ပလောင်သမိုင်း အပိုင်း (၁၁)
လက်ဖက် စတင် စိုက်ပျိုးခြင်း
တအန်းလူမျိုးတို့နှင့် လက်ဖက်ကို ခွဲခြားမရသည့် အကြောင်းရင်းမှာ တအန်းလူမျိုးတို့၏ အဓိက အသက်မွေးဝမ်းကျောင်း၊ လုပ်ငန်းသည် လက်ဖက်စိုက်ပျိုးရေးလုပ်ငန်ဖြစ်၍ ဤလက်ဖက်လုပ်ငန်းကို လွန်ခဲ့သော ခရစ်နှစ် ၈၁၅ ခုနှစ်မှ စတင်စိုက်ပျိုးခဲ့သဖြင့် နှစ်ပေါင်း (၁၂၀၀) ခန့်က လုပ်ကိုင် စားသောက်လာခဲ့သောကြောင့် ဖြစ်၏။
တချို့သော သမိုင်းပညာရှင်များ၏ အယူအဆမှာ တအန်းလူမျိုးတို့သည် မြောက်ဖျား၊ မွန်ဂိုကုန်းမြင့်ဒေသမှ ပြောင်းရွှေ့လာပြီး၊ တာလိဖုအိုင်ပတ်ဝန်းကျင် တောင်ကုန်းတောင်တန်းပေါ်တွင် အခြေချ နေထိုင်စဉ်ကလက်ဖက်ကို စတင်တွေ့ရှိပြီး ပထမဦးဆုံး စတင်စိုက်ပျိုးခဲ့ကြကြောင်း ဖော်ပြကြသည်။ သို့သော် တာလီဖုအိုင်မှယခုလက်ရှိ အခြေချနေထိုင်ရာ အရပ်ဒေသအထိ တအန်းလူမျိုးတို့ကို ပြောင်းရွှေ့မှုသမိုင်းသည် နှစ်ပေါင်း(၄၀၀၀) နီးပါးမျှ ကြာညောင်း၍ ဤအဆိုမှာမဖြစ်နိုင်ချေ။
လက်ဖက်စိုက်ပျိုးသုံးစွဲမှုသမိုင်းကို တရုတ်သမိုင်း မန်ချူးကျမ်း၌ ခရစ်နှစ် ၈၃၆ ခုနှစ်ဟု ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရသဖြင့် တအန်းလူမျိုးတို့သည် ကုန်းမြင့်ပိုင်းဒေသသို့ ပြန်လည် တက်ရောက်အခြေချသည့် အေဒီ (၈) ရာစု အစောပိုင်းကာလမှ စတင်စိုက်ပျိုးခဲ့ခြင်းသာ ဖြစ်နိုင်သည်။
အေဒီ (၇) ရာစုခန့်က တအန်းလူမျိုး အများစုတို့သည် တီဗက်ဗမာအနွယ်ဝင် ဗမာလူမျိုးစုများ၊ ဝင်ရောက်ပြီး ပုဂံနိုင်ငံမထူထောင်မီ အစောပိုင်းကာလတွင် မြန်မာပြည် အောက်ပိုင်းဒေသကို စွန့်ခွာ၍ အထက် မြန်မာပြည် ယောနယ်၊ စစ်ကိုင်း၊ အင်ဝ၊ မန္တလေး အောင်ပင်လယ်ရပ်၊ ပုသိမ်ကြီး၊ စဉ့်ကိုင်းစဥ့်ကူး၊ မတ္တရာနှင့် သပိတ်ကျင်း အရပ်ဒေသများတွင် အခြေချနေထိုင်စဉ်ကာလက တချို့အနည်းငယ်သော တအန်းမျိုးနွယ်စု များသည် ယောနယ်ဒေသမှတဆင့် ချင်းတွင်းမြစ်အတိုင်း ဆန်တက်ပြီး အိန္ဒိယနယ်စပ် အာသံဒေသနှင့် ချင်းတွင်း မြစ်ညာဒေသသို့ ဝင်ရောက်အခြေချ၍ တခြားလူမျိုးများနှင့် ရောနှောကာယခုအခါတွင် ထိုလူမျိုးများသည် လုံးပျောက်ကွယ်သွားပြီး ဖြစ်သည်။ ထိုအုပ်စုသည် လက်ဖက်ကိုရှေးဦးစွာ တွေ့ရှိခဲ့ သူများ ဖြစ်ဟန်တူသည်။
