထူးသဖြင့် ဖက်ဆစ်ဂျပန်
ပြန်လည်တိုက်ခိုက်ထုတ်ချိန်တွင် မဟာမိတ်တပ်၏ သတင်းပေးသူနှင့် သူလျှိုအဖြစ်
လုပ်ကိုင်နေကြသော ကချင်ရိန်းဂျားကြောင့် ဂျပန်စစ်တပ်က
ကချင်လူမျိုးများအပေါ်ကို ပို၍အန္တရာယ်ပေးနေကိုလည်း တွေ့ရသည်။
တအန်းလူမျိုးအပေါ် ဂျပန်စစ်တပ်၏ အန္တရာယ်မပြုသည့်ကိစ္စကို ယနေ့ခေတ်အထိ
ကချင်လူမျိုး အကြီးအကဲအချို့က အမြင် မရှင်းကြသေးချေ။
KDAတစ်ဖြစ်လဲ ကောင်းခါးဌာနပြည်သူ့စစ်အဖွဲ့တို့က ကွတ်ခိုင်မြို့နယ်၊
ကာလိုင်ကျေးရွာထဲတွင် ဆိုင်ကယ်စီးဝင်လာသော TNLA တပ်ဖွဲ့ဝင် (၄)ဦးကို
လက်နက်ငယ် (၄)လက်နက်နှင့်အတူ လက်လွတ်စပယ် ဖမ်းဆီးထားသည့်ကိစ္စနှင့် ပတ်သက်၍
KIO/KIA တပ်ဖွဲ့၏ ကြားဝင်ဖြေရှင်းပေးမှုကြောင်း ကောင်းခါးသို့ TNLA
ကိုယ်စား အဖမ်းဆီးခံ TNLA ရဲဘော်ကို လက်ခံရန်အတွက် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ
(၂၄)ရက်နေ့တွင် သွားရောက်တွေ့ဆုံးသည့် ကွတ်ခိုင်မြို့၊
တအန်းမြို့မိမြို့ဖများ၏ရှေ့တွင် KDA ဒုတိယ ဉက္ကဌဦးလဖိုင်ဇော်ယွန်းက
ဂျပန်ခေတ်တွင် တအန်းလူမျိုးတို့သည် ဂျပန်စစ်တပ်နှင့်ပူးပေါင်းပြီး
ကချင်လူမျိုးတို့ကို သတ်ခဲ့သည်ဟု စွပ်စွဲပြောဆိုကြောင်း ကြားရသည်။
တအန်းလူမျိုးတို့သည် မည်သည့်စစ်တပ်ဖြစ်စေ ရောက်ရှိလာပါက
သင့်မြတ်အောင်ဆက်ဆံပေါင်းသင်းပြီး မိမိလူမျိုးအတွက် အန္တရယ်
ကင်းနိုင်သမျှကင်းအောင် နေထိုင်ကြသည်။
ဂျပန်ခေတ်ကို မီခဲ့ကြသော တအန်းသက်ကြီးရွယ်အိုများတို့၏ ပြောကြားချက်အရ
တအန်းလူမျိုးသည် ဂျပန်၏ကူလီ (အထမ်းသမား) နှင့် တပ်စခန်း၊
လမ်းတံတားဆောက်လုပ်သည့် ချွေးတပ်အဖြစ်သာ အတင်းအကျပ်လုပ်ခိုင်
ခံကြရခြင်းနှင့် တစ်ခါတစ်ရံ ချောင်းဖြတ်ကူးလိုသော
ဂျပန်စစ်အရာရှိများကိုကျောပိုး၍ ကူးပေးခြင်း စသည့်တို့ကို
တွေ့ကြုံခံစားရသည်မှအပ အခြားထူးထူးထွေထွေ ပူပေါင်းပါဝင်မှုမရှိကြောင်း၊
ပူပေါင်းပါဝင်နိုင်ရန်လည်း တအန်းလူမျိုး၏ စစ်ရေးနှင့်
