ပလောင်သမိုင်း အပိုင်း (၁၇)
ဘာသာရေးကို လက်နက်သဖွယ် အသုံးပြုပြီး တအန်းလူမျိုးတို့ နှိပ်ကွပ်ခံရခြင်း
ကုန်းမြင့်ဒေသတွင် တအန်းလူမျိုးတို့ အခြေချနေထိုင်သည့်ကာလ တောင်ငူဆင်ဖြူရှင် လက်ထက်တွင် မွန်၊ ရခိုင်နှင့် ရှမ်းပဒေသရာဇ်များ အင်အားကျဆင်းလာခဲ့သည်။ ထိုအချိန်မှစ၍ ဗမာပဒေသရာဇ်မျာသည် အင်းဝခေတ်အစောပိုင်းမှ ကုန်းဘောင်ခေတ် စစ်ကိုင်းမင်း(ခ) ဘကြီးတော်ဘုရား (ဖန်နန်းရှင်) လက်ထက်အထိ တအန်းဒေသ အပါအဝင် ရခိုင်၊ မွန်နှင့် ရှမ်းဒေသတို့ကို မကြာခဏ လာရောက်တိုက်ခိုက်ပြီး ၎င်းတို့၏ ဩဇာကိုခံစေသည်။
အထင်ရှားဆုံးမှာ ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၄၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၇)ရက်၊ တနင်င်္လာနေ့တွင် သားတော်မဟာဉပရာဇာ ကိုယ်တော်တိုင် ဓညဝတီ ရခိုင်ပြည်မှ မဟာမြတ်မုနိ ဘုရားကို သိမ်းပိုက်ကာ မန္တလေးရတနာပုံ နေပြည်တော်သို့ ပင့်ဆောင်လာနိုင်ခဲ့သည်။ ဆင်ဖြူရှင် လက်ထက်တွင် မောင်းထောင်ဆရာတော်ဘုရားသည် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့မှ ရောက်လာသော ပုဏ္ဏား(၉)ဉီး၏ အကူအညီဖြင့် နက္ခတ်ပညာ၊ ဆေးပညာ၊ သဒ္ဒါကျမ်းနှင့် ဓာတ်ရိုက် ဓာတ်ဆင်ကျမ်းများကို သက္ကဋဘာသာမှ ဗမာဘာသာသို့ ပြန်ဆိုရေးသားတော်မူခဲ့သည်။
ဘိုးတော်ဘုရား လက်ထက်တွင် အလားတူ ပညာရပ်များကို ပိုမိုထိရောက်စွာ သင်ကြားရရှိနိုင်ရန် ပညာတော်သင်များကို အိန္ဒိယနိုင်ငံသို့ စေလွှတ်ခဲ့သည်။ ဆေးကျမ်းများ၊ ဓာတ်ကျမ်းများမှစ၍ ကျမ်းပေါင်း (၁၀၀)ကျော်တို့ကို လေ့လာသင်ကြားပြီးနောက် ပညာတော်သင်တို့အား ထိုကျမ်းတို့ကို မူလရေးသားထားသော ဘင်္ဂါလီ၊ နာဂရီ၊ သက္ကဋစသည့် ဘာသာရပ်တို့မှ ဗမာဘာသာနှင့် ပါဠိဘာသာသို့ ပြန်ဆိုရေးသားစေလေသည်။
တအန်းလူမျိုးတို့ နေထိုင်သော တောင်ကုန်းတောင်တန်းများအထိ လာရောက်တိုက်ခိုက်ပြီး တစ်ခါတစ်ရံ အောင်မြင်ခဲ့သော်လည်း အရှည်သဖြင့် ထိန်းချုပ်နိုင်ခြင်းကိုမူ မစွမ်းဆောင်နိုင်သောကြောင့် မွန်လူမျိုးတို့နှင့်အတူ ဗုဒ္ဓဘာသာကို နက်ရှိုင်းစွာ ယုံကြည်ကိုးကွယ်သူ တအန်းလူမျိုးတို့၏ ရိုးသားအေးချမ်းစွာ နေထိုင်မှုကို အခွင့်ကောင်းယူ၍ တအန်းလူမျိုးတို့အား ပျက်စီးစေအံ့ဟု ရည်ရွယ်ချက်ဖြင့် အထက်ပါပညာရပ်များဖြင့် မကောင်းသော စေတီပုထိုးများကို တည်ထားကိုးကွယ်စေကာ ဗုဒ္ဓဘာသာကို လက်နက်သဖွယ် အသုံးပြုခဲ့သည့်အပြင် ရေကြော မြေကြောများပါ ဖြတ်တောက်ခဲ့သည်ကို တွေ့ရသည်။