တအန်းလူမျိုးတို့သည် ဗန်းမော်မြို့နှင့် မြစ်ကြီးနားမြို့၏ အရှေ့ဘက်ခြမ်း၊ တောင်ကုန်းတောင်တန်း၊ ကန်ပိုက်တီး၊ ပန်းဝါ၊ ဆဒုံ-ဆမား၊ဂေါ်ရီ၊ ဧရာဝတီမြစ်နှင့် ရွှေလီမြစ်ကြား၊ တာပိန်မြစ်ဝှမ်းနှင့် ရွှေလီမြစ်ဝှမ်းကြား၊ အထက်ပိုင်းဒေသ တရုတ်ပြည် မိန်းနာ(ခ)ရင်ကျ့န်၊ မိန်းတီး(ခ) လိုင်ဟော၊ ထိန်ချုန်း၊လုံးလင်၊ မိန်းဝမ်း(ခ)လုံချွမ်၊ မန့်ရှီ၊ ပေါဝ်ရှန် (Baohan) နှင့် မိန်းမော(ခ)ရွှေလီဒေသများသို့ ဝင်ရောက် အခြေချပြီး၊ နေမင်းနိုင်ငံတော် ထူထောင်ပြီး နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အာသံဒေသနှင့် မြန်မာနိုင်ငံ၊ ချင်းတွင်းမြစ်ညာဒေသ သို့ ဝင်ရောက် အခြေချပြီးသော ထိုဒေသရှိ တအန်းလူမျိုးအချို့နှင့် မွန်းခမာ မျိုးနွယ်စုများတို့နှင့် ကူးလူးဆက်ဆံသွားလာရင်း သို့တည်းမဟုတ် အာသံဒေသမှ ထပ်မံပြောင်းရွှေ့လာကြသော တအန်းလူမျိုးထံမှ အာသံလက်ဖက်မျိုးစေ့ကို ရခဲ့ခြင်းဖြစ်သည်ဟု ယေဘုယျအားဖြင့် ယူဆနိုင်သည်။
ဤဒေသသည် နောင်တွင် တရုတ်တို့က ချရှန် (cha-Shan) ခေါ် လက်ဖက်တောင်ဟု ခေါ်ဆိုသိကြလာ သည်အထိ လက်ဖက်စိုက်ပျိုးရေးလုပ်ငန်း ထွန်းကားခဲ့ခြင်း ဖြစ်သည်။ လက်ဖက်သည် အရှေ့တောင်အာရှတွင် စတင်ဖြစ်ထွန်းပြီး အရသာက ခါးသော အပင်မျိုး ဖြစ်သည်။
တရုတ်က (Cha) သင်္ကေတဖြင့် ရေးသည်။
(ဖုကိန် Fukie၊nအသံထွက် တေ Te ဖြစ်သည်) “လက်ဖက်” ဟူသော ဝေါဟာရသည် တိဗက်ဗမာ (Tibto-Burman) ဖြစ်သည့် လောလော (Lolo)လူးမျိုးနှင့် လီဆူး (Lisu) လူမျိုးနွယ်စုများက(ဂေါစထရိုင်အေရှစကား)၊ လက် (အရွက်)ကို ယူသုံးပြီး၎င်းတို့စကားဖြင့် ဖက်(ထုပ်စရာ) ကို နောက်က တွဲ၍ ထည့်လိုက်ခြင်းအားဖြင့် ဤအပင်၏နာမည်မှာ “လက်ဖက်” ဖြစ်လာရခြင်း ဖြစ်သည်။