နိုင်ငံရေးအမြင်တို့မှာ ထိုခေတ်ထိုအခါက တအန်းလူထုကြားထဲမှာ
မနိုးကြားသေကြောင်း နမ့်ခမ်းမြို့နယ်၊ မန်အောင်ကျေးရွာသား
တားဆရာလုံ(၁၀၃)နှစ်၊ တစ်ဦးတည်းသာလျှင် ဂျပန်စကားပြန်အဖြစ်
လုပ်ကိုင်ခဲ့ဖူးကြောင်း သိရသည်။
တားဆရာလုံ အပါအဝင် မန်အောင်ကျေးရွာသား(၇) ဦးကို ကချင်းရိန်းဂျား
(101)တပ်ဖွဲ့က သတ်ပစ်ရန် နမ့်ကွယ်ချောင်းသို့ ဖမ်းဆီးခေါ်ဆောင်
သွားနေချိန်အတွင်း မန်အောင်ဘုန်းကြီးကျောင်းတွင် ဗုဒ္ဓဘာသာ ရဟန်းဘောင်ဖြင့်
သတင်းသုံးနေထိုင်သော ပတ်မာဒိန်ဆာ ကျေးရွာဇာတိ ဂျိန်းဖော့ကချင်အမျိုးသား
ဦးပဉ္စင်း ရှင်ဘဒ္ဒန္တမဟာ (ကိုမာနော်)က သွားရောက်၍ ခခယယ ကျိုးကျိုးနွံနွံ
တောင်းပန်ပြီ ကယ်တင်ခဲ့သဖြင့်သာ ဒုတိယအကြိမ်မြောက် အသက်ချမ်းသားခွင့်
ရခဲ့ပြန်သည်။
မြန်မာနိုင်ငံတွင်
စစ်မက်ဖြစ်ပွားလေ့မရှိသည့် ဗြိတိသျှကိုလိုနီခေတ်ကာလ၌ပင်
အင်္ဂလိပ်စစ်တပ်ထဲမှာ မဆိုထားလေနှင့် အင်္ဂလိပ်ကိုလိုနီအစိုးရ၏
အရပ်ဖက်နယ်ဖက် ရိုးရိုးဝန်ထမ်းအဖြစ်တောင်မှ လုံးဝဝင်ရောက် အမှုထမ်းခြင်း
မရှိခဲ့ဖူးသော တအန်းလူမျိုးများ များအတွက် ရက်စက်ကြမ်းကြုတ်သော ဖက်ဆစ်ဂျပန်
စစ်တပ်တို့နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်ဟူသော ပြောဆိုချက်သည်
ယုံတမ်းစကားမျှသာ ဖြစ်မည်။
အင်္ဂလိပ်ကိုလိုနီခေတ်တွင် စစ်မှုထမ်းရန် ဗြိတိသျှအစိုးရက
လာရောက်စည်းရုံးသိမ်းသွင်းသော်လည်း ရိုးသားလွန်း၊ ကြောက်တတ်လွန်းသော
တအန်းလူမျိုးကို တစ်ဉီးတစ်လေမှ မစုဆောင်းနိုင်ကြသဖြင့်
ရဲစွမ်းသတ္တိနည်းပါးသော တအန်းလူမျိုး ယောကျာ်းသားများကို မိန်းမများနှင့်
နှိုင်းပြီး ထဘီ(ထမိန်) ကိုသာ ဝတ်ဆင်သင့်ကြောင်း MAJOR C.M. ENRIQUEZ ၏
RACES OF BURMA စာအုပ်ထဲတွင် ရေးသားထားကြောင်း တွေ့ရသည်။
ရှမ်းမြောက်ဒေသနှင့် EAOs သမိုင်း လေ့လာစုစည်းနေသူ
MMSL Tsa Lum
21/5/2026
Crd to မိုင်းအိုက်ကော် ( မူရင်းစာရေးသူ )


0 Comments