အထူးသဖြင့် ကုန်းဘောင်ခေတ် မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်တွင် နန်းတက်သော ဗဒုံမင်း(ခ) ဘိုးတော်ဘုရား(မောင်ဝိုင်း) လက်ထက်က အထက်ပါ လုပ်ရပ်မျိုးကို ပိုမိုတွေ့မြင်ရသည်။ ထိုကဲ့သို့ မကောင်းသော ရည်ရွယ်ချက်ဖြင့် တည်ထားကိုးကွယ်သည့် စေတီပုထိုးများကို တအန်းလူမျိုးတို့ နေထိုင်ရာ ကိုးတောင်၊ ခြောက်တောင်နယ်ဒေသအတွင်းမှ တောင်ကုန်းတောင်တန်းဒေသများ၊ ရွှေလီမြစ်ဝှမ်းအထက်ပိုင်း မိုးမိတ်မြို့နယ်၊ မဘိမ်းမြို့နယ်၊ မန်စီမြို့နယ်များ၏ အရှေ့ဘက်ခြမ်းဒေသ၊ နမ့်ခမ်းမြို့နယ်၏ အနောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်း၊ နမ့်ဆန်မြို့နယ်၌ အများဆုံး တွေ့မြင်ကြရမည် ဖြစ်သည်။
ကျန်ဒေသများတွင် အထူးသဖြင့် မြစ်ကြီးနားနှင့်ဗန်းမော်၏ အရှေ့ဘက် ဆဒုံဆမားတောင်တန်း၊ ဂေါ်ရီတောင်တန်း၊ ရင်ကျန့်၊ ထိန်ချုံး၊ လုံလင်း၊ မိန်းဝမ်း၊ မိန်းခေါန်၊ မုံးပေါ်၊ မုံးစီး၊ မုံးဟွမ်တို့၏ တောင်ပေါ်ဒေသရှိ တအန်းစေတီပုထိုးဟောင်းများသည် အေဒီ(၈)ရာစုနှင့် အေဒီ(၁၄)ရာစု အကြားတွင် တည်ထားကိုးကွယ်သော ဘုရားဟောင်းများ ဖြစ်၍ ဘိုးတော်ဘုရား(မောင်ဝိုင်း)ထက် များစွာစောသောကြောင့် ထိုကဲ့သို့ မတွေ့ရတော့ချေ။
တအန်းလူမျိုးတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာကို မွန်လူမျိုးတို့နှင့်အတူ အပြိုင်သက်ဝင် ယုံကြည်ခဲ့ကြသည့် လူမျိုးဖြစ်သည်။ ကုန်းမြင့်ဒေသသို့ ဝင်ရောက်အခြေချ ပြီးသည့်နောက်ပိုင်းတွင် တအန်းလူမျိုးထုကြား၌ မသန့်ရှင်းသော ဗုဒ္ဓဘာသာများ ဝင်ရောက်လာခဲ့သည်။
အင်းဝခေတ်က ထွန်းကားခဲ့ဖူးသော မဟာယနဂိုဏ်းနှင့်ဆန်သည့် ဓားခုတ်၊ မြင်းစီး၊ လှံထိုးစသည့် လူဝတ်ကြောင်တို့ တတ်အပ်သော ပညာရပ်များကိုသာ သင်ယူပို့ချလေ့လာကြသည့်အပြင် နေလွဲ ညစာစားခြင်း၊ အရက်သောက်ခြင်း၊ ဘိန်းရှူခြင်း စသည့် ရဟန်းသံဃာတော်များနှင့် မလျောက်ပတ်သော မဖွယ်မရာ အပြုအမူမျိုးများကိုသာ ပြုလုပ်လေ့ရှိသော တောနေဂိုဏ်းနှင့် ပွဲကျောင်းဂိုဏ်းဟူသည့် အမည်ခံ ဗုဒ္ဓဘာသာများ ပျံ့နှံ့ဝင်ရောက်လာခဲ့သည်။ ဤသည်မှာ ထိုခေတ်အဆက်ဆက် ပဒေသရာဇ် မင်းဆိုးမင်းညစ်တို့၏ လက်ချက်များဖြစ်ကြောင်း တွေ့မြင်နိုင်ပေသည်။
အဆိုပါတောနေဂိုဏ်းနှင့် ပွဲကျောင်းဂိုဏ်းတို့သည် ယွန်းဗုဒ္ဓဘာသာနှင့် ရောယှက်ကာ လားရှိုးမြို့နယ်၊ မိုင်းယော်ဒေသ၊ တန့်ယန်းမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ရူစိင်းတအန်းမျိုးနွယ်စုနှင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ တချို့သောရူမိုင်းတအန်း မျိုးနွယ်စုကျေးရွာများ၌ ယနေ့ထက်တိုင် တွေ့မြင်နေရ ဆဲဖြစ်ကြောင်း သက်သေများ ရှိပါသည်။