လက်ဖက်ကို တအန်းလူမျိုးက ညိမ်း (ညျေဲမ်း)၊ မြိမ်း၊ (မျံမ်) နှင့် အညိုး (အညိူ)ဟု ဒေသအလိုက် ခေါ်ဆိုကြသည်။ တအန်းရူမိုင်းကလက်ဖက်ခြောက်ကို ညိမ် (ညျေဲမ်)အပြင် ယိုနှင့် ယိုခေါ့ (ယိူဝ်/ယိူဝ်ခေါ;) ဟုလည်း ခေါ်ဆိုကြသည်။ ခရစ်နှစ် ၈၁၅ ခုနစ်က တရုတ်အကြောင်းကို အနောက်နိုင်ငံ အပါအဝင် အာရပ်နိုင်ငံ များက ရေးသားဖော်ပြသည့်အခါ လက်ဖက် (Tea)ကိုပါ စတင်ဖော်ပြလာသည်။ ချရှန် (Ch?Shut)၊ လက်ဖက်
တောင်ဆိုသည့် နာမည်ကို မင်းခေတ် ခရစ်နှစ် ၁၃၆၈-၁၆၆၂ ခုနှစ်အတွင်းတွင် သုံးစွဲသည်။
တအန်းလူမျိုးတို့သည် ဘေးရန်ရှောင်ရင်း၊ တောင်ဘက်သို့ တဖြည်းဖြည်း ပြောင်းရွှေ့လာသောအခါ တရုတ်နိုင်ငံမှ ယခုမြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ထဲသို့ ဝင်ရောက်အခြေချ ရွှေ့ပြောင်းနေထိုင်ခြင်းနှင့်အတူပြန်လည် စိုက်ပျိုးသော လက်ဖက်စိုက်ခြင်းများကိုလည်း ရှေးယခင်က ခေါ်သကဲ့သို့ တောင်ပိုင်းဒေသအပါအဝင် တအန်းတို့ နေထိုင်ရာဒေသအားလုံးကို လက်ဖက်တောင်ဟု တရုတ်သမိုင်းဆရာတို့က ဆက်လက်ခေါ်ဆို၍ ခေါ်ဆိုနေကြ သည်။
ချရှန် (Cha-Shan)ခေါ် လက်ဖက်တောင်၏ မူလအစတွင် အေဒီ (ဂ) ရာစု အစောပိုင်းကာလခန့်က တအန်းလူမျိုးတို့၏ အာသံလက်ဖက်မျိုး စိုက်ပျိုးရာဒေသဖြစ်သော ဆဒုံ-ဆမားအရပ်မှ တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ တာပိန်မြစ်ဝှမ်းနှင့် ရွှေလီမြစ်ဝှမ်း အထက်ပိုင်းဒေသ မိန်းနာ (ခ) ရင်ကျန့် (ခ)ရင်ရှန် (Yin-Sheng) ၊ထိန်ချုန်း၊ မိန်းလုံ (ခ) လုံလင်း၊ မိန်းတီး (ခ) လိုင်းဟော၊ မိန်းဝမ်း (ခ) လှံချွမ်၊ မန့်ရှိ (ခ) မိန်းခေါန်ဒေသအထိ တောင်ကုန်းတောင်တန်းတို့ ဖြစ်သည်။ ဖန်ချို (Fan-Cho) ၏ ခရီးသွားမှတ်တမ်းအရ ခရစ်နှစ် ၈၆၃ ခုနှစ် နောက်ပိုင်းတွင် မန့်ရှီ (Mang She)ခေါ် မိန်းခေါန်နယ်မှတစ်ဆင့် တရုတ်ပဒေသရာဇ် လက်အောက်ခံ နန်ချောင် (Nan-Chao)နိုင်ငံ တာလိဖုရေအိုင် ပတ်ဝန်းကျင်တွင် စတင်စိုက်ပျိုးလာကြောင်း ဖော်ပြထားသည်။
