About Me

header ads

ဗိုလ်မှူးချုပ်ကျော်ဇော

 ဗိုလ်မှူးချုပ်ကျော်ဇောဟာ
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနဲ့ ပြည်တွင်းစစ်သမိုင်းမှာ
အရေးပါတဲ့ ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်သလို
ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ စစ်ရေးခေါင်းဆောင်တစ်ဦးလည်း
ဖြစ်ခဲ့ပါတယ်..။

သူ့ကို ၁၉၁၉ ခုနှစ် ၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ
သာယာဝတီခရိုင် ၊ သုံးဆယ်မြို့ ဆိုင်းစုကျေးရွာမှာ မွေးဖွားမြင်ခဲ့ပြီး
ငယ်မည်ကတော့ မောင်ရွှေလို့ခေါ်ပါတယ်...။

သူဟာ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေစဉ်အတွင်း
သခင်ကိုယ်တော်မှိုင်းရဲ့ မျိုးချစ်စိတ်ဓာတ်လှုံ့ဆော်မှုတွေ ၊
တို့ဗမာအစည်းအရုံးရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်
နိုင်ငံရေးလောကထဲကို ဝင်ရောက်ခဲ့ပါတယ်။

အဲဒီနောက် ဗြိတိသျှနယ်ချဲ့ကို လက်နက်ကိုင်တော်လှန်ဖို့အတွက်
ဂျပန်နိုင်ငံမှာ စစ်ပညာသွားရောက်သင်ကြားခဲ့တဲ့ ရဲဘော်သုံးကျိပ်ထဲမှာ
သူဟာ အသက်အငယ်ဆုံး ရဲဘော်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ပြီး
ဗိုလ်ကျော်ဇော် ဆိုတဲ့ အမည်ကို ခံယူခဲ့ပါတယ်။

ဗိုလ်ကျော်ဇော်ဟာ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)
ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) တို့မှာ စစ်ဗိုလ်တစ်ဦးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၄၅ ခုနှစ် ဂျပန်တော်လှန်ရေးမှာတော့
တိုင်း (၄) (ပဲခူး၊ ဟံသာဝတီ၊ အင်းစိန်) ရဲ့ တိုင်းမှူးအဖြစ်
တာဝန်ယူခဲ့ပါတယ်...။

လွတ်လပ်ရေးရပြီးနောက်
ပြည်တွင်းစစ်မီး တောက်လောင်ချိန်မှာတော့
ဗိုလ်ကျော်ဇောဟာ ဗမာ့တပ်မတော်ရဲ့ ထိပ်ပိုင်းစစ်ရေးခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်...။

ပြီးတော့ ပြည်တွင်းစစ်ကာလအတွင်း
ကရင်အမျိုးသားလက်နက်ကိုင် (KNDO) တွေ သိမ်းပိုက်ထားတဲ့
အင်းစိန်စစ်မျက်နှာကို ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်ရာမှာ
အဓိကကွပ်ကဲခဲ့သူဖြစ်လို့ "အင်းစိန်သူရဲကောင်း" ဆိုပြီး
လူသိများခဲ့ပါတယ်...။

နောက်ပြီး ကွန်မြူနစ်တွေ ထိန်းချုပ်ထားတဲ့
မန္တလေးမြို့ရဲ့ ဘုရင်ခံ အိမ်တော်သိမ်း တိုက်ပွဲနဲ့
အထက်ဗမာပြည် ပြန်လည်ထိန်းချုပ်ရေး တိုက်ပွဲတွေကိုလည်း
ဗိုလ်ကျော်ဇောဟာ ဦးဆောင်ခဲ့သူပါ...။

ဒီလို သူ့ရဲ့ စစ်ရေး စွမ်းဆောင်ရည် ကောင်းမွန်မှုတွေကြောင့်
ဦးနုအစိုးရက ဗိုလ်မှူးချုပ်ရာထူးကို တိုးမြှင့်ပေးခဲ့ပါတယ်..။

ဗိုလ်မှူးချုပ်ကျော်ဇော်ရဲ့
သမိုင်းဝင်အပြောင်မြောက်ဆုံး စစ်ဆင်ရေးကတော့
ရှမ်းပြည်နယ်အတွင်းကို ကျူးကျော်ဝင်ရောက်လာတဲ့
ကူမင်တန် (တရုတ်ဖြူ) တပ်တွေကို တိုက်ထုတ်နိုင်ခဲ့တဲ့
"ဘုရင့်နောင် စစ်ဆင်ရေး " နဲ့ "ရန်ကြီးအောင် စစ်ဆင်ရေး" တွေပဲ
ဖြစ်ပါတယ်..။

ဒါကြောင့် ဗိုလ်မှူးချုပ်ကျော်ဇော်ဟာ
စစ်သားတွေကြားမှာတင်မကဘဲ ပြည်သူလူထုကြားမှာပါ
အလွန်ရေပန်းစားပြီး ကြည်ညိုလေးစားခြင်းခံရတဲ့
ဗိုလ်မှူးချုပ်တစ်ဦး ဖြစ်လာခဲ့ပါတယ်...။

