ထိုင်းကနေ ပြည်ပကို လေယာဉ်နဲ့ သွားမယ့်သူများ လေဆိပ်ခွန် ၁,၁၂၀ ဘတ်အထိ ပေးရတော့မယ်
ထိုင်းနိုင်ငံ
လေဆိပ်များ အာဏာပိုင်အဖွဲ့ (AOT) ဟာ သူတို့စီမံခန့်ခွဲနေတဲ့ လေဆိပ် ၆
ခုမှာ နိုင်ငံတကာခရီးသည် ဝန်ဆောင်မှုအခွန် (PSC) ကို လက်ရှိပေါက်ဈေး
အမေရိကန်ဒေါ်လာ ၃၄.၇ ဝန်းကျင် (ထိုင်းဘတ်ငွေ ၁,၁၂၀ ဘတ်) အထိ
တိုးမြှင့်ကောက်ခံသွားမယ်လို့ ကြေညာလိုက်ပါတယ်။
ဒီပြောင်းလဲမှုကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ ကစပြီး ကျင့်သုံးသွားမှာဖြစ်ပါတယ်။
ဒီနှုန်းထားသစ်က အောက်ပါ လေဆိပ် (၆) ခုကနေ ပြည်ပထွက်ခွာမယ့် နိုင်ငံတကာ ခရီးသည်တွေအပေါ်မှာပဲ သက်ရောက်မှာ ဖြစ်ပါတယ် -
သုဝဏ္ဏဘူမိလေဆိပ်
ဒွန်မောင်း နိုင်ငံတကာလေဆိပ်
ချင်းမိုင်း နိုင်ငံတကာလေဆိပ်
မယ်ဖာလုံ ချင်းရိုင် နိုင်ငံတကာလေဆိပ်
ဖူးခက် နိုင်ငံတကာလေဆိပ်
ဟိုက်ရိုင် နိုင်ငံတကာလေဆိပ်
ပြည်တွင်းခရီးစဉ်တွေအတွက်ကတော့
အစိုးရရဲ့ ပြည်တွင်းခရီးသွားလာရေး မြှင့်တင်မှု မူဝါဒအရ အရင်အတိုင်းပဲ
တစ်ဦးကို ၁၃၀ ဘတ်ပဲ ဆက်လက်ကောက်ခံသွားမှာ ဖြစ်ပါတယ်။
AOT
ရဲ့ ဥက္ကဋ္ဌဖြစ်သူ Pawina Jariyathitipong ကတော့ ဒီတိုးမြှင့်မှုဟာ
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က
မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ အတည်ပြုချက်ရရှိခဲ့ပြီး ICAO ရဲ့
နိုင်ငံတကာစံနှုန်းတွေနဲ့လည်း ကိုက်ညီတယ်လို့ ဆိုပါတယ်။
ဒီနှုန်းထားသစ်ဟာ
ပွင့်လင်းမြင်သာမှု၊ ကုန်ကျစရိတ် ညီညွတ်မျှတမှု၊
ခွဲခြားဆက်ဆံမှုမရှိခြင်းနဲ့ သက်ဆိုင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်း စတဲ့
အခြေခံမူတွေပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။
PSC
ဆိုတာ အခွန်အကောက်တစ်ခု မဟုတ်သလို အမြတ်ထုတ်ဖို့ ရည်ရွယ်တာလည်း မဟုတ်ဘဲ၊
လေဆိပ်နဲ့ပတ်သက်တဲ့ လုပ်ငန်းလည်ပတ်မှုတွေနဲ့ အခြေခံအဆောက်အအုံ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့် အသုံးပြုသွားမှာဖြစ်တယ်လို့လည်း သူက
အလေးအနက် ပြောကြားခဲ့ပါတယ်။
AOT
ရဲ့ အဆိုအရ တိုးကောက်လို့ ရလာမယ့် ဝင်ငွေတွေကို သုဝဏ္ဏဘူမိလေဆိပ်က SAT-1
ဂြိုဟ်တုဂိတ် စီမံကိန်း၊ ဒွန်မောင်းလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေနဲ့
Check-in ဝင်တဲ့အခါ စောင့်ဆိုင်းရချိန်ကို လျှော့ချပေးပြီး
ခရီးသည်တွေအတွက် ပိုကောင်းတဲ့ ဝန်ဆောင်မှုပေးနိုင်မယ့် CUPPS စနစ်
တိုးချဲ့ရေးတို့မှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။
စစ်တမ်းတွေအရ
ခရီးသည်အများစုက ဒီနှုန်းထားသစ်ဟာ သင့်တင့်မျှတတယ်လို့ ယူဆကြပြီး
ခရီးသွားလာမှု ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့
လေဆိပ်အော်ပရေတာဘက်က ဆိုပါတယ်။
လေကြောင်းလိုင်းတွေကလည်း
ဒီပြင်ဆင်ချက်ကို ထောက်ခံထားကြပြီး ဝန်ဆောင်မှုအရည်အသွေးကို
ဆက်လက်တိုးတက်အောင် လုပ်ဆောင်ဖို့တော့ AOT ကို တိုက်တွန်းထားကြပါတယ်။
ရေရှည်
လုပ်ငန်းလည်ပတ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်တွေကို
ပံ့ပိုးပေးဖို့၊ ဘေးကင်းလုံခြုံရေး စံနှုန်းတွေ မြှင့်တင်ဖို့နဲ့
ကမ္ဘာ့အဆင့်မီ လေဆိပ်တွေနဲ့အတူ ဒေသတွင်း လေကြောင်းအချက်အချာကျတဲ့
နေရာတစ်ခုဖြစ်လာစေမယ့် ထိုင်းနိုင်ငံရဲ့ ရည်မှန်းချက်ကို အားဖြည့်ပေးဖို့
အခုလို တိုးမြှင့်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ကျနော်တို့
ချင်းမိုင်းကနေ ပြည်ပထွက်မယ့်သူတွေလည်း လာမယ့် ဇွန်လ ၂၀ ရက်နေ့ကစပြီး
ဒီလေဆိပ်ခွန် ပြောင်းလဲမှုကို သတိပြုနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။


0 Comments