ယနေ့ထက်တိုင် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်နှင့် ထိစပ်လျက်ရှိသော သောင်သွပ် (ဆောင်ဆွပ်) နယ်၊ မော်လိုက်နယ်အတွင်း ကောင်းခမ်းဒေသ၊ ကောယားဒေသများတွင်ရှေးပဝေဏီက တအန်းဘိုးဘွားများ စိုက်ပျိုးခဲ့သည်ဟုဆိုသော လက်ဖက်ခင်းများ မြောက်မြားစွာ ရှိနေသေးကြောင်း သိရသည်။
ယခုအခါတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တောင်ပိုင်း ဖူအယ် (Pu'er) မြို့သည် လက်ဖက်စိုက်ပျိုးမှု အများဆုံးမြို့ဖြစ်ပြီး လက်ဖက်ခြောက် အများဆုံး ထုတ်လုပ်သော မြို့ဖြစ်၍ တရုတ်နိုင်ငံ၏လက်ဖက်မြို့တော်ဟု တင်စားထားသည်။
သက်တမ်း (၂၇၀၀) နှစ် ရှိသော ကမ္ဘာ့လက်ဖက်ပင်ဧကရာဇ်သည်လည်း ကျင်းယွမ်တောင်ပေါ်တွင် ထိန်းသိမ်းမှု အပြည့်စုံဆုံးနှင့် ကာလအကြာဆုံးဖြစ်ပြီး ဧရိယာအကြီးဆုံးဖြစ်သော နှစ်ပေါင်း (၁ဝဝဝ) ကလူသားတို့ စိုက်ပျိုးခဲ့သည့် ရှေးဟောင်းလက်ဖက်ဥယျာဉ်တစ်ခုသည် ကျိန်မိုင်မန်ကျိန်အရပ်တွင်ရှိကြောင်း၊ ကမ္ဘာ့လက်ဖက် ခြောက်တို့၏ မူလပင်ရင်းမှာ ဖူအယ် (Puer ) လက်ဖက်ခြောက် မြို့တော်ဖြစ်ကြောင်းယူနန်ပြည်နယ်အစိုးရ၊ ပြန်ကြားရေးဌာနမှ ထုတ်ဝေသော မင်္ဂလာစာစောင်၊ ၂၀၁၀ ခုနှစ်၊ အမှတ်စဉ် ၅၊ စုစုပေါင်း အမှတ်စဉ်-၁၉၇ ထဲတွင် တရုတ်ပြည်၊ ယူနန်ပြည်နယ်ရှိ ဖူအယ်မြို့ပြဆောင်းပါးအရ သိရသည်။
တအန်းလူမျိုးများ၏ နေမင်းနိုင်ငံတော်ကို ကချင်လူမျိုးတို့၏ ဝင်ရောက်တိုက်ခိုက်ခံ၍ တအန်းလူမျိုးတို့ ထွက်ပြေး တိမ်းရှောင်သည့်နောက်ပိုင်းတွင် ထိုလက်ဖက်တောင်များသည် တောအဖြစ်ပြောင်းသွားသဖြင့် မူလ လက်ဖက်တောင်မှာ လုံးဝပျောက်ကွယ်သွားခဲ့ရသည်။ ယခုထက်တိုင် ဆဒုံ-ဆမားအရပ်ဒေသနှင့် လင့်ရှန်မြို့ တောင်ပေါ်ဒေသသည် လုံးပတ် (၁၀) ပေ အမြင့် (၅၀) ပေခန့် လက်ဖက်ပင်ကြီးများ ရှိနေသေးကြောင်း တွေ့ရ သည်။ မန်ရှီ(မိန်းခေါန်)ခရိုင်၊ ကျန်းတုံရွာတွင် နှစ်ပေါင်း (၁၀၀၀)မှ (၁၅၀၀)အထိ သက်တမ်းရှိလက်ဖက်ပင် ကြီးများ ရှိနေသေးသည်။