ထူးခြားမှုတစ်ခုမှာ ရွှေလီမြစ်အနီး ပြင်လုံကျေးရွာကို ဗဟိုပြုပြီး ရွှေလီမြစ်ကို ခွထားကာ(၁၀)မိုင် ပတ်လည်ရှိ ဧရိယာအတွင်း၌ ရရူ(Raru) ကျေးရွာဟောင်းများ၊ စေတီပုထိုးဟောင်းများကို တအန်းမြို့ဟောင်း၊ ကျေးရွာဟောင်းရှိ စေတီဟောင်းများကဲ့သို့ တွေ့ရှိရသော်လည်း မကောင်းသော လက္ခဏာအချက်အလက်များ မတွေ့ရချေ။
အဆိုပါ ရရူ(Raru)လူမျိုးတို့သည် နန်ချောင်တပ်တို့၏ ပျူနိုင်ငံကို ခရစ်နှစ် ၈၃၂ ခုနှစ်တွင် တိုက်ခိုက်အပြီး ပျူအနုပညာသည်များနှင့် ပျူစစ်သုံ့ပန်းများ (၃၀၀၀)ကျော်ကို ဖမ်းဆီးခေါ်ဆောင်လာရာမှ တာလိဖုပြည်သို့ အပြန်လမ်းခရီးတွင် တစ်ထောက်ရပ်နားစခန်းအဖြစ် နေရာချပြီး နေထိုင်စေသော ပျူလူမျိုးများ ဖြစ်နိုင်သကဲ့သို့ ပုဂံခေတ်မတိုင်မီ စောစီးစွာ ပြောင်းရွှေ့နေထိုင်သော တအန်းမျိုးနွယ်စုထဲက မျိုးနွယ်စုတစ်ခုလည်း ဖြစ်နိုင်သည်။ ရူမိုင်းမျိုးနွယ်စုနှင့် ကာလကြာရှည်စွာ ရောနှောနေထိုင်လာ၍ သွေးနှောကာ ထိုရရူ (Raru) လူမျိုးများ ပျောက်ကွယ်ခဲ့ရကြောင်း ယူဆရသည်။
ရရူ (Raru)သည် ရူမိုင်းတအန်းက ခေါ်ဆိုသော အမည်ဖြစ်ပြီး တူးဖော်တွေ့ရှိသော မြေထည်ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများကို ကြည့်ခြင်းအားဖြင့် လူနေမူ အဆင့်အတန်း မြင့်မားခဲ့သော လူမျိုးများဖြစ်ကြောင်း ၎င်းတို့သုံးစွဲခဲ့သော မြေထည်ပစ္စည်းများက သက်သေပြလျက်ရှိသည်။
ထိုစေတီဟောင်းများကို ပြန်လည်တူးဖော်ကြည့်သောအခါ တအန်းမြို့ဟောင်း၊ ကျေးရွာဟောင်းရှိ စေတီပုထိုးဟောင်းများနှင့်မတူဘဲ အပြင်ပန်းတွင် အုတ်ပုံအဆင့်သာရှိပြီး အတွင်းဌာပနာများ၌လည်း ကျိုးကြေပျက်စီးနေသော မြေခွက်အုတ်ခွတ် ဘုရားမှလွဲ၍ အခြားမယ်မယ်ရရ ထူးဆန်းမှုများ မတွေ့ရချေ။ ရရူ(Raru) လူမျိုး၏ စကားတစ်ခွန်းအဖြစ် အဖေကို “စူ”ဟု ယနေ့တိုင် လော့နော်ကျေးရွာတွင် ပြောဆိုသုံးနှုန်းသေးကြောင်း တွေ့ရှိရသည်။
တအန်းမြို့ဟောင်းရွာဟောင်းများရှိ စေတီပုထိုးဟောင်းများကို မကောင်းသော စေတီပုထိုးဟု ခေါ်ဆိုရခြင်းအကြောင်းရင်းမှာ ဗုဒ္ဓဘာသာဝင်တို့၏ မလုပ်အပ်၊ မပြုအပ်သော ကိစ္စရပ်များ တွေ့ရှိခြင်း စေတီ၏ဌာပနာတိုက်ထဲတွင် ဗုဒ္ဓဆင်းတုတော်၏ ပခုံးပေါ်တွင် မိန်းမရုပ် ခွစီးထိုင်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်ကို