ပြီးတော့ ဗိုလ်မှူးချုပ်ကျော်ဇာဟာ
ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်းတွေနဲ့
ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသလို ၊ "လက်ဝဲယိမ်း အမျိုးသားရေးအမြင်" ရှိသူ
အဖြစ်လည်း တပ်ထဲမှာ နာမည်ကြီးပါတယ်...။

ဒါပေမယ့်လည်း ၁၉၄၈ - ၅၀ ခုနှစ် ကာလတွေမှာ
ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာတော့
အစိုးရတပ်ဘက်ကနေ ဦးဆောင်ပြီး ကွန်မြူနစ်တွေကို တိုက်ခဲ့တဲ့သူပါ..။

၁၉၅၀ ခုနှစ်နှောင်းပိုင်းမှာတော့
စစ်တပ်အတွင်းမှာ နိုင်ငံရေးအမြင်မတူမှုကြောင့်
အုပ်စုကွဲမှုတွေ ဖြစ်လာခဲ့ပါတယ်...။

အထူးသဖြင့် ဗိုလ်ချုပ်နေဝင်းဟာ
"လက်ဝဲယိမ်း စစ်အရာရှိ" တွေကို သံသယထားလာခဲ့တာပဲ
ဖြစ်ပါတယ်..။

ဒါကြောင့် ၁၉၅၇ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့
ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက် (အထူးသဖြင့် ကွန်မြူနစ်တပ်တွေဆီကနေ သိမ်းဆည်းရမိတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေမှာ ဗိုလ်မှူးချုပ်ကျော်ဇော နာမည်ပါဝင်နေမှု) နဲ့ ဗိုလ်ချုပ်နေဝင်းက ဗိုလ်မှူးချုပ်ကျော်ဇောကို တပ်မတော်ကနေ အဓမ္မ အနားပေးခဲ့ပါတယ်..။

တပ်ကနားပြီးနောက် ဗိုလ်မှူးချုပ်ကျော်ဇောဟာ
ရန်ကုန်မှာ အရပ်သားတစ်ဦးအဖြစ် စောင့်ကြည့်ခံဘဝနဲ့
နေထိုင်ခဲ့ရပါတယ်။

၁၉၇၆ ခုနှစ်မှာတော့ သူဟာ ရန်ကုန်ကနေ
လျှို့ဝှက်စွာ ထွက်ခွာသွားခဲ့ပြီး
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ရဲ့ ဌာနချုပ်ရှိရာ
ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း (ပန်ဆန်း) မှာ တောခိုခဲ့ပါတော့တယ်..။

ဗိုလ်မှူးချုပ်ကျော်ဇော တောခိုသွားချိန်မှာ
အသက် (၅၇) နှစ် ဝန်းကျင်ရှိနေပါပြီ...။

အဲဒီနောက် သူဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့
ဗဟိုကော်မတီဝင် နဲ့ စစ်ရေးကော်မရှင် အဖွဲ့ဝင် ဖြစ်လာပြီး
ဗိုလ်ချုပ်နေဝင်းရဲ့ တပ်တွေကို ပြန်လည်တိုက်ခိုက်ရာမှာ
စစ်ရေးဗျူဟာတွေ ချမှတ်ပေးခဲ့ပါတယ်...။

ထိုအချိန်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့
တိုက်ခိုက်ရေး အင်အားစုဟာ
ဌာနေ တိုင်းရင်းသား (ဝ ၊ ကိုးကန့် ၊ မိုင်းလား) တွေ အပေါ်မှာ
အခြေပြုထားခဲ့တာပါ...။

ဒါပေမယ့် ပါတီရဲ့ ခေါင်းဆောင်ပိုင်းမှာတော့
ပြည်မက ဗမာလူမျိုး နိုင်ငံရေးသမားဟောင်းကြီးတွေက
ဦးဆောင် ကွပ်ကဲပြီး အမိန့်ပေးတာကြောင့်.... တိုင်းရင်းသားတွေဟာ
စနစ် (ကွန်မြူနစ်) ထက်... အမျိုးသားရေးဆိုင်ရာ မကျေနပ်မှုတွေ
ရှိလာခဲ့ပါတယ်။

ဒါကြောင့်ပဲ ၁၉၈၉ ခုနှစ်မှာ
ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ လက်အောက်ခံ
တိုင်းရင်းသားတပ်တွေဟာ ပါတီရဲ့ ဗဟိုခေါင်းဆောင်ပိုင်းတွေကို
စတင် ပုန်ကန်ခဲ့ကြပါတော့တယ်..။

မူရင်းပို့စ်အတွက်ဤနေရာကိုနှိပ်ပါ

Post a Comment

0 Comments