လင့်ရှန်မြို့ (Linshang) အရပ်ဒေသ၌ နေထိုင်သော တအန်းလူမျိုးနွယ်စုဝင် ပုလောင်း (ပုလံင်း)လူမျိုး များသည် ယနေ့ထက်တိုင် မြန်မာနိုင်ငံ တအန်းလူမျိုးများကဲ့သို့ (၁)နှစ်လျှင် တစ်ကြိမ်ဖြင့် လက်ဖက်ပင် စောင့်ရှောက်သော (ဝါ) ပေးကမ်းသော နတ်မင်းကြီး၏ ကျေးဇူးတော်ကို အောက်မေ့သောအားဖြင့်ပူဇော်ပသသော ပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည်။ ပုလောင်း (ပုလံင်း) တအန်းမျိုးနွယ်စုများကို ဆစ်ဆောင်ပိုင်နားခရိုင်၊ တရုတ်-မြန်မာနယ်စပ် မိုင်းလားတောင်ပေါ်ဒေသလည်း တွေ့ရသည်။
သို့သော် မြန်မာနိုင်ငံ၌မူ တအန်းလူမျိုးအချို့တို့က ဗမာဘုရင် အလောင်းစည်သူမင်း သို့မဟုတ်နရပတိ စည်သူမင်းတို့ ပေးအပ်သည်ဟူသော အယူအဆကို လွဲမှားစွာ ယုံကြည်နေကြဆဲ ဖြစ်သည်။ နမ့်ဆန် (လွယ်ပုံ) ဒေသတွင် လက်ဖက်ကို စတင်စိုက်ပျိုးလာပုံသမိုင်းကို အမျိုးမျိုးပြောဆိုရေးသားလာခဲ့ကြောင်း တွေ့ရသည်။
တချို့သောအဆိုက ဗမာဘုရင် ပုဂံခေတ် အလောင်စည်သူမင်း သို့မဟုတ် နရပတိစည်းပူမင်းတိုင်းခန်း လှည့်လည်းရင်း ပေါက်ရာဇမ္ဗူသပြေပင် မာလာယုကျွန်(မလေး နိုင်ငံ)သို့ ရောက်ရှိသွားစဉ်ဘီလူးမ တစ်ကောင် ထံမှ စကားဝါ (၉) ပိုင်းနှင့်အတူ နထိလကာ်ငှက်ကြီး၏ ဇလုတ်မှ ရရှိသော ဇမ္ဗူသပြေစေ့(ခ) နီလဘီဇရဿဝတီ နတ်သစ်စေ့များကိုအ တောင်မှကြီးအကဲ ဖြစ်သူ တားကျုံ၊ တားငွိုင်နှင့် တားဆိုင်မြော့တို့ထံသို့ ပေးသနားသည်ဟု ရေးသားထားသကဲ့သို့ လွယ်လုံပြည့်ရှင်မင်း (ဝါ) တောင်ပိုင်ပြည့်ရှင်မင်း ရွှေနန်းရှင် ရာမဓိမင်းလက်ထက်တော် တွင် မင်းကြီးကိုယ်တိုင် ယောနကတိုင်း (ရူမိုင်းတအန်းမျိုးနွယ်၏နေမင်းနိုင်ငံတော် ဖြစ်ဟန်တူသည်)သို့ ခရီး ကြွချီတော်မူပြီး ဗုဒ္ဓဒေသနာတော်နှင့်အတူ ပြည်သူပြည်သားများ၊ လုပ်ကိုင်းစားသုံးနိုင်ရန် နတ်သစ်စေ့ (နီလဗီဇ) လက်ဖက်စေ့များကို ယူဆောင်လာကြောင်း တွေ့ရပြန်သည်။
တောင်ပိုင်ပြည့်ရှင် ရာမဓိမင်းသည် မိမိတို့ တအန်းလူမျိုးတို့အား ကျေးဇူးတော်ပြုခဲ့သည်ဟူသော အစဉ် အလာယုံကြည်မှုရှိလာကြ၍ ယနေ့တိုင် “ယမဓိစဝ်ကေးစူး (သမာဓိ-ရာမဓိမင်း၊ စဝ်ကေးစူး = ကျေးဇူးတော်ရှင်) ဂုဏ်ပြုချီမွမ်း ပြောဆိုရေးသားထားမှုများကို တွေ့ရပြန်သည်။