စောက်ထိုးထည့်ထားခြင်း၊ ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်သည့် တိရစ္ဆာန်အရိုးစုများ ထည့်ထားရှိခြင်း၊ ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုတော်ကို ခေါင်းတော်တခြား လက်တော်တခြား ကိုယ်တော်တခြား ရိုက်ချိုးပြီး ထောင့်လေးထောင့်၌ သီးခြားစီ စုပုံထားရှိခြင်း၊ ကလေးငယ်ရုပ်ကို ကိုက်ထားသည့် ဘီးလူးရုပ်ထုများ၊ ဗိုက်နှိပ်၊ မျက်စိပိတ်၊ နားပိတ်ထားသည့် နတ်ရုပ်ထုများ၊ မိမိ၏အမြီးကို မိမိကိုက်မြိုသည့် နဂါးရုပ်ထုများ၊ ဂြိုလ်နှိမ်နံနှိမ်ထားသော မြေခွက်အင်အိုင်များ ၊ ညစ်ညမ်းသော မြေထည်ရုပ်ထုများအပြင် မီးသွေးခဲများ အမျိုးအမည်မသိ အမွေးအမျှင်များ တူးဖော်တွေ့ရှိရသောကြောင့်ပေတည်း။
မည်သည့်လူမျိုးက မည်သည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြောင်းကို သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံ ချန်ရစ်ထားခဲ့ခြင်း မတွေ့ရသော်လည်း တူးဖော်တွေ့ရှိသော ဗုဒ္ဓရုပ်ပွားတော်များနှင့် မြေထည်ပစ္စည်းများအပြင် ၎င်းရုပ်တုအပေါ် ရေးထိုးထားသော စာအရေးအသားကို ကြည့်သောအားဖြင့် အင်းဝခေတ်မှ ကုန်းဘောင်ခေတ်အတွင်းက လက်ရာဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ စစ်မှန်သော ဗုဒ္ဓဘာသာဝင် ဖြစ်ပါက မိမိကိုးကွယ်မည့်ဘုရားနှင့် စေတီပုထိုးများကို မကောင်းသော ထိုအရာကိစ္စများကို မိမိပြုလုပ်မည် မဟုတ်ဟု ဗုဒ္ဓဘာသာဝင်သူတိုင်း သိရှိနားလည်း သဘောပေါက်ကြကုန်၏။
တအန်းလူမျိုးတို့၏ မြို့ရွာများ ပျက်စီးကာ နေရာအနှံ့အပြား မြို့ပျက်ရွာပျက်အဖြစ် ကျန်ရစ်ခြင်းသည် ထိုမကောင်းသော စေတီပုထိုး ဘုရားများကို ခေတ်အဆက်ဆက်က ကိုးကွယ်လာရသောကြောင့်ဟု သံသဃပွားစေနိုင်သည်။ ဤကဲ့သို့ မကောင်းသော စေတီပုထိုး (ခ) စေတီနီ (ကောင်းမူးရာ်န်း)များကြောင့် တအန်းလူမျိုးတို့အား ရောဂါဘယထူပြောစေပြီး ဆန်ရေစပါး အထွက်နည်းစေ၍ လူမျိုးစုတစ်ခုလုံး ပျက်စီးရာ ပျက်စီးကြောင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်လာခဲ့ကြောင်း မှတ်ယူရပေမည်။
ဤနေရာတွင် ရွှေလက်ဝါး ဘုရားသမိုးအကျဉ်းကို တင်ပြလိုပါသည်။
အင်းဝခေတ် ဘိုးတော်ဘုရားလက်ထက်က ရန်ကင်းတောင်နှင့် ပုသိမ်ကြီး တစ်ဝိုက်တွင် သောင်းကျမ်းနေသော ကျွဲရိုင်းများကို ဘုရင့်တပ်များက သွားရောက်နိုင်နင်းသော်လည်း မအောင်မြင်သောကြောင့် နောက်ဆုံးတွင် အင်းဝဘုရင်က “အင်းဝနေပြည်တော်၏ အရှေ့အရပ်ရှိ ရန်ကင်းနှင့် ပုသိမ်ကြီးဒေသတွင် သောင်းကျန်းနေသာ ကျွဲရိုင်းများကို အောင်မြင်စွာ သွားရောက်နိုင်နင်းသူအား ဆုတော်ငွေ အမြောက်အမြား ချီးမြှင့်ပေးမည့်အပြင် ဘုရင့်သမီးတော်နှင့် ထိမ်းမြားလက်ထပ်ပေးမည်ဖြစ်ကြောင်း” တိုင်းပြည်သို့ ကြေညာမောင်းခတ်လိုက်သည်။