အထက်ပါ အဆိုနှစ်ခုတွင် ဒုတိယအဆိုက ဖြစ်နိုင်ခြေ ပို၍ များ၏။ သို့သော် ခိုင်လုံမှု နည်းသည်။ ကတူး တအန်းမျိုးနွယ်စုသည် နောင်ချို၊ ကျောက်မဲ၊ သီပေါ (အုမ်းပေါဝ်) နှင့် ပန်လုံဒေသကို နေထိုင်စဉ်က လက်ဖက် စိုက်ခြင်း မရှိသေဘဲ တောင်ကုန်းတောင်တန်း ဖြစ်ကြသော လွယ်ဆိုင်၊ တောင်မ မိုက်တွန့်စမ်နှင့်နမ့်ဆန် (ခ) လွယ်လုံဒေသသို့ တက်ရောက်အခြေချနေထိုင်ပြီးနောက် ရူမျိုးနွယ်စုတို့ဌာနေ ရွှေသွားစော်ဘွားများ၏ နေမင်းနိုင်ငံတော်နှင့် ဆက်ဆံသွားရာမှ လက်ဖက်မျိုးစေ့ရခဲ့ခြင်း ဖြစ်ဟန်တူသည်။
ပထမပိုင်း နမ့်ဆန်မြို့သမိုင်းနှင့် တောင်ပိုင်းစော်ဘွားများသမိုင်းထဲမှ ပထမ မူလတောင်ပိုင်စော်ဘွားကြီး ခွန်ကောနှောဝေါင်း သို့မဟုတ် အငိုခွန်ကောနောပေါင်းသည် ရွှေသွားစော်ဘွားကြီး၏ ဒုတိယ သမီးတော် လွေးအီ ထိကညာ “မဟာရန္ဆီ” နှင့် လက်ထပ်ထိမ်းမြားကြောင်း ပါရှိသည်။ သို့ဖြစ်၍ လက်ထပ်ထိမ်းမြှားပြီး တောင်ပိုင်း လွယ်လုံဒေသသို့ အပြန်တွင် ရှေးသွားစော်ဘွားကြီးက သမက်တော်အား လက်ဖက်မျိုးစေ့ကိုပါ အမွေအဖြစ် ပေးအပ်ခဲ့ဟန်တူသည်။
တချို့သော တအန်းလူမျိုးအကြားတွင် အလောင်းစည်သူမင်းကြီး သော်လည်းကောင်း၊ နရပတီစည်သူ မင်းကြီးသော်လည်းကောင်း တအန်းလူမျိုးတို့အတွက် နမ့်ဆန်လွယ်လုံ၊ တောင်မဒေသလွယ်ဆိုင် (ပတ္တမြား) တောင်ပေါ်သို့တက်ပြီး ဇမ္ဗူသပြေ(နီလဗီဇ) စေ့ကို ပေးသနားသည်ဟု ဒဏ္ဍာရီဆန်သောသမိုင်းပုံပြင်များ ပြောဆို ရေးသားခဲ့သော်လည်း မြန်မာနိုင်ငံသမိုင်း အစောင်စောင်ထဲတွင် ဤသမိုင်းအချက်အလက်များကို ရေးသား ဖော်ပြထားခြင်း မတွေ့ရသကဲ့သို့ ရုက္ခဗေဒသဘောအရ ဇမ္ဗူသပြေစေ့ကနေလက်ဖက်ပင် ပေါက်နိုင်သည်ဟု ပြောဆိုမှုမှာလည်းလုံးဝမဖြစ်နိုင်ချေ။
ရှမ်းမြောက်ဒေသနှင့် EAOs သမိုင်းလေ့လာစုစည်းနေသူ
MMSL Tsa Lum
9/5/2026
Crd to မိုင်းအိုက်ကော် ( မူရင်းစာရေးသူ )


0 Comments