ယခု မန်တုန်မြို့နယ်၊ မန်ပွန်း(ပ)ကျေးရွာအုပ်စု၊ ထာကျက်ကျေးရွာတွင် တောလိုက် မုဆိုးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူ “အအိုင်မန်းဘုန်း”သည် အထက်ပါသတင်းကို ကြားလျှင်ကြားချင်း အင်းဝနေပြည်တော်သို့ ချက်ချင်းသွားရောက်ပြီး မိမိသွားရောက် တိုက်ခိုက်နိုင်နင်းနိုင်ပါကြောင်း သံတော်ဉီးတင်ပါတော့သည်။ တအန်းသူရဲကောင်း အအိုင်မန်းဘုန်းလည်း မိမိကိုယ်ကိုမိမိ ယုံကြည်မှု အပြည့်ဖြင့်သွားရောက် တိုက်ခိုက်နိုင်နင်းသော် ရက်အနည်းငယ်အတွင်းမှာပင် အောင်နိုင်သောကြောင့် ဘုရင်ပေးထားသည့် ကတိအတိုင်း ဆုတော်ငွေများအပြင် သမီးတော်နှင့်လည်း ထိမ်းမြားလက်ထပ်ပေးလိုက်သည်။
ရှေးကပြုခဲ့သော ကုသိုလ်ကံ အကျိုးထူးတို့ကြောင့် သမီးတော်လည်း ယောကျာ်းကောင်းတို့၏ အင်္ဂါရပ်နှင့်ပြည့်စုံမူသော အအိုင်မန်းဘုန်းကို မြင်လျှင်မြင်ချင်း ချစ်ခင်စုံမက်၍ ကြည်ဖြူစွာ လက်ခံပေါင်းသင်းနေထိုင်ခဲ့ကြောင်း ရွှေလက်ဝါး ထာကျက်ဘုရားသမိုင်းတွင် ဖော်ပြထားသည်။ အင်းဝနန်းတွင်းနေထိုင်စဉ် မင်းညီမင်းသားတို့ တတ်အပ်သော နန်းတွင်းသုံးစကား၊ အပြောအဆို အသုံးအနှုန်း၊ အနေအထိုင်၊ သီချင်း အတီးအမှုတ်နှင့် အကပညာများ သင်ကြားတတ်မြောက်ရန် လိုအပ်ပေသည်။
ထိုအခါ အအိုင်မန်းဘုန်းက မြန်မာ့စောင်းကောက်တီးခတ်မှု အတတ်ပညာ သင်ကြားရာတွင် ရက်သာကြာညောင်းသော်လည်း စောင်းတီးအတတ်ကို တတ်မြောက်နိုင်ခြင်းမရှိဖြစ်နေသည်။ အင်းဝခေတ်က ပေါ်ပေါက်ခဲ့ဘူးသော ဗမာစကားပုံထဲမှ “ပိုးသာကုန် မောင်ပုံစောင်းမတတ်” ဟူသော စကားရပ်သည် စောင်းတီးခတ်မှု အတတ်ပညာကို သင်ကြားနေစဉ် ပိုးချည်ဖြင့် ပြုလုပ်သော စောင်းကြိုးကသာ မကြာခဏ ပြတ်နေပြီး ပိုးချည်သာ ကုန်သွားသည်။ အအိုင်မန်းဘုန်းမှာ စောင်းတီးပညာ တတ်မြောက်မလာနိုင်ကြောင်း ရည်ညွှန်းပြောဆိုရာမှ ပေါ်ပေါက်လာသော စကားပုံ ဖြစ်ဟန်တူသည်။ ထိုအချိန်တွင် အင်းဝနန်းတွင်၌ အအိုင်မန်းဘုန်းကို မောင်ဘုန်း(ခ) မောင်ဘုံ၊ မောင်ပုံဟု ဗမာလိုချစ်စနိုးဖြင့် ခေါ်ဆိုခဲ့ဟန်တူသည်။
နောက်ပိုင်းတွင် အနေကြာလာသောအခါ နန်းတွင်း၌ မပျော်ပိုက်နိုင်တော့ဘဲ မိမိဇာတိကျေးရွာ တောင်ပေါ်ဒေသကို ပြန်လိုလှပါသဖြင့် ယောက္ခမတော် ဘုရင့်ထံ ခွင့်ပန်သောအခါ ဘုရင်လည်း ကြည်ဖြူစွာ ခွင့်ပြုတော်မူ၍ သမီးတော်လည်း သျှောင်နောက်ဆံထိုးပါဆိုသည့် စကားအတိုင်း မိမိခင်ပွန်း အအိုင်မန်းဘုန်း၏ နောက်လိုက်သွားရန် ပြင်ဆင်နေပါတော့သည်။
အင်းဝဘုရင်နှင့် မိဖုရားလည်း သမီးတော်နှင့် ရိုးသားသော သမက်ကို ချစ်မြတ်နိုးလွန်းလှ၍ မိမိကိုးကွယ်လာခဲ့သော မဟာမြတ်မုနိ ဘုရားကြီးနှင့်အတူ ရခိုင်ပြည်မှ ပင့်လာသော ရွှေနှင့်ပြည့်သော အင်းဝနန်းတွင်း ရွှေလက်ဝါးဘုရားကို ကိုးကွယ်စေရန် ပါးလိုက်ကြောင်း၊ ထိုရွှေလက်ဝါးဘုရားသည် ထာကျက်ကျေးရွာသို့ ရောက်သောအခါ စေတီတစ်ဆူ တည်ထားကိုးကွယ်ပြီး စေတီအတွင်း ဌာပနာတိုက်၌ ထားရှိကြောင်း၊ နှစ်စဉ် တပေါင်းပွဲလပြည့်နေ့တွင် တစ်ကြိမ်၊ သင်္ကြန်နှစ်ဆန်း (၁)ရက်နေ့တွင် တစ်ကြိမ်၊ အများပြည်သူကြည့်ရှုနိုင်ရန် ထုတ်ပြ အပူဇော်ခံကြောင်း သိရှိရသည်။
ဤရွှေလက်ဝါး ဘုရားသည် ရခိုင်မဟာမြတ်မုနိဘုရား သွန်းလောင်းစဉ်က ပို၍ အစွန်းထွက်နေသော ပဉ္စလောဟာသတ္တုစပ်ကို သွန်းလောင်းထားသော လက်ဝါးဘုရား ဖြစ်သည်ဟု ဆိုသည်။
နောက်ပိုင်းတွင် နန်းတက်လာကြကုန်သော အင်းဝဘုရင်မင်းဆက်များက ရွှေလက်ဝါးဘုရားကို ပြန်ယူလိုလှသော ဆန္ဒကြောင့် လာရောက်ပင့်ဆောင်ယူရန် စစ်အင်အားဖြင့် အကြိမ်ကြိမ် ကြိုးစားသော်လည်း အအိုင်မန်းဘုန်းနှင့် ဘုရင့်သမီးတော်တို့၏ သစ္စာရှိမှုကြောင့်သော်လည်းကောင်း၊ ဘုရား၏ တန်ခိုးအာနုဘော်တို့ကြောင့် သော်လည်းကောင်း ရွှေလက်ဝါး ဘုရားကို ပင့်ထုတ်ယူနေစဉ်အတွင်း အချိန်အခါ မဟုတ်ဘဲ မိုးကြီးလေကြီးနှင့်အတူ လျှပ်စစ်လျှပ်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည်တို့ကြောင့် မပင့်နိုင် မယူနိုင်ဖြစ်ခဲ့ရသည်။
ထို့နောက် ထာကျက်ကျေးရွာ၏ အနောက်ဘက်ရှိ ကျောက်တုံးကျောက်ဖျာကြီး အောက်တွင်ထားခဲ့ပြီး ထာကျက်ကျေးရွာအလယ်၌ မကောင်းသောစေတီ (ကောင်းမူးရာ်န်း)တစ်ဆူကို တည်ထားခဲ့သည်။
အင်းဝဘုရင့်ရဲမက်တို့၏ စခန်းချသည့် နမ့်ဆန်မြို့နယ်၊ ဟူမန်းကျေးရွာ၏ မြောက်ဘက်ရှိ ကုန်းသာရွာသည် ယခုထက်တိုင် ဒေသခံ တအန်းလူမျိုးတို့သည် ထိုကျေးရွာကို ရော့ဗရန်း(ဗမာကျေးရွာ) ဟုခေါ်ဆိုနေကြောင်း သိရသည်။ တာကျက်ကျေးရွာအလယ်တွင် အထက်ပါမကောင်းသော ထိုစေတီ၏ အောက်ဖက် ပေ(၁၀၀)ကျော်အကွာ၌ တွေ့ရှိရသော အုတ်ဂူသည်လည်း အအိုင်မန်းဘုန်း၏ အုတ်ဂူဖြစ်ကြောင်း သိရသည်။
အိုင်မန်းဘုန်း၏ ကြင်ယာတော် အင်းဝဘုရင်သမီးတော်ကို မန်ကောဝ်ထာကျက်ရွာနှင့် မန်တုန်မြို့အကြားတွင် ကွယ်လွန်အနိစ္စ ရောက်ရ၍ ထိုနေရာပင် မြေမြှပ်သင်္ဂြိုလ်သဖြင့် ယနေ့ထက်တိုင် ဗမာမြှပ်ရွာ(ခ) မန်ဆန့်ရွာဟု အစွဲပြုခေါ်ဆိုနေခြင်း တွေ့ရသည်။ ထာကျက်ရွာလယ်တွင် မကောင်းသော ထိုစေတီကိုလည်း ရွာသားများက ဖြိုဖျက်ပစ်ပြီး စေတီတော်အသစ်တစ်ဆူ ထပ်မံတည်ထားကိုးကွယ်ပြီး ဖြစ်ကြောင်း သိရသည်။ အလားတူ ဤကဲ့သို့သော လုပ်ရပ်မျိုးတွင် ယခုခေတ်တွင် ဗမာစစ်အစိုးရများကလည်း ဆက်လက် စွဲကိုင်ကျင့်သုံး နေဆဲဖြစ်ကြောင်း တွေ့မြင်နေရသေးသည်။
သာဓကအားဖြင့် နဝတလက်ထက်တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ အထက်တအန်း မန်လွယ်ကျေးရွာထိပ်ရှိ စေတီတစ်ဆူ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုန်မြို့နယ်၊ မြို့ဉီး ဘုန်းကြီးကျောင်းဝင်းရှိ စေတီတစ်ဆူနှင့် ဆိုင်းလိန်ကျေးရွာအုပ်စု၊ ပြင်လုံကျေးရွာ၊ နောဂျား (ကောင်းဆုံ) တောင်ပေါ်ရှိ စေတီတစ်ဆူစသည့် တည်ထားသော စေတီများ အားလုံးကို ဌာပနာထည့်သွင်းရာတွင် သက်ဆိုင်ရာ ဒေသခံလူကြီးများ သိခွင့်မရှိခြင်း၊ ထီးတော်ကို မွန်းလွဲပိုင်းမှ တင်ခြင်း စသည့် ဗုဒ္ဓဘာသာဝိနည်းတော်နှင့် မညီညွှတ်သော လုပ်ရပ်များ တွေ့ရသည့်အပြင် နမ့်ဆန်မြို့နယ် ဟိုလကျေးရွာ၊ မန်တုန်မြို့နယ် ပန်ခါးကြီးကျေးရွာနှင့် နမ့်ခမ့်မြို့နယ် ပန်းဆေးကျေးရွာတို့ အသီးသီးသော လီဆူးနှင့် ခိုလှုံလီရှောတိုင်းရင်းသားတို့၏ ဗုဒ္ဓဘာသာခံယူပွဲမှ ဖြန့်ဝေသော ပလတ်စတစ် ဗုဒ္ဓရုပ်ပွားတော်များ၏ ဝမ်းဗိုက်တော်ထဲမှာ မကောင်းသော ညစ်ညမ်းသော အရာဝတ္တုများ ထည့်သွင်းထားသည်ကို လေ့လာတွေ့ ရှိခဲ့ရလေသည်။
ထိုထက်စောသော လုပ်ရပ်မျိုးကို ၁၉၉၂ ခုနှစ်၊ မတ်လတွင် ကွန်းလုံမြို့ အခြေစိုက် ရှေ့တန်းအမှတ် (၃၁၂)ခြေလျင်တပ်ရင်းက တာဝန်ဖြင့် မန်တုန်မြို့နယ်၊ ဆိုင်းလိန်ကျေးရွာအုပ်စု၊ ပြင်လုံ (နဝရတ်)တွင် စခန်းထိုင်နေစဉ်အတွင်း ဆိုင်းလိန်းကျေးရွားအုပ်စု၊ မုံးခကျေးရွာအုပ်စု၊ မန်ကောဝ်ကျေးရွာအုပ်စုနှင့် နမ့်ခမ်းမြို့နယ် လွယ်ဟွမ် (ငေါ့ခိုက်) ကျေးရွာအုပ်စုအတွင်းရှိ တအန်းကျေးရွာများအား ကိုးကွယ်ရန် ဖြန့်ဝေပေးခဲ့သော ပလတ်စတစ် ဗုဒ္ဓရုပ်ပွားတော်များတွင်လည်း အထက်ပါအတိုင်း တွေ့မြင်ခဲ့ရခြင်းပင် ဖြစ်သည်။
မန်တုန်မြို့၊ မြို့ဉီးဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စေတီကို PSLA(ငြိမ်းချမ်းရေးအဖွဲ့က) ငွေကုန်ကြေးကျခံပြီး နမ္မတူ-ဘော်တွင်းမှ ဗမာဘုန်းကြီးတစ်ပါးက အစမှအဆုံးအထိ ကြီးကြပ်၍ တည်ထားသော စေတီဖြစ်နေသောကြောင့် ထီးတော်မတင်မီ တစ်ရက်အလို မွန်းလွဲပိုင်းတွင် ထီးတော်ကြီးကို ထီးတော်တင်သည့် ပုံစံအတိုင်းကဲ့သို့ အစမ်းတင်ခဲ့သည်။
ထီးတော် အစမ်းတင်ခြင်း ကိစ္စအဝဝ ပြီးဆုံးသောအခါမှ အခင်းအကျင်း မထားရှိဘဲ မြေပြင်ပေါ်၌ ပြန်လည်ဖြုတ်ချထား၍ ထိုကဲ့သို့ ထီးတော်အစမ်းတင်ခြင်းက အတည်ဖြစ်သည်ဟု ကျမ်းဂန်က ဆိုထားသောကြောင့် ဤစေတီတော်လည်း မွန်းလွဲပိုင်းတွင် ထီးတင်သော စေတီဖြစ်သည်။ စေတီပုထိုးများသည် မင်္ဂလာရှိသော မနက်ပိုင်းအချိန်ခါသာ တင်လေ့ရှိ၍ အမင်္ဂလာဖြစ်သော မွန်းလွဲပိုင်း အသုဘအချိန်ခါကို မည်သည့်အခါမှီ တင်ရိုးထုံးစံမရှိကြောင်း ဗုဒ္ဓကျမ်းဂန်က ဆိုထားသည်။
၂၀၁၄ ခုနှစ်၊ ဧပြီလ ပတ်ဝန်းကျင်ခန့်တွင် မန်တုန်မြို့နယ်၊ စက်တော်ရိုလိုင်း ရွှေစက်တော်ဘုရား တောင်ထိပ်၌ နမ္မတူဘော်တွင်းမှ စစ်မှုထမ်းဟောင်းတစ်ဉီးက အထက်ပါ ရည်ရွယ်ချက်အတိုင်း အမြင့်လေးပေခန့် အရွယ်ဂြိုလ်နှိမ်နံနှိမ်သော စေတီတစ်ဆူကို လာရောက်တည်ထားကြောင်း၊ ထိုစေတီကို ဒေသခံလူထုများက သတင်းကြားလျှင် ကြားချင်းတက်ရောက်ရိုက်ခွဲ ဖျက်ဆီး၍ ဓာတ်ပုံမှတ်တမ်းရိုက်တင်ထားကြောင်း သိရသည်။ ထိုစေတီငယ်၏ အပြင်ဘက်မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက်လေးမျက်နှာတွင် “ဒု၊ သ၊ န၊ သော” ဟု တစ်လုံးစီ ရေးသားပြီး အတွင်းဘက်မှာ စေတီအူလည်တိုင် (ပိန္နဲတိုင်)ကို ကြေးခွက်ခံ၍ သုံးတောင်ခန့်ရှည်သော ဝါးနု (အရွယ်မထွက်သေးသောဝါး)ဖြင့် အသုံးပြီး ဗုဒ္ဓဆင်းတုတော် အချို့နှင့်အတူ တအန်း(ပလောင်) လူမျိုးတို့၏ နံတူဂြိုလ်တူသော ကျောက်ပုလဲ၊ နားဆွဲ (ပလေ)စသည့် (၉) ဂဏာန်း ပစ္စည်းများကို ထိုကြေးခွက် ဘေးပတ်ပတ်လည်တွင် ဌာပနာထားကြောင်း တွေ့ရသည်။
အထက်ပါ ခေတ်အဆက်ဆက်မှ သက်သေအထောက်အထားများအရ တအန်းလူမျိုးများကို တိုးတက်ဖွံ့ဖြိုးမှု အလျဉ်းမရှိစေဘဲ အောက်ကျ နောက်ကျ နေထိုင်သွားရန်၊ အေးချမ်းသာယာမှု မရှိစေရန်နှင့် ကမ္ဘာမြေပေါ်တွင် တအန်းလူမျိုးများ ပျက်ပြုန်းသွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဗုဒ္ဓဘာသာကို လက်နက်သဖွယ် အသုံးချပြီး ဓာတ်ရိုက်ဓာတ်ဆင် ဂြိုလ်နှိမ် နံနှိမ် အောက်လမ်းနည်းဖြင့် တိုက်ခိုက်နေခြင်းကို ဗုဒ္ဓဘာသာပင်များ အနေဖြင့် အထူးပင် ဝမ်းနည်းဖွယ်ရာ တွေ့မြင်ကြရပေသည်။
မိုင်းအိုက်ကော်
History of Ta'ang
ရှမ်းမြောက်ဒေသနှင့် EAOs သမိုင်းလေ့လာစုစည်းနေသူ
MMSL Tsa Lum
15/5/2026
Crd to မိုင်းအိုက်ကော် ( မူရင်းစာရေးသူ )


0 Comments